ရွေးကောက်ခံကော်မတီဝင်များ ပိုမိုပါ၀င်ရေး ရန်ကုန် စည်ပင်သာယာရေး ဥပဒေကြမ်းတွင် ဖြည့်စွက်ထား

ရွေးကောက်ခံကော်မတီဝင်များ ပိုမိုပါ၀င်ရေး ရန်ကုန် စည်ပင်သာယာရေး ဥပဒေကြမ်းတွင် ဖြည့်စွက်ထား

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတွင်
စည်ပင်သာယာရေးကော်မတီ၌ ရွေးကောက် ခံကော်မတီဝင်များ အရေအတွက် ပိုမိုပါ၀င်
စေရေးကို ပြင်ဆင် ဖြည့်စွက်ထားသည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း
ကော်မတီဥက္ကဋ္ဌ၊ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ်
ဦးသိန်းမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဥပဒေကြမ်းကော်မတီက အဆိုပါ ဥပဒေ ကြမ်းကို အောက်တိုဘာ ၁၄ ရက်က ပြုလုပ် သော
လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း မည်သည့် အချက်များကို
ပြင်ဆင် ဖြည့်စွက်ထားသည် ကိုမူ လွှတ်တော်အတွင်း ထုတ်ဖော်ပြောကြား ခဲ့ခြင်းမရှိပေ။
သို့သော် ဒီမိုကရေစီခေတ်ကာလနှင့် လျော်ညီသော အချက်များ၊ ဗဟိုချုပ်ကိုင်မှု စနစ်ကို
လျှော့ချပြီး အောက်ခြေအဆင့်ဝန်ထမ်းများကို ပိုမိုလုပ်ကိုင်ခွင့်ပေးမည့် အချက်များအပြင်
ခေတ်နှင့်လျော်ညီသော ပြစ်ဒဏ်များကို ဥပဒေကြမ်းတွင် ပြင်ဆင် ဖြည့်စွက်ထားသည်ဟု
ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်က ဆိုသည်။

"အဓိကကတော့ စည်ပင်သာယာရေးကော်မတီမှာ ရွေးကောက်ခံက လေးဦးပဲရှိ နေတော့
မြို့တော်ဝန် တိုက်ရိုက်ခန့်တဲ့ ဦးရေထက် ကျွန်တော်တို့က ရွေးကောက်ခံ ဦးရေကို
ပိုမိုများပြားစေချင်ပါတယ်။ အဲဒါမှလည်း စည်ပင်သာယာရေးလုပ်ငန်းတွေကို
အင်အားကောင်းကောင်းနဲ့ လုပ်နိုင်မှာဖြစ် ပါတယ်။ အဲဒါကြောင့် ဒီအချက်ကို ပြင်ဆင်ဖို့
ထည့်ထားတာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က
ယခု ဥပဒေကြမ်းကို အတည်ပြုလိုက်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ
ဥပဒေကိုလည်း ပြင်ဆင် ရလိမ့်မည်ဟု ၎င်းက ပြောသည်။

"ရွေးကောက်ပွဲကို အရင်က ခရိုင်ကော် မတီဝင်အဆင့် လေးဦးအတွက် လုပ်ပေးရတာ
ကနေ ထပ်တိုးမယ်ဆိုရင် ရွေးကောက်ပွဲဥပဒေ ကိုလည်း ပြင်ကောင်း ပြင်ရပါလိမ့်မယ်"ဟု
ဦးသိန်းမြင့်က ဆိုသည်။

၂၀၁၃ ခုနှစ် စည်ပင်ရွေးကောက်ပွဲဥပဒေ အရ စည်ပင်သာယာရေး ကော်မတီကို
မြို့တော်ဝန်အပါအဝင် ကော်မတီဝင် ကိုးဦး နှင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသော်လည်း
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယခုအချိန်ထိ ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို
ကြေညာခြင်း မရှိသေးပေ။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲက ရွေး ကောက်ခံ ကိုယ်စားလှယ်များ
နေရာလစ်လပ် နေပြီဖြစ်သော်လည်း လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က
ရွေးကောက်ပွဲပြု လုပ်ရန် ကြန့်ကြာနေခြင်းကြောင့် စည်ပင်သာယာရေးလုပ်ငန်းများ
လုပ်ကိုင်ရာတွင် နှောင့်နှေးနိုင်သည်ဟု တိုင်းဒေသကြီးအမတ် ဟောင်းတစ်ဦးဖြစ်သူ
ဦးကျော်က ပြောသည်။

"ရွေးကောက်ပွဲက မဖြစ်မနေလုပ်ရမှာပါ။ ရွေးကောက်ပွဲကိုလုပ်တဲ့အခါမှာလည်း ဒီမိုကရေစီစနစ်နဲ့
ကိုက်ညီအောင် ပြုလုပ်ရမှာပါ။ ကျွန်တော်တို့ လွှတ်တော်မှာ ရှိတုန်းကလည်း
ရွေးကောက်ပွဲဥပဒေကို ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီအောင်ပြင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
မအောင်မြင်ခဲ့ပါဘူး"ဟု ၎င်းက ဆိုသည်။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာတိုင်း(မ်)
သီးသန့်အင်တာဗျူးတွင် ရန်ကုန် တိုင်းအစိုးရအနေဖြင့် စည်ပင်ရွေးကောက်ပွဲ ဆိုင်ရာ
ဥပဒေနှင့် နည်ဥပဒေများကို ပြန်လည် ပြင်ဆင်မည်ဟု ပြောကြားထားသော်လည်း
ယနေ့အချိန်တွင် ပြင်ဆင်ခြင်းမရှိသေးပေ။ နှစ်ပေါင်း ၆၅ နှစ်ကျော်ကြာ မပြုလုပ်ခဲ့ဘဲ
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ တစ်ဖန်ပြုလုပ်ခဲ့ သည့် ရန်ကုန်စည်ပင် ရွေးကောက်ပွဲတွင်
ကော်မတီဝင်အဆင့်ဆင့်အတွက် ကိုယ်စား လှယ်ပေါင်း ၃၀၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်
ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို
လွှတ်တော်တွင် အောက်တိုဘာ ၂၁ ရက်၌ ဆွေးနွေးကာ အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်