စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ အတိအကျပါ၀င်လာမည့် စုပေါင်းပိုင်
အဆောက်အအုံ နည်းဥပဒေ (ကွန်ဒိုနည်း ဥပဒေ) ထွက်ရှိလာနိုင်ရေးကို ဒီဇင်ဘာလ
အတွင်း အပြီးသတ်ထွက်ရှိရန် လုပ်ဆောင် လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး
ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က
အောက်တိုဘာ ၁၀ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ကွန်ဒိုနည်းဥပဒေထွက်ဖို့က ဒီမှာက ပညာရှင်တွေ
ရှားပါးနေတာလည်းပါတယ်။ ဆက်စပ်နေတဲ့ ၀န်ကြီးဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့လည်း
ပြန်ညှိနေရတယ်။ ဒါကြောင့် ကြန့်ကြာနေရ တာပါ။ မူကြမ်းကို ရှေ့နေချုပ်ရုံး တင်မယ်။
ပြန်ကျလာရင် အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြပါမယ်။ ဒီဇင်ဘာလထဲမှာတော့
ထွက်နိုင်အောင်လို့ လုပ်နေပါတယ်"ဟု ၎င်းက ပြောသည်။
စုပေါင်းပိုင် အဆောက်အအုံဥပဒေကို ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင်
ဆောက်လုပ်ရေးဝန်ကြီးဌာနက စတင်ရေးဆွဲ ခဲ့ပြီး လွှတ်တော်နှစ်ရပ် အငြင်းပွားမှုများ၊ ပြင်ဆင်ချက်အမြောက်အမြားဖြင့် နှစ်နှစ်စ် ကျော်ကြာခဲ့ပြီးနောက်
ယခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဥပဒေအဖြစ် အတည်ပြု နိုင်ခဲ့သည်။
သို့သော် ကွန်ဒိုနည်းဥပဒေ မထွက်ရှိလာသေးရာ ဈေးကွက်အတွင်း ပြည်တွင်းပြည်ပ
ကွန်ဒိုဝယ်ယူလိုသူများက ယင်းနည်းဥပဒေ ထွက်ရှိလာမည့် အချိန်ကို စောင့်စားနေဆဲဖြစ်
သည့်အတွက် လက်ရှိ ကွန်ဒိုမီနီယံဈေးကွက်၌ အရောင်းအဝယ်များ နည်းပါးလျက်ရှိသည်။
ထို့အပြင် အသစ်ထွက်ရှိလာမည့် ကွန်ဒိုနည်း ဥပဒေတွင် ဈေးကွက်အတွင်း အမှန်တကယ်
အလုပ်ဖြစ်နိုင်မည့် ရှင်းလင်းပြတ်သားသည့် အချက်အလက်များပါ ပါ၀င်လာစေရန်
လိုအပ် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ဗဟို)မှ အထွေထွေ
အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။ "ကွန်ဒိုမီနီယံကို ခြောက်ထပ်ထိ ၀ယ်ခွင့်
ပေးထားပေမဲ့ အခုထက်ထိ ၀ယ်တဲ့သူတွေ အများကြီးမလာသေးဘူး။ သူတို့က ဘာတွေ
စောင့်နေသလဲဆိုတော့ နိုင်ငံခြားမှာက ဘဏ်တွေနဲ့ ချိတ်ပြီးဝယ်လို့ရတယ်။ ပုဂ္ဂလိက
ပိုင်မြေပေါ်မှာ ဆောက်တဲ့ ကွန်ဒိုတွေဆို ကွန်ဒိုဥပဒေအရ မြေကလည်း သတ်မှတ်ထားတဲ့
အကျယ်အဝန်းရှိမယ်၊ သတ်မှတ်ချက် လည်းရှိမယ်ဆိုရင်လည်း ဘဏ်အပေါင် လက်ခံတယ်
။ BOT (Build operate transfer) စနစ်နဲ့ ဆောက်ထားတဲ့ ကွန်ဒိုဆိုရင် ဘဏ်အပေါင်
