အလည်အပတ်ဗီဇာ ကိုင်ဆောင်ထားသော နိုင်ငံခြားသားများ တိုက်ခန်းအိမ်ရာ ငှားရမ်း
နေထိုင်ခြင်းကို စိစစ်တွေ့ရှိရပါက ငှားသူ နိုင်ငံခြားသားနှင့် ငှားရမ်းသည့် အိမ်ရှင်များကို
ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ် သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
"ရပ်ကွက်ထဲမှာ တိုးဗီဇာကိုင်ပြီး လာငှားနေလို့မရဘူး။ အိမ်ရှင်တွေမှာလည်း ပြဿနာ ရှိတယ်။
ကျွန်တော်တို့ လတိုင်းလိုက်စစ်နေ ပေမဲ့ အကုန်လုံးကို လိုက်မစစ်နိုင်လို့ သူတို့လွတ်နေတာ။
တိုင်တဲ့လူရှိရင်တော့ သွားစစ်ပါတယ်။ PR, Business visa နဲ့ဆို ရပ်ကွက်ထဲက အိမ်တွေမှာ
အိမ်ငှားနေလို့ ရတယ်။ အိမ်ရှင်တွေကလည်း ငှားခွင့်မရှိဘဲ နဲ့ ငှားရင် အိမ်ရှင်လည်း ပြဿနာရှိတယ်။
အိမ်ရှင်ကလည်း အိမ်ကို နိုင်ငံခြားသား မငှားခင် သူ ဘာဗီဇာနဲ့လာသလဲ ဆိုတာကို
တောင်းကြည့်ဖို့လိုအပ်တယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ အရ အလည်အပတ်ဗီဇာဖြင့် လာရောက်သော
နိုင်ငံခြားသားခရီးသွားများကို ဟိုတယ် များတွင်သာ တည်းခိုနေထိုင်ရန် ပြဋ္ဌာန်းထား ပြီးဖြစ်သော်လည်း
ထိုဥပဒေမှာ ဥပဒေ သက်သက်အဖြစ်သာရှိနေပြီး ဥပဒေသက်ရောက်မှုမရှိ ဖြစ်နေကြောင်း
နိုင်ငံခြားသားများကို အိမ်ခြံမြေဝန်ဆောင်မှုပေးနေသော အကျိုးဆောင်များက ဆိုသည်။
ထိုကဲ့သို့ နိုင်ငံခြားသားများကို ဟိုတယ်များတွင်သာ တည်းခိုခွင့်ပြုခြင်းမှာ နိုင်ငံခြားသားများ၏
လုံခြံုရေးအတွက်ဖြစ်ပြီး ယခုအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြောက်အမြား
၀င်ရောက်နေသည့်အချိန် ဖြစ်သောကြောင့် ထိုဥပဒေကို ပြန်လည် အသက်သွင်းရခြင်းဖြစ်ကြောင်း
ဦးဇော်အေးမောင်က ပြောသည်။
မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် လာရောက်နေထိုင်ကြသည့် နိုင်ငံခြားသား များ၏
လုံခြံုရေးနှင့် စီမံခန့်ခွဲမှုကိစ္စများ အတွက် ဟိုတယ်များတွင်သာ တည်းခိုခွင့်ပြု ထားသည်။
တည်းခိုသူ နိုင်ငံခြားသားများ၏ စာရင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများက
လူဝင်မှုကြီးကြပ်ရေးအဖွဲ့များ ကို ပုံမှန်စာရင်း ပေးပို့အကြောင်းကြားရသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။
ဧရိယာစတုရန်းမိုင်ပေါင်း ၃၀၆ မိုင် ကျယ်ဝန်းပြီး မြို့နယ်ပေါင်း ၄၅ မြို့နယ် ဖြင့် ဖွဲ့စည်းထားသည့်
ရန်ကုန်မြို့တော်၌ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ နိုင်ငံခြားသား များ အိမ်ငှားရမ်း နေထိုင်ခြင်းနှင့်
