နိုင်ငံတော်က ဆောက်လုပ်နေသည့် တန်ဖိုး နည်းအိမ်ရာများကို လက်ရှိထုတ်ချေးနေသည့်
ရှစ်နှစ်သက်တမ်း အရစ်ကျချေးငွေ စနစ်မှ ၁၅ နှစ်သက်တမ်းအထိ နှစ်ရှည် တိုးမြှင့်
ထုတ်ချေးပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က အောက်တိုဘာ ၁၄ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခုကဲ့သို့ နှစ်သက်တမ်းတိုးပေးရန် စီစဉ်ရခြင်းမှာ ၀ယ်ယူခွင့် ရရှိထားသူများ ငွေပေးချေမှု
လွယ်ကူအဆင်ပြေစေရန်နှင့် လစဉ် အရစ်ကျပေးသွင်းရမည့် ငွေကြေးပမာဏကြောင့်
၀ယ်ယူသူများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေလိုသည့်အတွက်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အခုတန်ဖိုးနည်းကို ရောင်းပေးနေတဲ့ ရှစ်နှစ်သက်တမ်းကနေ ၁၅ နှစ်သက်တမ်း အထိ
နှစ်တိုးပြီး ငွေချေးပေးနိုင်ဖို့ ပြင်ဆင် နေပါတယ်။ အစီအစဉ် ရှိထားပြီးပါပြီ။ လောလောဆယ်
ပြောလို့မရသေးတဲ့ အခြေ အနေလေးတစ်ခုကို စောင့်နေတာပါ။ အဲဒီ အခြေအနေလေး
ဖြစ်လာရင် ချက်ချင်း လုပ်ပေးသွားမှာပါ"ဟု ၎င်းက ပြောသည်။
အများပြည်သူအိမ်ရာ ၀ယ်ယူပိုင်ဆိုင်နိုင် ရန်နှင့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဘဏ်ချေးငွေရယူကာ နှစ်ရှည် အရစ်ကျ
ငွေထုတ်ချေးပေးနိုင်မည့် ဖွံ့ဖြိုးရေး ဘဏ်တစ်ခု နိုင်ငံအတွင်း၌ လိုအပ်လာသည့် အတွက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် ပါ၀င်သည့်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် တွင်
စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။
ယင်းဘဏ်ကို မတည်ရင်းနှီးငွေ ကျပ် ဘီလျံ ၁၀၀ ဖြင့် လုပ်ငန်းများကို စတင်
ထူထောင်ခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာရှင် ၄၆ ဦး၏ ထည့်ဝင်ငွေများ၊ နိုင်ငံတော်၏ ထည့်ဝင်
ငွေများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အိမ်ရာဖွံ့ဖြိုးရေးဘဏ်
တစ်ခုလည်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရောင်း ချခဲ့သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း တစ်ခု
ဖြစ်သည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် တိုက်ခန်းဝယ်ယူခွင့်ရရှိသူများကို
ရှေ့ပြေးစီမံချက်အနေဖြင့် ဘဏ်ချေးငွေဖြင့် တိုက်ခန်းဝယ်ယူသည့်စနစ်ကို စတင်
စမ်းသပ်ခဲ့သည်။
ပြည်သူများ၏ အိမ်ရာဝယ်ယူနိုင်မှုစွမ်း အား၊ လစဉ်ပေးသွင်းနိုင်သည့် ငွေပမာဏ၊ ကနဦး
အရစ်ဖြစ်သည့် တိုက်ခန်းတန်ဖိုး စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ပေးချေနိုင်ခြင်း ရှိမရှိကို
လေ့လာဆန်းစစ်ခဲ့ကြပြီး အမှန် တကယ် ပြည်သူများ အိမ်ရာဝယ်ယူပိုင်ဆိုင် နိုင်သည့်
စနစ်တစ်ခုအထိ ဖြစ်ပေါ်လာ အောင် တိုးမြှင့် လုပ်ဆောင်ပေးလျက်ရှိကြောင် ဦးဝင်းဇော်က
ပြောသည်။
အရစ်ကျစနစ်ဖြင့် ဘဏ်နှင့်ချိတ်ဆက် ကာ ရောင်းချပေးခဲ့သော်လည်း ကနဦးအရစ် ဖြစ်သည့်
တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို တိုက်ခန်းဝယ်ယူခွင့်ရရှိသူများက ပေးသွင်း နိုင်ရန်
အခက်အခဲများဖြစ်ပေါ်ခဲ့သည့်အပြင် လေးနှစ်အတွင်း အရစ်ကျစနစ်ဖြင့်ပေးသွင်းရန်
သတ်မှတ်ခဲ့သည့်အတွက် လစဉ် ဘဏ်သို့ ပြန်လည်ပေးဆပ်ရသည့် ငွေပမာဏ
များပြား သည့်အတွက် ၀ယ်ယူသူ အများစု အဆင်မပြေ မှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထို့ကြောင့် လေးနှစ် အရစ်ကျပေးသွင်းရသည့် စနစ်အစား ရှစ်နှစ် အရစ်ကျ ပေးသွင်းနိုင်ရန်
ပြောင်းလဲစီစဉ် ခဲ့ခြင်းဖြစ်သည်။ "အရင်အစိုးရလက်ထက် တန်ဖိုးနည်း အိမ်ရာ ရောင်းတဲ့
