အသစ်ဆောက်လုပ်သော အဆင့်မြင့်အိမ်ရာများနှင့် လစဉ်ငှားရမ်းနိုင်သော နိုင်ငံတကာ
အဆင့်မီ တိုက်ခန်းများအပါအဝင် အိမ်ရာအရေအတွက် များပြားလာသည့်အတွက် ကွန်ဒို
အငှားဈေးကွက်မှာ ကျဆင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန်နှင့် နိုင်ငံခြား သားများ နေထိုင်ရန် အဓိကထား ငှားရမ်းလေ့ရှိသော
မြို့ထဲဧရိယာအတွင်းရှိ ကွန်ဒိုတိုက်ခန်းများမှာ အငှားဈေးကွက် အေးစက်နေသော်လည်း
ဈေးနှုန်းများ မကျဆင်းသေးကြောင်း သစ္စာမြေ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက
ဒေါ်သူဇာမေက ပြောသည်။
"ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်က အေးစက်နေပါတယ်။ အသစ်ဆောက်လုပ် ခဲ့တဲ့
ရုံးခန်းတွေ၊ အဆင့်မြင့်အိမ်ရာတွေကြောင့်လည်း ကွန်ဒိုဈေးကွက် demand
ထက် supply များပြားသလိုဖြစ်နေပြီး ဈေးကွက် အေးစက်သွားတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ဈေးကွက်ကောင်းမွန်ခဲ့သော ကွန်ဒိုအငှား ဈေးကွက်မှာ
ဈေးနှုန်းများ အမြင့်ပိုင်းဖြင့်သာ ရပ်တည်ခဲ့ပြီး ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗဟန်း၊
လှည်းတန်း၊ ကမာရွတ်နှင့် ရန်ကင်းမြို့နယ်များရှိ ကွန်ဒိုတိုက်ခန်းများကို ငှားရမ်း
နေထိုင်မှုများပြားခဲ့ကြကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
ကွန်ဒိုတိုက်ခန်း အငှားခနှုန်းထားများကို တိုက်ခန်းပိုင်ရှင်များက အမေရိကန်ဒေါ်လာဖြင့်
သတ်မှတ်လေ့ရှိကြသော်လည်း ယခုကဲ့သို့ ဒေါ်လာဈေး မငြိမ်မသက်ဖြစ်ကာ ဈေး
အတက်ဘက်သို့ ဦးတည်နေသည့်အချိန် တွင် ငှားရမ်းမှုလျော့နည်းပြီး ဈေးကွက်ကျဆင်း
ရခြင်းလည်းဖြစ်နိုင်ကြောင်း တော်ဝင် အိမ်ခြံမြေအကျိုးဆောင်က ဦးထွန်းထွန်းဦးက
ပြောသည်။
"ကွန်ဒိုတိုက်ခန်းတွေက နိုင်ငံခြားသားတွေ အငှားများပြီး ဒေါ်လာဈေးကွက်ကလည်း
မြန်မာငွေကြေးဈေးကွက်ထက် ပိုခိုင်မာတော့ ကွန်ဒိုအငှားဈေးကွက်တွေကို
ဒေါ်လာတွေနဲ့ သတ်မှတ်တာများကြတယ်။ ဒီလို ဒေါ်လာ ဈေးမငြိမ်ဘဲ အတက်
ဘက်ကို ဦးတည်နေ ချိန်ဆို ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်ပါ အေးတတ်တယ်"ဟု
၎င်းက ပြောသည်။
ကွန်ဒိုတိုက်ခန်း အငှားဈေးနှုန်းများ ယခုအချိန်ထိ သိသာစွာ မကျဆင်းသေးသော်လည်း
တစ်လငှားရမ်းခ ကျပ်သိန်း ၁၀၀ ကျော်ရှိသော တန်ဖိုးမြင့် လုံးချင်းအိမ် အငှားဈေးကွက်မှာ
ကျဆင်းလျက်ရှိပြီး အငှားဈေးနှုန်းများလည်း သိသာစွာ ကျဆင်းလျက်ရှိကြောင်း
ဦးထွန်းထွန်းဦးက ပြောသည်။ "ကွန်ဒိုတိုက်ခန်းတွေနဲ့ တစ်လငှားရမ်းခ ကျပ်သိန်း
၃၀ အောက်လောက်ရှိတဲ့ လုံးချင်း အိမ်အငှားဈေးတွေသာ မကျပေမဲ့ တစ်လ
ငှားရမ်းခ သိန်း ၁၀၀ နဲ့ သူ့အထက်ဈေးပေးရ တဲ့ လုံးချင်းအိမ်အငှားဈေးတွေက
လက်ရှိအချိန်မှာ ၁၅ ရာခိုင်နှုန်းလောက်ကျပြီး ဈေးကွက်လည်း အေးနေပါတယ်"ဟု
၎င်းက ပြောသည်။ ကွန်ဒိုတိုက်ခန်းများ၊ လုံးချင်းအိမ်များ၏ အငှားဈေးနှုန်းများ သိသာစွာ
မကျဆင်းသေးသော်လည်း အဆိုပါအိမ်ရာများ၏ အရောင်းဈေးနှုန်းများမှ ၃၀ ရာခိုင်နှုန်းခန့်
အထိ သိသာစွာ ကျဆင်းနေပြီး ဈေးကွက် လည်း အေးနေကြောင်း ဦးထွန်းထွန်းဦးက
ပြောသည်။
"အသစ်ဆောက်လုပ်ထားတဲ့ အဆင့်မြင့်အိမ်ရာတွေမှာ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်လို့
ကွန်ဒိုတိုက်ခန်းဝယ်ယူလိုသူတွေ အိမ်ရာသစ်တွေမှာပဲ ၀ယ်ယူတာများလာပြီး အရင်
ကွန်ဒိုတိုက်ခန်းတွေကို ၀ယ်ယူတာ ရှားလာလို့ အရောင်းဈေးနှုန်းတွေ ကျနေတာတောင်
အရောင်းဈေးကွက်တွေ အေးနေတယ်။ အိမ်ခြံမြေဈေးတွေက အကျဘက်မှာ ရှိနေဆဲဖြစ်လို့
တန်ဖိုးမြင့် လုံးချင်းအိမ် အရောင်းဈေးတွေလည်း ဈေးကျနေပါတယ်"ဟု ၎င်းက ပြောသည်။
မြို့ထဲဧရိယာအတွင်းရှိ ကွန်ဒိုတစ်ခန်း၏ အငှားဈေးမှာ လမ်းနှင့် အခန်းအကျယ်အဝန်းပေါ်
မူတည်ပြီး တစ်လလျှင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၃၀ အထိ ရှိပြီး ရိုးရိုးတိုက်ခန်း
တစ်ခန်း၏ အငှားဈေးမှာ အထပ်အမြင့် အပေါ် မူတည်ပြီး တစ်လလျှင် ကျပ် နှစ်သိန်းမှ
ကျပ်ရှစ်သိန်းအထိ ရှိသည်။















