ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့သော
ကီလို၀ပ် ၃၀ ထက် ကျော်လွန်သုံးစွဲမည့် အဆောက်အအုံများ ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင်ရန်ဆိုသည့်အချက်ကို လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများ အသင်း
(ယာယီ)က ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တောင်းဆိုခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ လိုင်စင်ရရှိပြီး လက်ရှိတွင် ယာယီ
ဖွဲ့စည်းထားသော အဆောက်အအုံ ကန်ထရိုက်တာများအသင်းက ကန်ထရိုက်တာ
အယောက် ၄၀ ခန့် စုပေါင်း၍ ယင်းထုတ်ပြန်ချက်အပေါ် ကန့်ကွက်ကြောင်း
စက်တင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အသင်း (ယာယီ)က ၀န်ကြီး ချုပ်ထံ စာတင်လိုက်ပါပြီ။ ဒါက လုံးဝမဖြစ် နိုင်တဲ့
ကိစ္စပါ။ အခန်းတစ်ခန်းက ၁၀ ကီလို၀ပ် သုံးတာဆိုတော့ ကီလို၀ပ် ၃၀ ကျော်ရင် ထရန်
စဖော်မာ တပ်ရမယ်ဆိုတာ အခန်းလေးခန်းပါတဲ့ အဆောက်အအုံတစ်လုံးဆိုရင်ပဲ
တရန်စဖော်မာတပ်ရတော့မယ်။ အခုလက်ရှိ မှာလည်း အရင်စံနှုန်းနဲ့ ဆောက်ပြီးသွားလို့
ကြိုရောင်းထားတဲ့တိုက်တွေက အခုလို သတ်မှတ်လိုက်တဲ့အချိန်မှာ ဒီ ထရန်စဖော်မာ
တပ်ရမယ့်စရိတ်တွေက အဆင်မပြေဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး
ဖြစ်သူ ကိုလားဆယ်က ပြောသည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင်
ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်သည့် အဆောက်
အအုံများကို တိုက်ခန်းတစ်ခန်းလျှင် ၁၀ ကီလိုဝပ်နှုန်းဖြင့် တိုက်ခန်း ၁၇ ခန်းအထိ
အများပြည်သူသုံး ထရန်စဖော်မာမှ တစ်ခန်းချင်း အိမ်သုံးမီတာ ဖြင့် တပ်ဆင်သုံးစွဲ
ခွင့်ရရှိခဲ့ပြီး ၁၈ ခန်းနှင့် အထက်ဖြစ်ပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရန်
သတ်မှတ်ခဲ့သည်။ ယခု ဩဂုတ်လတွင် ပြန်လည်ပြင်ဆင်သတ်မှတ်၍ ကီလိုဝပ်
၃၀ အထိသာ အများပြည်သူသုံး ထရန်စဖော်မာမှ သုံးစွဲခွင့်ပြုကြောင်း ကြေညာ
ခဲ့ခြင်းဖြစ်သည်။
"အခန်းအရေအတွက်များတဲ့ ကွန်ဒိုတွေ ကတော့ အရင်ကတည်းကထရန်စဖော်မာ
တပ်ရမယ့် အခြေအနေရှိပြီးသား။ ဒါပေမဲ့ ရိုးရိုး တိုက်ခန်းလေးတွေ နှစ်ခန်းတွဲ
ခြောက်ထပ်တို့၊ ရှစ်ထပ်တို့ ဆောက်တဲ့သူတွေက မြေရှင်နဲ့ ပေါင်းဆောက်ကြတာ။
အလယ်အလတ်နဲ့ အောက်ခြေက လုပ်ငန်းရှင်တွေ ပိုပြီး အခက် အခဲဖြစ်နေတဲ့
သဘောဖြစ်နေတယ်။ ရိုးရိုး လေးခန်းကျော်တာနဲ့ တပ်ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး"ဟု
ဦးလားဆယ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိတွင် ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ရန် စီမံလျာထားသော အဆောက်အအုံ
အများစု၏ တိုက်ခန်းများမှာ ရောင်းချပြီးဖြစ် သည့်အတွက် ယခင်အခြေအနေဖြင့် ရောင်းချ
ခဲ့ခြင်းကြောင့် ရောင်းချပြီးသော အဆောက် အအုံများအတွက် ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ရန် ၀ယ်ယူသူများထံ ငွေကြေး ထပ်မံ တောင်းခံပါက မလိုအပ်သော
ပြဿနာ များစွာပေါ်ပေါက်လာနိုင်ကြောင်း လိုင်စင်ရ ကန်ထရိုက်တာအသင်း (ယာယီ)၏
၀န်ကြီး ချုပ်ထံ ပေးပို့မှုတွင် ဖော်ပြထားသည်။ ထို့ပြင် လျှပ်စစ်ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်
အရ အထပ်မြင့်အဆောက်အအုံ တစ်လုံးတွင် ကိုယ်ပိုင်ထရန်စဖော်မာ လေး ငါးခု
တပ်ဆပ်ရမည့် အခြေအနေဖြစ်သည့် အတွက် မြို့တော်အင်္ဂါရပ်နှင့် လျော်ညီစွာ
မပြုပြင်နိုင်ခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"အဲလို ကိုယ်ပိုင်ထရန်စဖော်မာတွေ မလိုအပ်ဘဲ အရမ်းများတဲ့အခါ လမ်းကျဉ်းပဲ ဖြစ်ဖြစ်
၊ လမ်းကျယ်ပဲဖြစ်ဖြစ် ဓာတ်အားလိုင်း ကြိုးများပြီး ရှုပ်ထွေးတာတွေ ဖြစ်လာနိုင်ပါ တယ်။
တပ်ဆင်ဖို့နေရာတွေ ပိုလိုလာလိမ့် မယ်" ဟု ထွန်းဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။ သို့သော် ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းက
အဆိုပါ လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများအသင်း (ယာယီ)၏ တောင်းဆိုမှု
အပေါ် ကော်ပိုရေး ရှင်း၏ ဒါရိုက်တာအဖွဲ့များက သုံးသပ်ဆုံးဖြတ် သွားမည်ဟု
ကော်ပိုရေးရှင်း၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးစောဝင်းမောင်က ပြောသည်။
"သူတို့တင်ပြတာကို သုံးသပ်တာကတော့ ဒါရိုက်တာအဖွဲ့ဝင်တွေကပဲ သုံးသပ်ပြီး
ဆုံးဖြတ်တာတွေ လုပ်မှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ ချမှတ်
ထားတဲ့အတိုင်းပဲ လုပ်ပါမယ်။ သူတို့ဘက်က တင်ပြတာတွေက ခိုင်လုံတဲ့အကြောင်းပြချက်
မဟုတ်ရင် သတ်မှတ်ထားတာကို ပြောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း
အခက်အခဲရှိလို့ ဒီလိုကြေညာခဲ့တာပါ။ လျှပ်စစ်မလုံလောက်တာနဲ့ မဆိုင်ပါဘူး" ဟု ၎င်းက ပြောသည်။
