ပတ်သက် ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက် ဆိုင်ရာသို့ အချိန်မီ သတင်းပေးပို့ရန်
လိုအပ်သော်လည်း ပျက်ကွက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ဦးဇော်အေးမောင်က ဆက်လက် ပြောသည်။
"လူဦးရေ ခုနစ်သန်းကျော်၊ မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိတဲ့အတွက် ဘယ်ရပ်ကွက်၊ ဘယ်လမ်း၊
ဘယ်အိမ်မှာ နိုင်ငံခြားသား ငှားနေတာကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ လက်လှမ်းမမီနိုင်ကြဘူး။
ပွင့်ပွင့် လင်းလင်းပြောရရင် ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေလုပ်ရမယ့် အလုပ်တွေဖြစ်တယ်။
သူတို့ တွေဘက်က သတင်းပို့ဖို့လိုတယ်။ သူတို့ သတင်းပို့မှ ကျွန်တော်တို့က သွားပြီးစစ်ဆေး
ရတယ်။ ဗီဇာနဲ့လာတဲ့လူက သက်ဆိုင်ရာ ဟိုတယ်တွေမှာပဲ တည်းခွင့်ရှိတယ်။ တည်းခို ခန်းတောင်
တည်းခွင့်မရှိဘူး။ ဒီလိုကန့်သတ် ထားတာကလည်း သူတို့ရဲ့လုံခြံုရေး၊ စီမံခန့်ခွဲမှုလိုအပ်ချက်အရ
တားမြစ်ထားတာပါ"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ ဗီဇာအမျိုးမျိုး ဖြင့် လာရောက် အလုပ်လုပ်ကိုင်သူများ၊ လာရောက်လည်ပတ်သူများ
တစ်နေ့တခြား များပြားလာပြီး ပြည်တွင်းဟိုတယ်ခနှုန်းထား များ ကြီးမြင့်လာသည့်အတွက်
အချို့ နိုင်ငံခြားသားများမှာ လူနေရပ်ကွက်အတွင်း ရှိ တိုက်ခန်းများ၊ ကွန်ဒိုများ၊ အိမ်ရာများကို
တစ်ဦးချင်းသော်လည်ကောင်း၊ နှစ်ဦးသုံးဦး စုစည်း၍သော်လည်းကောင်း ပူးပေါင်း ငှားရမ်းနေထိုင်မှု
တဖြည်းဖြည်း များပြား လာနေကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
"ဟိုတယ်တွေရဲ့ အခန်းတစ်ဝက်လောက် က အခန်းလွတ်တွေပါလို့ ဟိုတယ်ဝန်ဆောင် မှုအသင်းက
ဒီရက်ပိုင်းထဲမှာပဲ ထုတ်ပြန် ထားတယ်။ မြန်မာနိုင်ငံကို အလည်အပတ် လာတဲ့ နိုင်ငံခြားသားတွေ
အရင်ကထက် ပိုမိုများပြားလာပေမဲ့ တိုးရစ်အများစုက ရပ်ကွက်တွေထဲက သူတို့အသိတွေဆီမှာပဲ
နေတာများတယ်"ဟု အိမ်ခြံမြေအကျိုး ဆောင် ကိုထွန်းထွန်းက ပြောသည်။
"ရန်ကုန်က အိမ်ခြံမြေအကျိုးဆောင် အများစုကလည်း အိမ်ငှားမယ်ဆို နိုင်ငံခြား သားတွေရဲ့ဗီဇာကို
တောင်းကြည့်တာတွေ၊ ဘယ်နှစ်ယောက်ပဲ နေမယ်ဆိုတာကို သေသေချာချာစစ်တာတွေ
လုပ်လေ့မရှိကြ ပါဘူး"ဟု ၎င်းက ပြောသည်။ အလည်အပတ်ဗီဇာကိုင်၍ နိုင်ငံခြားသား များ
အိမ်ငှားနေသည့်ကိစ္စများနှင့် ပတ်သက် ၍ အိမ်ငှားသူများကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်
လုပ်ဆောင်ဖို့လိုကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။
















