ယခင်အစိုးရလက်ထက်က ရပ်ဆိုင်းထားသော မြကျွန်းသာ ဥယျာဉ်အတွင်းရှိ အဆောက်
အအုံများကို စည်ပင်သာယာရေးကော်မတီ ၏ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီအချို့က ဆက်လက်
ဆောက်လုပ်နေကြသည့်အတွက် ဥပဒေနှင့်အညီ အရေးယူမည်ဟုစည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"သူတို့ကို ကျွန်တော်တို့က ပုံစံပြန်ပြင်ဖို့ရယ်၊ ရေကန်နဲ့ ပေ ၃၀ အကွာကို ဆုတ်ပြီး ဆောက်ပေးဖို့
ညွှန်ကြားထားတယ်။ အခုက သူတို့ကို ပြန်တင်ပြဖို့ အကြောင်းကြားထားတဲ့အဆင့်ပဲ
ရှိသေးတယ်။ ဆောက်လုပ်ခွင့် ပေးမထားသေး ဘူး။ ဆောက်ရင်တော့ အရေးယူခံရပါလိမ့်မယ်"ဟု
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူး
ဦးနေဝင်းက ပြောသည်။
မြကျွန်းသာဥယျာဉ်အတွင်းတွင် နိုင်ငံတကာအဆင့်မီ ကစားကွင်း၊ ဈေးဝယ်စင်တာ၊
ရေပေါ်ဂေါက်ကွင်းနှင့် စားသောက်ဆိုင်များ ဆောက်လုပ်ရန်အတွက် ကုမ္ပဏီရှစ်ခုကို
ယခင်အစိုးရက လုပ်ကိုင်ခွင့် ပေးခဲ့သော် လည်း အများပြည်သူ ကန့်ကွက်မှုများကြောင့်
စီမံကိန်းများကို ရပ်ဆိုင်းခဲ့ရသည်။
အဆိုပါ မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီရှစ်ခုမှာ
Inya Palace, Magic Land, Ryuji, Nay La Pwint, Eden Group, Good Shan
Brother, Myanmar Golden Star နှင့် Max Myanmar ကုမ္ပဏီတို့ဖြစ်ကြသည်။
ယင်းကုမ္ပဏီများအနက် Inya Palace, Magic Land, Ryuji နှင့် Nay La Pwint တို့သည်
ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများ သည်
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းခန့်တွင် စာချုပ် ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဟု
လွှတ်တော်ကိုယ်စားလှယ်များ၊ ယခင်ကော်မတီအဖွဲ့ဝင်အချို့၏ တင်ပြမှုများကြောင့်
လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းခဲ့ပြီး စီမံကိန်း အားလုံးကို ပြန်လည်စိစစ်မှုများ ပြုလုပ်ခဲ့
ခြင်းဖြစ်သည်။
သို့သော် လက်ရှိဆောက်လုပ်ရေးလုပ်ငန်း များလုပ်ကိုင်နေသည့် Magic Land ကုမ္ပဏီ က
၎င်းတို့သည် ဆောက်လုပ်ခွင့်ပြုမိန့် ရရှိပြီးသား စီမံကိန်းများဖြစ်သည့်အတွက် လုပ်ငန်းများ
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။
"စည်ပင်ကနေ ခွင့်ပြုမိန့်ရပြီးသားပါ။ ခွင့်ပြုချက်ရထားတာက ကြာပါပြီ။ တာဝန်ရှိတဲ့
သူတွေ ဆင်းစစ်ကြပါသေးတယ်။ တချို့စီမံ ကိန်းတွေကို ရပ်ခိုင်းပါတယ်။ အဲဒီစီမံကိန်းတွေကို
ရပ်ခိုင်းရင်းနဲ့ ရောပြီး ကျွန်တော်တို့ စီမံကိန်းကို ခဏရပ်ခိုင်းပါတယ်။ တကယ်တော့
