မြန်မာနိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပြည်ပ၌ အိမ်ခြံမြေ ကွန်ဒိုတိုက်ခန်း
၀ယ်ယူမှုနှုန်းထားများမှာ အခြားနိုင်ငံသား များ၏ အိမ်ခြံမြေနှင့် ယှဉ်လျှင် သိသိသာသာ
နည်းပါးလျက်ရှိကြောင်း ပြည်တွင်း ပြည်ပ အိမ်ခြံမြေကျွမ်းကျင်သူများထံမှ သတင်း ရရှိသည်။
"မြန်မာလူမျိုးတွေ ပြည်ပမှာ အိမ်ဝယ်တဲ့ အလေ့အထ အင်မတန် နည်းပါတယ်။
အသွားအလာများတဲ့ စင်ကာပူလို နိုင်ငံမှာ တောင် မြန်မာလူမျိုးတွေ အိမ်ဝယ်တာ
ရာခိုင်နှုန်း အရမ်းနည်းပြီး အိမ်ဝယ်ယူသူ အရေအတွက်က အရမ်းနည်းပါတယ်။
ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာလည်း မြန်မာတွေ
အိမ်ဝယ်ကြတာ အခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် အရမ်းနည်းနေပါသေးတယ်"ဟု
KAE Alliance အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ အမှုဆောင်အရာရှိချုပ် ဦးကျော်မင်းဇင်က
ပြောသည်။
မြန်မာနိုင်ငံသားများ အများအပြား သွားရောက်လုပ်ကိုင်နေသည့် စင်ကာပူနိုင်ငံ ၌ပင်လျှင်
မြန်မာနိုင်ငံသားများ၏ အိမ်ခြံမြေ ၀ယ်ယူမှုမှာ တစ် ရာခိုင်နှုန်းအောက်သာ ၀ယ်ယူ
မှုရှိကြောင်း စင်ကာပူနိုင်ငံအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဖြစ်သော
SRX PROPERTY မှ ထုတ်ပြန်ခဲ့သော ကြေညာချက်များအရ သိရသည်။
၂၀၁၃ ခုနှစ်နောက်ပိုင်းမှ စတင်ကာ နိုင်ငံခြားမှ အိမ်ရာ အရောင်းကိုယ်စားလှယ်များ
မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံခြား မှ အိမ်ရာများကို အရစ်ကျစနစ်ဖြင့် စတင်
ရောင်းချလာခဲ့ကြပြီး အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများနှင့် အမေရိကန်မှ အိမ်ရာ
များလည်း မြန်မာနိုင်ငံသို့ လာရောက်ရောင်းချ လျက်ရှိသော်လည်း ၀ယ်ယူလိုသူပမာဏ
နည်းပါးနေဆဲဖြစ်ကာ ၀ယ်လိုအား နည်းပါးလျက်ရှိကြောင်း နိုင်ငံတကာ အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် စင်ကာပူ နိုင်ငံများမှ အဆင့်မြင့်အိမ်ရာများမှာ မြန်မာ နိုင်ငံမှ
အဆင့်မြင့်အိမ်ရာများထက် သိသာ စွာ ဈေးနှုန်းမြင့်တက်မှု မရှိသည့်အတွက် အဆိုပါနိုင်ငံ
များတွင် အလုပ်လုပ်ကိုင်နေ သော မြန်မာနိုင်ငံသားများက အိမ်ရာ ၀ယ်ယူရန် စိတ်ဝင်စား
မှုရှိကြကြောင်း အိမ်ခြံ မြေအကျိုးဆောင်များက ပြောသည်။
"စီးပွားရေးလုပ်ငန်းရှင်တွေက ရင်းနှီး မြှုပ်နှံမှုအနေနဲ့ ပြည်ပမှာ အိမ်ရာသွားဝယ် ထားကြတာ
များတယ်။ သားသမီးတွေ ပြည်ပ မှာ ကျောင်းတက်ရင် အဆင်ပြေဖို့အတွက် ၀ယ်တာ
