ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ မြေပိုင်ဆိုင်မှု ဥပဒေအတိုင်းရှင်းမည်

ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ မြေပိုင်ဆိုင်မှု ဥပဒေအတိုင်းရှင်းမည်

လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းမကြီး နံဘေး အင်ဂလိုင်ကွင်းအတွင်း၌ ဆောက်လုပ်
နေသည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မူလ
ပိုင်ရှင်ဟုဆိုသည့် လယ်သမားများက ဆောက်လုပ်နေသည့် ကုမ္ပဏီများအပေါ် တရားစွဲဆို
ထားခြင်းကို ဥပဒေဘောင်အတွင်း က ဖြေရှင်းသွားမည်ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

၎င်းက "နိုင်ငံတော်အဆင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖြစ်ပြီး မြေနေရာကအစ အသေ
အချာစိစစ်ပြီးမှ လုပ်နေတာဖြစ်တယ်။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းသွားမယ်။
သူတို့လည်း သူတို့လုပ်စရာရှိတာလုပ်၊ အန်ကယ်တို့ဘက်ကလည်း လုပ်စရာရှိတာတွေကို
ဆက်ပြီးလုပ်သွားပါမယ်"ဟု ဦးမင်းထိန်က ပြောသည်။

တရားစွဲဆိုခံထားရသည့် ကုမ္ပဏီများမှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၎င်းအိမ်ရာ
အတွက် ခေါ်ယူသော ဆောက် လုပ်ခွင့်တင်ဒါ အောင်မြင်ထားသူများလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်မှစတင်ကာ အဆိုပါ ကုမ္ပဏီများကို မူလပိုင်ရှင်ဟုဆိုသည့် လယ် သမားများက
တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ အစိုးရ
လက်ထက်ဖြစ်သည့် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် လှိုင်သာယာ မြို့နယ်အတွင်းရှိ
အင်ဂလိုင်ကွင်း (ကွင်းအမှတ် ၃၇၅)၊ စုစုပေါင်း အကျယ်အဝန်း ၄၀၄ ဧက အနက်မှ
၂၉၃ ဧကကို လှိုင်သာယာ မြို့သစ်တည်ထောင်ရာတွင် ရုံးအဆောက်အအုံများ
ဆောက်လုပ်ခြင်းနှင့် လူနေအိမ်ရာ များအဖြစ် အသုံးပြုရန် အမိန့်ကြော်ငြာစာ
အမှတ် ၄၀/လန (ထန်းတပင် ၈၉)ဖြင့် သိမ်းယူ ခဲ့ခြင်းဖြစ်သည်။

ယခု နိုင်ငံတော်မှဆောက်လုပ်နေသည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းမြေ နေရာမှာ
မူလနဝတအစိုးရလက်ထက် မြေသိမ်း အမိန့်ဖြင့် သိမ်းယူထားခဲ့သည့် မြေဧက ၂၉၃ ဧက
ပေါ်တွင်မရှိဘဲ ကျန်ရှိသည့် လယ်သမား ပိုင် မြေနေရာဖြစ်သည့် ဧက ၁၀၀ ကျော်ပေါ်တွင်
ဆောက်လုပ်နေသည့်အတွက် တရားစွဲ ဆို ကန့်ကွက်ရခြင်းဖြစ်ကြောင်း မူလပိုင်ရှင်ဟု
ဆိုသည့် လယ်သမားများက ဆိုသည်။

"ကျွန်တော့်အဘတွေလက်ထက်ကတည်း က ပိုင်ခဲ့တဲ့မြေတွေပါ။ ကျွန်တော်အိမ်ထောင်ကျတော့
အဘက ကျွန်တော့်ကို အမွေပေးခဲ့ တဲ့မြေပါ။ ပြေစာ အထောက်အထားတွေရှိပါတယ်။
၂၀၁၅ မှာ ကျွန်တော်တို့ မြေပိုင်ဆိုင်ပါ တယ်၊ လယ်မြေသာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း
အထောက်အထားတွေ ရှိပါတယ်။ တရားစွဲ ထားတဲ့ နောက်ဆုံးအခြေအနေကတော့ ရုံးချိန်းတွေ
ခဏခဏချိန်းနေပါတယ်။ ၄၀၄ ဧက မှာ နိုင်ငံတော်က ၂၉၃ ဧကကို သိမ်းယူခဲ့တယ်။
ကျန်တဲ့မြေဧက ၁၀၀ ကျော်ကျော်ထဲမှာ ကျွန်တော်တို့မြေတွေ ပါပါတယ်။ အိုးအိမ် က
ဆောက်တာလည်း ကျန်တဲ့ မြေဧက ၁၀၀ ကျော်ကျော်လောက်ထဲမှာ ဆောက်ထားတာ
ဖြစ်တယ်"ဟု တရားစွဲဆိုထားသည့် လယ် သမား ဦးကြည်သောင်းက ပြောသည်။

