ဆောက်လုပ်ခွင့်ပြုချက် မရရှိသေးဘဲ အထပ်ကျော်လွန် တည်ဆောက်ခဲ့ သည့်အတွက်
ဒဏ်ငွေပေးဆောင်ရန် ချမှတ်ခံရသည့် ဆူးလေစကွဲအဆောက်အအုံ၏ တည်ဆောက်ရေး
ဒီဇိုင်းများ ကို ပြန်လည်စစ်ဆေးပြီးပြီဖြစ်ကြောင်း အထပ်မြင့်အဆောက်အအုံ
တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ် စိစစ်ရေးပညာရှင်အဖွဲ့ (CQHP) ၏ ဥက္ကဋ္ဌ
ဦးခင်မောင်တင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဆူးလေစကွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ CQHP က စစ်ဆေးပြီးပါ ပြီ။ ကျွန်တော်တို့
စစ်ဆေးတယ်ဆိုတာ သူတို့ရဲ့ ဒီဇိုင်းတွေ ပြန်တွက်တာတွေ အကုန်လုံး ပြန်စစ်ပါတယ်။
စစ်တော့ သူတို့ ကိုက်ပါတယ်။ ထောက်ခံပေးလိုက်ပါတယ်။ စည်ပင်ကို ဒီနေ့ပဲ
ထောက်ခံစာ ပို့ပေးလိုက်ပါပြီ" ဟု ၎င်းက ပြောသည်။
ဆူးလေစကွဲ၏ နှစ်ထပ်ကျော် လွန်တည်ဆောက်ထားသည့် ဒီဇိုင်း သည် CQHP အနေဖြင့်
လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းကပင် စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားမှုဖြင့်
စစ်ဆေးပေးခဲ့ပြီး ထောက်ခံချက်ပေးထားသည့် ဒီဇိုင်းပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အရင်ကတည်းကိုက စည်ပင်သာယာရေးကော်မတီက စစ်ဆေးပေး ပါဆိုပြီး
ဒီအထပ်အမြင့်နဲ့ပဲ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက တင်ထားတာ။ နှစ်ထပ်
တိုးထားတဲ့ ဒီဇိုင်းကို စစ်ထားပြီးတော့ ထောက်ခံပေးပြီးသားပါ။ စည်ပင်က
ဆောက်လုပ်ခွင့်ပါမစ်က ပေးမထားတော့ ဒဏ်ငွေရိုက် တာ ထင်တယ်။ ဆောက်လုပ်ရေး
ပါမစ် ဘာလို မပေးလဲဆိုတာတော့ မသိဘူး" ဟု ဦးခင်မောင်တင့်က ပြောသည်။
စည်ပင်သာယာရေးကော်မတီက ဒဏ်ငွေပေးဆောင်ရန် ရင်းနှီးမြှုပ်နှံသူ များအား
ညွှန်ကြားပြီးနောက် CQHP က ထပ်မံစစ်ဆေးမှုတွင်လည်း တည် ဆောက်ရေးပိုင်းများမှာ
အဆင်ပြေပြီး ကိုက်ညီမှုရှိသည့်အတွက် ထောက်ခံ ချက်ပေးခြင်းဖြစ်သည်။
"အရင်ကတည်းက စည်ပင်က စာနဲ့ ဒီလောက်အမြင့်တိုးတာကို စစ်ပေးပါဆိုတဲ့ စာရှိပြီး
သားပါ။ ကျွန်တော်တို့ ထပ်စစ်တယ်ဆိုတာ ပုံစံနည်းနည်း ပြင်ထားတာ ရှိတာကို
ပြန်စစ်ပေးတာ ပါ။ အဲဒါကလည်း ကိုက်ပါတယ်"ဟု ၎င်းက ပြောသည်။















