နိုင်ငံပိုင်အငှားအိမ်ရာစီမံကိန်းများတွင် နေထိုင် သူများ၏ အိမ်ရာဝယ်ယူနိုင်မှုရှိမရှိ အခြေ
အနေများကို ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ကာ ဆက်လက်ငှားရမ်းခြင်း သင့်မသင့်
ပြန်လည် ဆန်းစစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခုအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ ပဲခူး၊
နေပြည်တော်နှင့် ပုသိမ်မြို့များတွင် ဆောက်လုပ်လျက်ရှိသော အငှားအိမ်ရာ များကို
လုပ်ထုံးလုပ်နည်းအသစ်ဖြင့် ယခု လမှစတင်ကာ ငါးနှစ်တာကာလအထိသာ
ငှားရမ်းပေးသွားမည်ဖြစ်သည်။ ထို့ပြင် ယခင် အစိုးရအဆက်ဆက် ဆောက်လုပ်ငှားရမ်း
ခဲ့သည့် နိုင်ငံပိုင် အငှားအိမ်ရာ နေထိုင်သူများ ကိုလည်း ယခုထုတ်ပြန်လိုက်သည့်
လုပ်ထုံး လုပ်နည်းသစ်နှင့်အညီ ငှားရမ်းသည့် စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
"အငှားအိမ်ရာတွေကို ငါးနှစ်ပဲ ငှားရမ်းခွင့် ပေးတော့မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့
နိုင်ငံပိုင်အငှားအိမ်ရာတွေကို ဒီစည်းကမ်း ချက်တွေနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ငှားနေ
ခွင့်ရရင် ငါးနှစ်အထိပဲ စာချုပ်ချုပ်မယ်၊ ပြီးရင် သူတို့ ငါးနှစ်အတိုင်းအတာအတွင်းမှာ
အိမ်ဝယ်နိုင်တဲ့အခြေအနေရှိမရှိ ပြန်ဆန်းစစ် မယ်။ သူတို့အိမ်ဝယ်နိုင်စွမ်းအား မရှိရင်လည်း
ဆက်ငှားပေါ့။ ၀ယ်နိုင်စွမ်းအားရှိရင်တော့လည်း မနေနဲ့ပေါ့။ ဒါမှ တခြားအိမ်လိုတဲ့
လူတွေကို နေရာချထားပေးလို့ ရမှာဖြစ်တယ်။ အရင်အငှားချအိမ်ရာအဟောင်းတွေကို
လည်း အခုမူနဲ့ပဲ တဖြည်းဖြည်း ပြန်လုပ်သွား ရမှာဖြစ်ပါတယ်"ဟု ဦးမင်းထိန်က
ပြောသည်။
နိုင်ငံတကာ၌ အငှားအိမ်ရာများကို ငါးနှစ် သာ အများဆုံး ငှားရမ်းလေ့ရှိသော်လည်း
မြန်မာနိုင်ငံတွင် အငှားအိမ်ရာနေထိုင်ခွင့် ရရှိထားသူများကို နှစ်ပေါင်းများစွာ သားစဉ်
မြေးဆက်တိုင်အောင် အဖိုးနှုန်း ချိုသာစွာဖြင့် ဆက်လက်ငှားရမ်းခွင့် ပြုထားသည်။
ခေတ်အဆက်ဆက်တွင် အိမ်ရာ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် စည်းမျဉ်းစည်းကမ်း
အားနည်းမှုတို့ကြောင့် နိုင်ငံပိုင်အငှားအိမ်ရာ များဖြစ်သော်လည်း တရားမဝင် ရောင်းဝယ်
ငှားရမ်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည့် အတွက် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ
ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။
နိုင်ငံပိုင် အငှားအိမ်ရာများကို ခေတ် အဆက်ဆက်တွင် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်း
စားများ၊ စစ်မှုထမ်းဟောင်းများကို ဈေးနှုန်းချိုသာစွာဖြင့် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်
ငှားရမ်းထားခဲ့ခြင်း ဖြစ်သော်လည်း အိမ်ရာထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လစဉ်
အိမ်လခ ကောက်ခံခြင်းကို ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက စီမံဆောင်ရွက်လျက်ရှိသည်။ "ရန်ကုန်တိုင်းထဲက အငှားအိမ်ရာတွေနဲ့
ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို တင်ပြထား
ပါတယ်။ ၀န်ကြီးချုပ်ကလည်း စနစ်တကျ လုပ်စေချင်တဲ့ လမ်းညွှန်ချက် ပေးထားပါတယ်။
အဖြေထွက်လာရင်တော့ အသိပေးကြေညာ သွားမှာဖြစ်ပါတယ်"ဟု မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
ဖဆပလ နှင့် မဆလ အစိုးရလက်ထက် တွင် ဆောက်လုပ်ထားခဲ့သည့် အငှားအိမ်ရာ
များကို ယခုအချိန်၌ တစ်စတုရန်းပေလျှင် ပျမ်းမျှ ၁၂ ကျပ် ပြား ၅၀ နှုန်းဖြင့်သာ ငှားရမ်းခ
ကောက်ခံနေခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင်ဆောက်လုပ် ခဲ့ပြီး မကြာမီ
လူနေထိုင်ခွင့်ပြုတော့မည့် စတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် ဗန္ဓုလ အငှားအိမ်ရာ
စီမံကိန်း တိုက်ခန်းများကိုမူ လစဉ်ငှားရမ်းခ ကျပ် ၃၀,၀၀၀ ဖြင့် ငှားရမ်း သွားမည်ဖြစ်သည်။
"ကျွန်တော်တို့ဆီတော့ အခုထက်ထိ အကြောင်းမကြားသေးပါဘူး။ အခုမှ ချပေးမယ့်
အငှားအိမ်ရာအသစ်အတွက် ဒီငါးနှစ် စည်းကမ်းချက်က သိပ်ပြဿနာမရှိပေမဲ့ ကျွန်တော်တို့
ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ အရင်အဟောင်းတွေကို လာသတ်မှတ်မယ် ဆိုရင်တော့
ပြဿနာတွေ အများကြီးတက်လာ နိုင်တယ်။ တော်တော်များများကလည်း လက်ခံ
ကြမှာမဟုတ်ဘူး"ဟု သုဝဏ္ဏ အငှားအိမ်ရာ တွင် နေထိုင်သူ ဦးမြင့်ထွန်းက
ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရေးဆွဲထားခဲ့သည့် ပြည်သူ့အငှားအိမ်ရာ
မူဝါဒအရ ယခုကဲ့သို့ အငှားအိမ်ရာ နေထိုင်ခွင့် ရရှိထားသူများ၏ အိမ်ရာဝယ်ယူ
နေထိုင်နိုင် စွမ်း ရှိမရှိကို ပြန်လည်ဆန်းစစ်ရန် စတင် လုပ်ဆောင်ခြင်းဖြစ်သည်။
