လည်းရှိတယ်။ စင်ကာပူ၊ ဩစတြေး လျနဲ့ ယူကေမှာ အဓိကအဝယ်များတယ်။ စင်ကာပူက
အများဆုံးပေါ့။ မလေးရှားတို့ ထိုင်းတို့မှာလည်း ၀ယ်ထားကြပေမဲ့ ပမာဏ သိပ်မများဘူး။
စင်ကာပူက ကမ္ဘာမှာ ငွေကြေး ဆိုင်ရာအရ အရေးပါတဲ့နေရာဖြစ်လို့ နိုင်ငံ တကာက
လူတွေ အိမ်ဝယ်တာ များကြတယ်။ စင်ကာပူတစ်ခုတည်းကို ပြောရရင် မြန်မာ
နိုင်ငံသားတွေက အိမ်ဝယ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အင်မတန်နည်းနေတာ
တွေ့နေရဆဲဖြစ်ပါတယ် "ဟု ပြည်တွင်းပြည်ပ အိမ်ခြံ မြေဆိုင်ရာလုပ်ငန်းများကို
လုပ်ကိုင်နေသည့် iMyanmarHouse.com မှ အုပ်ချုပ်မှုဒါရိုက် တာ ဦးနေမင်းသူက
ပြောသည်။
စီးပွားရေး၊ အလုပ်အကိုင်၊ ဆေးကုသခြင်း နှင့် အလည်အပတ်သွားရောက်မှု များပြားသည့်
စင်ကာပူနှင့် ထိုင်းနိုင်ငံများတွင် မြန်မာ နိုင်ငံသာများ သွားရောက် အိမ်ရာဝယ်ယူ
နေထိုင်ကြခြင်းများ ယခင်ကထက် ပိုမိုများ လာကြပြီး ပြည်ပ အိမ်ခြံမြေလုပ်ငန်းရှင်
များမှလည်း ဆောက်လုပ်ပြီး ကွန်ဒိုတိုက် ခန်းများကို ပြည်တွင်းဈေးကွက်သို့ မကြာခဏ
လာရောက်ရောင်းချမှုများ ပြုလုပ်လာ ကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"စင်ကာပူနဲ့ ထိုင်းလောက်မှာပဲ မြန်မာ လူမျိုးတွေ အိမ်ရာဝယ်ယူတာ အနည်း
အကျဉ်းရှိပြီး ကျန်တဲ့ နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အမေရိကားနဲ့ အင်္ဂလန်တို့မှာတော့
အိမ်ဝယ်တာတွေရှိပေမဲ့ အရမ်း နည်းပါးနေပါသေးတယ်။ တခြားနိုင်ငံနဲ့ ယှဉ်ရင်
မြန်မာပြည်က လူတွေက ပြည်ပမှာ အိမ်ခြံမြေ သွားဝယ်နေတာ နည်းပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက ပိုက်ဆံရှိတဲ့လူက လက်ချိုးရေလို့ကို ရတယ်။
၀ယ်နေကြတယ်ဆိုတာကလည်း ဟိုဘက် နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ကတ် ရပြီးသား
လူတွေက ဘဏ်ငွေချေးစနစ်နဲ့ ၀ယ်တာက ပိုများပါတယ်"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ
၀န်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
စင်ကာပူ၊ မလေးရှား၊ တရုတ်နှင့် ထိုင်း နိုင်ငံများမှ အိမ်ရာများ ရောင်းချခြင်းအပြင်
ပြီးခဲ့သောနှစ်အတွင်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ကာ မိသားစုလိုက် အမေရိကန်နိုင်ငံ
သားဖြစ်ခွင့်ပြုသော Investor Green Card ရရှိမည့် အီးဘီ၅ ပရိုဂရမ်ကို မြန်မာနိုင်ငံတွင်
စတင်မိတ်ဆက်ခဲ့ပြီး အင်္ဂလန်နိုင်ငံမှ အိမ်ရာများကိုလည်း ပြီးခဲ့သောနှစ်အတွင်း
လာရောက် ရောင်းချခဲ့သေးသည်။
