လက်မခံဘူးလို့ ဘဏ်တွေဘက်က ပြောဖူးတယ်။ အဲဒါကြောင့်လည်း ကွန်ဒို မီနီယံတွေ
အရောင်းကျသွားတာလည်း ပါတယ်။ နိုင်ငံခြားသားတွေကလည်း BOT ကွန်ဒိုတွေကို
ဘဏ်ပေါင်လက်ခံရင် ၀ယ်ကြမယ့်သဘောလေးတွေ ရှိတယ်။ ဥပဒေသာ ထွက်တာ၊
နည်းဥပဒေ မထွက်သေးဘူး။ ထွတ်လာမယ့် နည်းဥပဒေမှာလည်း ဘယ်လို VISA
ကိုင်ထားတဲ့ နိုင်ငံခြားသားက ကွန်ဒို ၀ယ်ခွင့်ရှိသလဲဆိုတာပါ ရှင်းရှင်းလင်းလင်း
ပါလာဖို့လိုတယ်"ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထား ပြီးဖြစ်သည့် စုပေါင်းပိုင် အဆောက်အအုံ
ဥပဒေ (ကွန်ဒိုဥပဒေ)တွင် နိုင်ငံခြားသား များ၏ ၀ယ်ယူခွင့်ကို အဆောက်အအုံအမြင့်
ခြောက်ထပ်နှင့် အထပ်အခန်းများကိုသာ ၀ယ်ယူခွင့်ပြုထားပြီး အဆောက်အအုံ၏
၄၀ ရာခိုင်နှုန်းသော အခန်းများကို ၀ယ်ယူ ခွင့်ပြုထားသည်။
ကွန်ဒိုအဖြစ် အသိအမှတ် ပြုရန်အတွက် အနည်းဆုံး မြေအကျယ်အဝန်း စတုရန်းပေ
၂၀,၀၀၀ (ဧကတစ်ဝက်) ရှိရန် လိုအပ်သည်။ အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့်
ကွန်ဒို ဥပဒေ အခန်း ၅ မှတ်ပုံတင်ခြင်းနှင့် စုပေါင်း ပိုင်အဆောက်အအုံတည်ထောင်ခြင်း
ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားပြီးဖြစ်သည့် စုပေါင်းပိုင်မြေတွင် ဆောက်လုပ်ထားသော
အဆောက်အအုံများကို စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒိုမီနီယံအဖြစ် သတ်မှတ်မည်)ဖြစ်သည်။
ထို့အပြင် ယင်းဥပဒေပါ အခန်း ၅ အပိုဒ် ၁၀ (ခ) တွင် ဖော်ပြထားချက် များအရ စုပေါင်းပိုင်
အဆောက်အအုံအဖြစ် အသိအမှတ်ပြုလိုပါက မြေလက်ဝယ်ပိုင်ဆိုင် ထားသူက စာချုပ်
စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီး စုပေါင်းပိုင်ဆိုင်ခွင့်ရှိသူများ ထံသို့ မြေကို
လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။
"ကွန်ဒိုတွေ ဘဏ်မှာ အပေါင်ထားလို့ မရသေးဘူးဆိုတာ ဥပဒေမထွက်သေးလို့ပါ။
အဓိကတော့ ပိုင်ဆိုင်မှု စကားပြောတာပါ။ကွန်ဒိုနည်းပဒေထွက်လာရင် မြေပါ ပိုင်
လာမှာဖြစ်တယ်။ ကွန်ဒိုဥပဒေအရ မြေကို မှတ်ပုံတင် မလုပ်ထားကြဘူးဆိုရင်
မြေမပိုင်တဲ့ အတွက်ကြောင့် ဒီမြေပိုင်ရှင်ကို ကျော်ပြီး ဘယ်သူမှ အလုပ်လုပ်လို့မရဘူး။
ကွန်ဒိုနည်းဥပဒေထွက်မှပဲ ရှင်းလိမ့်မယ်။ BOT ကွန်ဒိုတွေမို့လို့ ဘဏ်တွေက အပေါင်
မခံဘူး ဆိုတာလည်း မဟုတ်ပါဘူး။ နည်းဥပဒေ ထွက်လာမှ ရှင်းသွားမှာ ဖြစ်ပါတယ်"ဟု
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က
အောက်တိုဘာ ၁၀ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။
