ကျွန်တော်တို့ စီမံကိန်းက လွတ်ပါတယ်" ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးချစ်က
ပြောသည်။
သို့သော် မြကျွန်းသာဥယျာဉ်သည် အများပြည်သူ အပန်းဖြေသည့်နေရာဖြစ်သည့်အတွက်
ယခုကဲ့သို့ စီးပွားဖြစ်လုပ်ငန်းများ လုပ်ကိုင်မည့် အဆောက်အအုံကြီးများ တည်ဆောက်နေမှုသည်
မဖြစ်သင့်ကြောင်း မရမ်းကုန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆိုသည်။
"ပြည်သူလူထု အများပြည်သူ အကျိုးပြု မယ့် အပန်းဖြေလုပ်ငန်းတွေ၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဆောင်ရွက်ရမယ့်အစား ဒီနေရာမှာ ဈေးဝယ်စင်တာ ဆောက်ခွင့်ပေးထားတာက
အရင်ချုပ်ဆိုခဲ့တဲ့ စာချုပ်နဲ့ ဆန့်ကျင်ပြီး လုပ်ထားတာကို တွေ့ရှိရတယ်'ဟု ၎င်းက ပြောသည်။
ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ခန့် တွင် မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို အဆင့်မြှင့်တင်ရန်
ပုဂ္ဂလိကကုမ္ပဏီများကို နှစ် ၆၀ ဖြင့် ငှားရမ်းခဲ့ကာ စာချုပ်ချုပ်ဆိုခဲ့သော်လည်း လက်တွေ့တွင်
အဆိုပါ ပုဂ္ဂလိကကုမ္ပဏီများ ကို စာချုပ်ပါ စည်းမျဉ်းများအတိုင်း မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းသုံး
အဆောက်အအုံများ ကို ဆောက်လုပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီများနှင့် ယခင်အစိုးရ ချုပ်ဆိုခဲ့ သည့် စာချုပ်တွင် လုပ်ငန်းများ၏ ပထမ အဆင့်ကို
၂၀၁၅ ခုနှစ် မတ်လတွင် အပြီး တည်ဆောက်ရန် ရရှိခဲ့ပြီး ဒုတိယအဆင့်ကို လာမည့်နှစ်
၂၀၁၇ ခုနှစ်တွင် အပြီးတည် ဆောက်ရန် ပြောဆိုထားကြောင်း ရန်ကုန် မြို့တော်
စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနမှူး
ဦးကိုကိုလင်းက ပြောသည်။
အဆိုပါ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနသည် ကုမ္ပဏီများကို မြေငှားရမ်း
ထားသည့် သက်ဆိုင်ရာ တာဝန်ရှိဌာနဖြစ်ပြီး ယင်းဌာနက လက်ရှိဆောက်လုပ်နေသည့်
လုပ်ငန်းများကို တရားဝင်ရပ်နားထားခိုင်းသည့် ညွှန်ကြားချက် ပေးမထားကြောင်း ပြောသည်။
"ကျွန်တော်တို့ဌာနအနေနဲ့က သူတို့တွေကို ရပ်ဖို့ပြောထားတာမရှိပါဘူး။ စာချုပ်ထဲမှာ
၂၀၁၅ မှာ အပြီးဆောက်ရမယ်ဆိုတာ ပထမ ပိုင်းကို အပြီးလုပ်ခိုင်းတာပါ။ စာချုပ်က
တစ်ခု တည်းကို ပထမပိုင်းနဲ့ ဒုတိယပိုင်းနဲ့ ခွဲထားပါ တယ်။ ဒုတိယပိုင်းကို ၂၀၁၇ ခုနှစ်မှာ
အပြီး ဆောက်ခိုင်းထားပါတယ်။ သီးခြားဖွဲ့စစ်ဆေး တာတွေက တိုင်းဒေသကြီးက
လုပ်တာပဲ ရှိပါတယ်"ဟု ဦးကိုကိုလင်းက ပြောသည်။
















