ရန်ကုန်မြို့တောင်ဘက်ခြမ်း ၁၈ မိုင်ခန့်ကွာဝေး သည့် လက်ခုပ်ကုန်းတွင် အနာဂတ်ရန်ကုန်မြို့
အတွက် မျှော်မှန်း၍ ပင်လယ်ဆိပ်ကမ်းတစ်ခုပြုလုပ်ရန် ကိုရီးယားအပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့
ပူးပေါင်းလေ့လာစမ်းသပ်မှုများ ပြုလုပ် နေကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးကော်မတီ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။
"အဲဒီနေရာကို ဆိပ်ကမ်းလုပ်ရင် လုပ်နိုင် မလားဆိုတာ လေ့လာဖို့ လုပ်နေပါပြီ။ ကိုရီးယားအဖွဲ့
(KOICA) နဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ လုပ်နေတာ။ ဒီစီမံကိန်းက ကိုရီးယား (KOICA) နဲ့
လုပ်တဲ့ ရန်ကုန်တောင် ဘက်ပိုင်း ဖွံ့ဖြိုးရေးရယ်၊ ပဲခူး ဟံသာဝတီဘက်ပိုင်းရယ်အတွက်
မဟာဗျူဟာစီမံကိန်း ချပြီးလုပ်တဲ့အထဲက တစ်ခုပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါ ရန်ကုန်မြို့တောင်ဘက်ခြမ်း ဖွံ့ဖြိုး တိုးတက်ရေးနှင့်အတူ ကွမ်းခြံကုန်းနှင့်
လက်ခုပ်ကုန်းနေရာများတွင် ကုန်စည်ပို့ဆောင် ရေးနှင့် ထောက်ပံ့ရေးအတွက်
အချက်အချာနေရာအဖြစ် တည်ဆောက်သွားရန်လည်း လက်ရှိ တိုင်းဒေသကြီးအစိုးရက
ဆောင်ရွက် ရန် မျှော်မှန်းထားကြောင်း ဦးတိုးအောင်က ပြောသည်။
"လက်ရှိ တိုင်းဒေသကြီးအစိုးရကလည်း ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မျှော်မှန်းချက်
အနေနဲ့ ရန်ကုန်မြို့အပြင် ရန်ကုန်မြို့ နဲ့အနီးဆုံးမှာ အနောက်တောင်ဒေသမြို့သစ် စီမံကိန်းကို
အကောင်အထည်ဖော်ပြီးတော့ အဲဒီကနေမှ တောင်ဖက်ခြမ်း ကွမ်းခြံကုန်းနဲ့
လက်ခုပ်ကုန်းနေရာတွေကိုလည်း ကုန်စည် ပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေးအတွက်
အချက် အချာနေရာအဖြစ် လုပ်ဖို့မျှော်မှန်းထားပါတယ်" ဟု ၎င်းက ပြောသည်။
သို့သော် လက်ခုပ်ကုန်းတွင် ပင်လယ်ဆိပ် ကမ်းတည်ဆောက်မည့် စီမံကိန်းအတွက်
အကောင်အထည် ဖော်ဆောင်နိုင်မှု အခြေ အနေများကို လေ့လာဆန်းစစ်ရန် အချိန်ယူရဦး
မည်ဖြစ်ပြီး စီမံကိန်းကို နှစ်ရှည်စီမံကိန်း တစ်ခုအဖြစ် သတ်မှတ်ထားသည့်အတွက်
အနည်းဆုံး နှစ် ၃၀ ခန့်ထိ ရေရှည်စီမံချက် ချကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးတိုးအောင်က
ပြောသည်။
"အခုမှ လေ့လာတာဆိုတော့ နောက်ထပ် နှစ် ၃၀ လောက်တောင် ကြာဦးမယ်။ အဲဒီ နေရာက
ဆိပ်ကမ်းလုပ်နိုင်မယ့် အခြေအနေ ကိုအရင်ကြည့်မှာ ပြီးရင် ဆက်ပြီးတော့ အဲဒီမှာ
ကြားထဲကဒေသကို ဘယ်လိုဖွံ့ဖြိုးအောင် လုပ်မလဲဆိုတာ ဆက်ပြီး လေ့လာမှာပါ။
မြစ်ထွက်ပေါက်ရှိတော့ ကော့မှူး၊ ကွမ်းခြံကုန်း ဘက်ဒေသကို ဘယ်လိုဖွံ့ဖြိုးအောင်လုပ်မလဲ
ဆိုတာပါ ဆက်ပြီး လေ့လာသွားမှာ"ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လည်း ရန်ကုန်မြို့ကို အဓိကအားဖြင့် ပင်လယ်ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်ရန် မျှော်မှန်းချက်ထားခြင်းဖြစ်သည့်အတွက်
