လမ်းသစ်အိမ်ရာစီမံကိန်းအတွက် တင်ဒါခေါ်ယူ

လမ်းသစ်အိမ်ရာစီမံကိန်းအတွက် တင်ဒါခေါ်ယူ

လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် မော်တင်လမ်းအကြားရှိ နိုင်ငံပိုင်အိမ်ရာတစ်ခုဖြစ်သော
လမ်းသစ်အိမ်ရာကို အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် တင်ဒါအဆိုပြုလွှာ များ
ပေးသွင်းနိုင်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
စက်တင်ဘာ ၂၂ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ကြေညာခဲ့သည်။

၁၉၅၈ ခုနှစ် ဖဆပလအစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် လမ်းသစ်အိမ်ရာသည်
၀န်ထမ်းများ၊ ပြည်သူများကို လစဉ်အိမ်လခ ပေးသွင်းစေသည့်စနစ်ဖြင့် ငှားရမ်းခဲ့သည့်
နိုင်ငံပိုင် အငှားအိမ်ရာတစ်ခုလည်းဖြစ်သည်။

တစ်ပေပတ်လည်လျှင် ၁၂ ကျပ် ၅၀ ပြားနှုန်းဖြင့် အခန်းတစ်ခန်းလျှင် တစ်လငှားခ
ကျပ် ၁၁,၅၀၀ ခန့်သာ အများဆုံးကျသင့်သော ထိုအိမ်ရာတွင် တိုက် ၁၁ လုံးနှင့်
အခန်းပေါင်း ၂၆၄ ခန်းရှိပြီး မြေအကျယ်အဝန်းမှာ ၄ ဒသမ ရ၁၇ ဧကဖြစ်သည်။

ယခုစီမံကိန်းအသစ်ဖြင့် ပြန်လည်ဆောက် လုပ်ရန်အတွက်ကို မူလနေထိုင်နေသူများနှင့်
ညှိနှိုင်းသဘောတူမှု ရယူထားပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က စက်တင်ဘာ ၂၂ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းက "အခုအခန်းနေတဲ့သူတွေကလည်း မူအားဖြင့် သဘောတူထားပြီးဖြစ်တယ်။ တင်ဒါခေါ်ထားပြီး
အမြန်ဆုံးဆောက်ပါမယ်။ ကျွန်တော်တို့က ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်သွားမှာပါ။ အခုလက်ရှိ
ရှိနေတဲ့အခန်း ၂၆၄ ခန်းကိုလည်း အဆင့်မြှင့်ဆောက်ပြီးရင် နေရာ ပြန်ချပေးမှာ ဖြစ်ပါတယ်။
အခုလက်ရှိ သူတို့နေနေတဲ့အခန်းအကျယ်ထက် မလျော့ တဲ့အကျယ်အဝန်းနဲ့ ပြန်ချပေးပါလိမ့်မယ်"ဟု
ပြောသည်။

နှစ်ပေါင်း ၆၀ နီးပါး သက်တမ်းရှိ လမ်းသစ် အိမ်ရာစီမံကိန်း အဆောက်အအုံများမှာ
ခေတ်အဆက်ဆက်တွင် ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းကြောင့် တိုက်များ၏ ကြံ့ခိုင်မှုများ
ယိုယွင်းလာသည့်အတွက် ပြန်လည် ပြုပြင်ရန် လိုအပ်နေပြီဖြစ်သည်။

ယခုအိမ်ရာကို ဖျက်သိမ်းပြီး အဆင့်မြှင့် တင်ပြန်လည်ဆောက်လုပ်မည့် စီမံကိန်းတွင်
အထပ်မြင့် အဆောက်အအုံများ၊ စီးပွားရေး ဆိုင်ရာ အဆောက်အအုံများ ပါ၀င်လာမည် ဖြစ်သည်။

ဆောက်လုပ်လိုသည့် ကုမ္ပဏီများ အနေဖြင့် အဆိုပြုတင်ဒါများကို တင်သွင်း ရာတွင်
အဆောက်အအုံပုံစံရေးဆွဲမှုနှင့် ဆောက်လုပ်မှု ယှဉ်ပြိုင်သည့်စနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ
တင်ဒါအဆိုပြုလွှာများ တင်သွင်းကြရန် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် စက်တင်ဘာ ၂၂ ရက်တွင်
အသိပေး ကြေညာခဲ့သည်။

"ဆောက်လုပ်မယ့်ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ အဆောက်အအုံဒီဇိုင်း၊ တည်ဆောက်ရေး
ကုန်ကျစရိတ်တွေပါ ကုမ္ပဏီတွေက လာယှဉ်ပြိုင်ရမှာဖြစ်ပြီး ထွက်လာတဲ့ အခန်းတွေရဲ့ အကျိုးအမြတ် ခွဲဝေမှုကတော့ လောလောဆယ် ပြောလို့မရသေးပါဘူး။ ညှိနှိုင်းလုပ်ရမယ့်ကိစ္စတွေ ရှိနေဆဲဖြစ်ပါတယ်"ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်က
စက်တင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

စီမံကိန်းသစ် တင်ဒါခေါ်ထားသော လမ်းသစ်အိမ်ရာနောက်ဘက်မြင်ကွင်း။ဉာဏ်ဇေထက် / မြန်မာတိုင်း(မ်)

စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက မြေနေရာစိုက်ထုတ်၍ တင်ဒါအောင်မြင်သည့်
ကုမ္ပဏီက ငွေကြေးစိုက်ထုတ် တည် ဆောက်ရမည်ဖြစ်သည်။

ထွက်ရှိလာသော အခန်းများကိုလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ဆောက်လုပ်သည့်
ကုမ္ပဏီတို့က အချိုးကျခွဲဝေရရှိမည်ဖြစ်သည်။ ယခင် အစိုးရလက်ထက်တွင် ဆောက်လုပ်ရေး
၀န်ကြီးဌာနနှင့် ကုမ္ပဏီများ ပူးပေါင်း၍ အိမ်ရာ စီမံကိန်းများကို အဆင့်မြှင့်တင်ရာတွင် ထွက်ရှိ
လာသည့် အခန်းများကို နိုင်ငံတော်နှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ငန်းအခြေ
အနေပေါ်မူတည်ကာ ၆၀ / ၄၀ သို့မဟုတ် ၅၂ / ၄၈ အချိုးဖြင့် ခွဲဝေရယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်တွင် နိုင်ငံတော်က အငှား ချထားပေးခဲ့သည့် အိမ်ရာစီမံကိန်း ၁၁ ခုမှ တိုက်ခန်းပေါင်း ၁၆,၀၀၀ ကျော်ကို ခေတ်အဆက်ဆက်တွင် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့်
အငြိမ်းစားအရာထမ်း အမှုထမ်းများကို ချိုသာသည့်နှုန်းထားဖြင့် ငှားရမ်း နေရာချထားပေးခဲ့ခြင်းဖြစ်သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လစဉ် အိမ်လခပေးသွင်းစေသည့် အငှားစနစ်ဖြင့်
ငှားရမ်းထားခြင်းဖြစ်ပြီး တားမြစ်ချက်များ အရ မူလငှားရမ်းခွင့်ရရှိသူက တစ်ဆင့်ပြန် လည်ရောင်းချခြင်း၊ ပြန်လည်အငှားချထား ခြင်း ပြုလုပ်ခွင့်မရှိကြောင်း အိမ်ရာစည်းကမ်း
ချက်များတွင် ဖော်ပြထားသည်။

ရန်ကုန်ရှိ အငှားချပေးထားသော နိုင်ငံပိုင် အိမ်ရာ ၁၁ ခုရှိရာတွင်ယခင်အစိုးရလက်ထက်က
၅၁ လမ်းအိမ်ရာနှင့် လင့်လမ်းအိမ် ရာများကို အဆင့်မြှင့်တင် တည်ဆောက်ခဲ့သည်။

လက်ရှိတွင် ယခု လမ်းသစ်အိမ်ရာ အပါအဝင် ကိုးခုကျန်နေသေးပြီး ၎င်းတို့မှာ ဖဆပလ၊ ဦးဝိစာရ၊
ပျဉ်းမပင်၊ ကြို့ကုန်း၊ ရန်ကင်း၊ သုဝဏ္ဏ၊ ဝေဠုဝန်အိမ်ရာနှင့် ပြည်တော်သစ်အိမ်ရာတို့ဖြစ်သည်။

ယခုလမ်းသစ်အိမ်ရာတွင် နေထိုင်သူအများစုမှာလည်း မူလအခန်းရရှိထားသူများနှင့် ဆွေစဉ်မျိုးဆက် အမွေဆက်ခံသူများ နေထိုင်ကြသူများဖြစ်ကြပြီး နေထိုင်သူ အများစုမှာ အငြိမ်းစား နိုင်ငံဝန်ထမ်း
အများစု နေထိုင်သည့် အိမ်ရာစီမံကိန်းဖြစ်သည်။

ပြန်လည်အဆင့်မြှင့်တင် တည်ဆောက် မည့် လမ်းသစ်အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး
ယင်းအိမ်ရာတွင်နေထိုင်သူ ၂၂ ဦးဖြင့် စုပေါင်းဖွဲ့စည်းထားသော စီမံကိန်း ကိုယ်စားပြုကော်မတီလည်း
ရှိသည်။

အဆိုပါ ကိုယ်စားပြုကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးအောင်လွင်စိုးက " အဆင့်မြှင့်မယ်ပြောပြီး
အဆင့်နိမ့်သွားမယ်ဆိုရင် တော့ လက်မခံပါဘူး။ နဂိုမူလတုန်းက စတုရန်းပေ ၆၀၀ ကျယ်တဲ့အခန်းကို
အခု အသစ်ပြန်ဆောက်ရင် စတုရန်းပေ ရ၀၀ အကျယ်အဝန်းလောက် ပြန်ပေးသင့်တယ်။
မိသားစုတွေကတည်း တဖြည်းဖြည်းများလာ လို့ပါ။ အိမ်တစ်အိမ် တိုက်တစ်တိုက်ဆောက်ရင်
အနည်းဆုံး နှစ်ပေါင်း ရ၅ နှစ်လောက် သက်တမ်းရှိဖို့ လိုတယ်။ ကျွန်တော်တို့ရဲ့မူဝါဒ ကိုက
စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးကို ဦးတည်ထားတဲ့အတွက် စိတ်ချမ်းသာစွာ နေရမယ်ဆိုရင်
ဘယ်စီမံကိန်းပဲဖြစ်ဖြစ် ကျွန်တော်တို့က သဘောတူပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်