ပုံစံက အိမ်လိုချင်လို့ လာလျှောက်တဲ့လူတွေအများကြီးထဲကနေ မဲနှိုက်ပြီး ရောင်းပေးခဲ့တဲ့
စနစ်ဖြစ်ပါတယ်။ တကယ်လည်း ၀ယ်ယူခွင့်မဲပေါက်ကော ငွေမသွင်းနိုင်တာနဲ့၊ ဘဏ်နဲ့
ချိတ်ပြီး ရောင်းပေးမယ်ဆိုတာတောင် ကနဦး ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကို မသွင်းနိုင်တဲ့
လူက တော်တော်များခဲ့တယ်။ ရွှေလင်ပန်း တန်ဖိုး နည်းအိမ်ရာတုန်းကလည်း အိမ်ဝယ်ခွင့်
ရလို့ ဘဏ်နဲ့ချိတ်ပြီး ရောင်းပေးမယ်ဆို တာတောင် တိုက်ခန်းတန်ဖိုး သိန်း ၁၂၀ အတွက်
ကနဦး ဘဏ်ကိုပေးရမယ့် ၃၀ ရာခိုင်နှုန်းအတွက် ပေးသွင်းရမယ့် သိန်း ၄၀ ပေးနိုင်တဲ့လူက
အရမ်းနည်းသွားပါတယ်။ ဒါ့ပြင် လေးနှစ်အရစ်ကျနဲ့ ရောင်းပေးမယ် ဆိုတော့လည်း
အဆင်မပြေကြတော့ ရှစ်နှစ် အထိ တိုးပေးပြီး ငွေထုတ်ချေးထားပါတယ်။ အခုလည်း
နောက်ထပ် ၁၅ နှစ်အထိ ရေရှည် ပေးနိုင်ဖို့ စီစဉ်နေဆဲဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
ယခုအစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကနဦးစီမံချက်ဖြင့် ကျပ်သိန်း
၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၈,၀၀၀ ထွက်ရှိနိုင်ရန် ဒဂုံဆိပ်ကမ်း၊
မင်္ဂလာဒုံနှင့် သန်လျင်မြို့နယ်များတွင် ဆောက်လုပ်ရန် လျာထားသည်။
"အဓိကအားဖြင့်တော့ တန်ဖိုးနည်းအိမ် ရာတွေကို ၀ယ်ယူနိုင်အောင်လို့ CHD ဘဏ်နဲ့ချိတ်ဆက်ပြီး
အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ကို ပေးသွင်းနိုင်အောင် သတင်းစာတွေထဲ ကနေ
ပြည်သူတွေအတွက် အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်တဲ့စနစ် လုပ်ထားပါတယ်။
အိမ်ရာစုဆောင်းငွေစာရင်း ရှိတဲ့လူတွေကို ဦးစားပေးပြီး ရောင်းပေးမယ်လို့လည်း
ကြေညာထားပြီးဖြစ်ပါတယ်။ အဓိကက တော့ ပြည်သူတွေလက်ထဲ အိမ်ရာတွေ
အမှန်တကယ် ရောက်နိုင်အောင်အတွက် ညှိနှိုင်းလုပ်ပေးနေပါတယ်"ဟု ဆောက်လုပ်ရေး
၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက
ပြောသည်။
တည်ဆောက်ပြီးစီးနေသည့် ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းရှိ ယုဇန တန်ဖိုးနည်းအိမ်ရာ
စီမံကိန်း၊ ကနောင်တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းနှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း များမှ စုစုပေါင်းတိုက်ခန်း ၂,၂၀၈ ခန်းကို
အများပြည်သူထံ မကြာမီရောင်းချပေးသွား မည်ဖြစ်သည်။ မကြာမီ နိုင်ငံတော်၏
အစီအစဉ်ဖြင့် ရောင်းချမည့် တန်ဖိုးနည်းတိုက်ခန်းပေါင်း ၂,၂၀၈ ခန်း၏ နှုန်းထားများမှာ
မြေညီထပ် ကျပ်သိန်း ၁၂၀ နှင့် လေးလွှာ အပေါ်ဆုံးထပ် ကျပ် ၉၈ သိန်းကျသင့်မည်ဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ရာဝယ်ယူသူများနှင့် ဆောက်လုပ်ရေး
လုပ်ငန်းများသို့ ချေးငွေများထုတ်ချေးလျက်ရှိရာ အိမ်ရာဝယ်ယူလိုသူစုစုပေါင်း လူဦးရေ
၅၀၀ ကျော်ကို ထုတ်ချေးပေးငွေ ကျပ်ခုနစ်ဘီလျံနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များနှင့်
စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၂၀၀ ကျော်သို့ ကျပ် ဘီလျံ ၉၀ ထုတ်ချေး
ပေးထားပြီးဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာလိုအပ်သူများအတွက် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပေးခြင်းကို
ဩဂုတ်လမှ စတင် ကာ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး အောက်တိုဘာလဆန်းအထိ
လူဦးရေ ၅,၀၀၀ ကျော်ရှိ နေပြီဖြစ်သည်။
