၂၀၁၂ ခုနှစ်မှစတင်ကာ ယင်းမြေနေရာပေါ်တွင် နိုင်ငံတော်မှ အိမ်ရာစီမံကိန်းများ
ဆောက်လုပ်ရန် စီစဉ်လာခဲ့သည့်အတွက် ဦးစိုးဝင်းအပါအဝင် လယ်သမား ၁၀ ဦးက
ယင်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေများဖြစ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့
ကန့်ကွက်လွှာများပေးပို့ခဲ့သည်။

ထို့နောက် စီမံကိန်း လုပ်ငန်း များစတင်သည့် ၂၀၁၅ခုနှစ်၊ မေလမှစတင်ကာ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းဆောက်လုပ် နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများကို ယခုကဲ့သို့ တရားစွဲဆို
ခဲ့ခြင်းဖြစ်သည်။ "အသေအချာပြောလို့ရတာကတော့ ကျွန်တော်တို့ အခုဆောက်နေတဲ့
ကျန်စစ်မင်း က မူလမြေသိမ်းအမိန့်ထဲမှာပါတဲ့ ၂၉၃ ဧက ထဲမှာပါပါတယ်။ မြို့မြေအဖြစ်
ပြောင်းလဲပြီး နောက်ပိုင်းမှာ လယ်မြေဆိုတာ မရှိတော့ပါ ဘူး။ အင်ဂလိုင်ကွင်းကြီးက
အကျယ်ကြီးပါ။ သူတို့စာရွက်စာတမ်း အထောက်အထားပြပြီး တရားစွဲမယ်ဆိုရင်လည်း
ဥပဒေလမ်းကြောင်း အတိုင်းပဲ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်"ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန၊ အိမ်ရာ ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက
အောက်တိုဘာ ၃ ရက်တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။

စက်တင်ဘာ ၁၃ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ကျန်စစ်မင်း တန်ဖိုးနည်း
အိမ်ရာစီမံကိန်း အပိုင်း ၂ ဆောက်လုပ်ရန် အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က
ဆောက်လုပ်လိုသည့် ကုမ္ပဏီများကို တင်ဒါ ခေါ်ယူခြင်းအပေါ် မူလပိုင်ရှင်ဟု လယ်သမား
များမှ ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။ "ကျွန်တော်တို့က ဥပဒေကြောင်းအရ
သိပ်နားမလည်တော့ လာဆောက်တဲ့ကုမ္ပဏီ ကိုပဲ တရားစွဲရတာ ဖြစ်တယ်။
အိုးအိမ်ဆိုတာ က အစိုးရဖြစ်နေတော့ တရားစွဲမယ်ဆိုရင်တောင် စာချွန်တော်တွေနဲ့
အဆင့်ဆင့်ဆို တော့ အချိန်ကြာနေမှာစိုးလို့ ကုမ္ပဏီတွေကို ပဲ တရားစွဲလိုက်ရတာပါ။
မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စာရွက်စာတမ်း တွေရှိပါတယ်။ အခုကျွန်တော်တို့
တရားစွဲထားတာက မူလ မြေသိမ်းခဲ့တဲ့ ၂၉၃ ဧက အပြင်ဘက်က မြေတွေပါ။
တရားရုံးမှာ ခုနစ်ကြိမ်လောက် ရုံးချိန်းသွားပြီးပါပြီ"ဟု လယ်သမား ဦးမင်းအောင်က
ပြောသည်။

၁၉၈၉ ခုနှစ် မြေသိမ်းအမိန့်ဖြင့် သိမ်းယူခဲ့သည့် ဧက ၂၉၃ ဧကအတွင်း၌ အောင်မြေ
သာယာစေတီ၊ အောင်ဇေယျအိမ်ရာ၊ ထီးလှိုင် ရှင်အိမ်ရာ၊ ဖွံ့ဖြိုးအောင်အိမ်ရာ၊ အခွန်လွတ်ဈေး၊
ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် နိုင်ငံပိုင်ရုံးဌာနအဆောက်အအုံများ တည်ဆောက်မှုတွင်
အသုံးချခဲ့ပြီး ဖြစ်သည်။

ယခု ကျန်စစ်မင်းအိမ်ရာ ဆောက်လုပ်သည့်မြေမှာ မူလ ၂၉၃ ဧကတွင် မပါ၀င်သည့်
အင်ဂလိုင် ကွင်းအတွင်း ကျန်ရှိခဲ့သည့် လယ်သမားပိုင် လယ်မြေဧက ၁၀၀ ကျော်အတွင်း
ဆောက်လုပ်ထားသည့်အတွက် တရားစွဲဆိုရခြင်းဖြစ် ကြောင်း တရားစွဲဆိုထားသည့်
လယ်သမား များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်