ကွမ်းခြံကုန်းနှင့် လက်ခုပ်ကုန်းတွင်လည်း ဆိပ်ကမ်းအား တိုးချဲ့သွားရန် ရည်ရွယ်ခြင်း
ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေး၊ အခြေခံအဆောက်အအုံနှင့်
လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
"ဒီနေရာတွေကို ရန်ကုန်မြို့ရဲ့ ပင်လယ် ထွက်ပေါက်အနေနဲ့ ပင်လယ်ဆိပ်ကမ်းတွေပါ
တည်ဆောက်ဖို့ဆိုပြီး မျှော်မှန်းချက်အနေနဲ့ ချထားပါတယ်။ ရန်ကုန်ကို ဆိပ်ကမ်းနဲ့
ကုန်စည်ပို့ဆောင်ရေးအချက်အချာကျတဲ့ မြို့ တစ်မြို့ဖြစ်အောင် တည်ဆောက်ဖို့ဆိုပြီး
မူလရှိပြီးသား မျှော်မှန်းချက်တွေကို လက်ရှိ အစိုးရမှာ မျှော်မှန်းထားတဲ့ အနေအထား
ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိအသုံးပြုနေသည့် ရန်ကုန်ဆိပ်ကမ်းသည် မြစ်ဆိပ်ကမ်းတစ်ခုသာ ဖြစ်သည့်
အတွက် အကန့်အသတ်များလာနိုင်ရာ လွယ်ကူစွာ ကုန်စည်ပို့ဆောင်နိုင်ရန်အတွက်
လက်ခုပ်ကုန်းကို ပင်လယ်ဆိပ်ကမ်းအဖြစ် တည်ဆောက်ရန် ရွေးခဲ့ခြင်းဖြစ်ကြောင်း
မြို့ပြ ပညာရှင်တစ်ဦးလည်းဖြစ်သူ ဦးတိုးအောင် က ပြောသည်။
"လက်ခုပ်ကုန်းကို ပင်လယ်ဆိပ်ကမ်းလုပ် ဖို့အတွက် ရွေးတာက ရန်ကုန်မြစ်ကြောင်း
အတိုင်း ၀င်လာမယ့် ဆိပ်ကမ်းကျတော့ နောက်ပိုင်းကျရင် ကန့်သတ်ချက်တွေ များလာမယ်။
ပင်လယ်နဲ့နီးတော့ ကုန်းလမ်းကို မသုံးဘဲ ပင်လယ်လမ်းကိုပဲ သုံးမယ်ဆို သုံးလို့
လွယ်အောင်။ မြို့ထဲက ဆိပ်ကမ်းကိုတော့ ချက်ချင်းကြီး ရွှေ့ဦးမှာမဟုတ်ဘူး။ ဟိုဘက်လည်း
ဆိပ်ကမ်းဖြစ်မယ်ဆို နှစ်တော်တော် ကြာကြာမှ ဖြစ်ဦးမှာ" ဟု ၎င်းက ပြောသည်။
ကိုးရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီက ရန်ကုန်မြို့ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ နှင့်
ပူးပေါင်း၍ ဒလတံတားစီမံကိန်း၊ ရန်ကုန် မြို့တောင်ဘက်ခြမ်း ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပဲခူး၊
ဟံသာဝတီလေဆိပ် စီမံကိန်းများ အတွက် မဟာဗျူဟာစီမံကိန်း ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ၂၀၁၂ ခုခန့်က ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က
ရေးဆွဲခဲ့သည့် မဟာရန်ကုန်မြို့ပြ စီမံကိန်း ၂၀၄၀ တွင်လည်း ရန်ကုန်မြို့အတွက်
အဓိကလုပ်ဆောင်သွားရန်အတွက် စိမ်းလန်း မြေပါ၀င်သည့် မြို့လယ်ဖွံ့ဖြိုးမှုပုံစံ၊ စီးပွားရေး
ဗဟိုခွဲ ငါးခု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေးဖြစ်သည့် ကားလမ်း၊ ရထားလမ်းနှင့် လျှပ်စစ်၊
အမှိုက်စွန့်ပစ်ရေး စသဖြင့် ကဏ္ဍလေးခုကို ရေးဆွဲချပြခဲ့သည်။
လက်ရှိ လုပ်ဆောင်လျက် ရှိသည့် စီမံကိန်းများမှာ အဆိုပါ စီမံကိန်းများကို အခြေခံ၍
ဆောင်ရွက်နေခြင်းဖြစ်သည်။















