အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း ဆွေးနွေးပွဲ နေပြည်တော်တွင် ပြုလုပ်မည်

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်း ဆွေးနွေးပွဲ နေပြည်တော်တွင် ပြုလုပ်မည်

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ရေးဆွဲတင်သွင်းသည့် အိမ်ခြံမြေဝန်ဆောင်မှု
ဥပဒေမူကြမ်းဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်တွင် နေပြည်တော်ရှိ ဇဗ္ဗူသီရိဟိုတယ်၌ မွန်းလွဲ
၁ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥက္ကဋ္ဌများနှင့်
အတွင်းရေးမှူးများအပြင် အိမ်ခြံမြေလုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိသည့် ဌာနဆိုင်ရာများကိုပါ
ဖိတ်ကြားသွားမည့် အပြင် စိတ်ပါ၀င်စားသူများလည်း တက် ရောက် ဆွေးနွေးနိုင်မည်ဖြစ်သည်။

"မြန်မာနိုင်ငံမှာက အိမ်ခြံမြေဝန်ဆောင်မှု နဲ့ပတ်သက်ပြီး ဥပဒေ မရှိသေးပါဘူး။ အခု
လုပ်နေကြတာက ရိုးရာဓလေ့ထုံးတမ်းအစဉ် အလာအတိုင်း နှစ်ဦးနှစ်ဖက် ကျေနပ်
နားလည်စွာနဲ့ပဲ ၀န်ဆောင်မှုပေးနေတာဖြစ် တယ်။ အမှားအယွင်းတွေ၊ စနစ်မကျမှုတွေ၊
နစ်နာဆုံးရှုံးမှုတွေ၊ နိုင်ငံတော်အတွက် အခွန် မရရှိမှုပြဿနာတွေကို ပြည်သူတွေကော၊
၀န်ဆောင်မှုပေးနေသူတွေ အပါအဝင်၊ နိုင်ငံ တော်ပါ နစ်နာဆုံးရှုံးတဲ့အခြေအနေရှိတယ်" ဟု
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ဥပဒေနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်းမှ
ရေးဆွဲတင်ပြခဲ့ပြီးဖြစ်သည်။

၀န်ဆောင်မှုဥပဒေမူကြမ်း ရေးဆွဲရာ တွင် မြန်မာနိုင်ငံအနှံ့အပြားရှိ အိမ်ခြံမြေ ၀န်ဆောင်မှု
အသင်းဝင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်များရှိ အိမ်ခြံမြေအသင်းပေါင်း ၂၁ သင်းနှင့် ဥပဒေပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးမှသာ ဈေးကွက် အတွင်း ဖြစ်ပေါ်လျက်
ရှိသည့် အခက်အခဲ များ၊ လိုအပ်ချက်များကို ဥပဒေကြမ်းအတွင်း ပေါင်းစပ်ထည့်သွင်းရေးဆွဲ
ထားခြင်းဖြစ်သည်။

"အဲဒီပွဲမှာ ပြည်သူတွေ၊ ရှေ့နေတွေ ဥပဒေ ကြမ်းမှာ ထပ်ဖြည့်ချင်တာတွေ ရှိရင်လည်း
ဖြည့်စွက်ဆွေးနွေးလို့ရတယ်။ တခြား အိမ်ခြံ မြေအသင်းတွေအနေနဲ့လည်း လေ့လာပြီး
တော့မှ ထပ်ဖြည့်ချင်တာတွေ ရှိရင်လည်း ဖြည့်လို့ရမယ်။ ပြီးရင် ပြည်သူကို ချပြမယ်။
ပြီးရင် လေ့လာဆန်းစစ်ရေးကော်မရှင်က ပြန်လည်သုံးသပ်ပြီး ထည့်သင့်တာကို ထည့်မယ်။
ဖြုတ်သင့်တာကို ဖြုတ်ပြီးမှ ဒီဥပဒေ မူကြမ်းကို အပေါ်မှာ လွှတ်တော်အဆင့်ဆင့် နဲ့
အတည်ပြုသွားမှာဖြစ်ပါတယ်"ဟု မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)မှ
အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အိမ်ခြံမြေဝန်ဆောင်မှုအသင်းများဖြစ်သည့်
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များ
အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း
ဟူ၍ အသင်းပေါင်း သုံးသင်းရှိသည်။

ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှလည်း အောက်တိုဘာ ၂၂ ရက်တွင်
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာနအဆောက်အအုံ၌ တိုင်းဒေသကြီး နှင့်
ပြည်နယ်များပါ၀င်သည့် အိမ်ခြံမြေ ၀န်ဆောင်မှု ဥပဒေကြမ်းပြုစုရေး အလုပ်ရုံဆွေးနွေးပွဲကို
ကျင်းပပြုလုပ်ခဲဲ့သည်။

"၂၂ ရက်နေ့ပွဲက တွေ့ရှိချက်တွေကို ကော်မရှင်ကို တင်ပြပါမယ်။ အသင်းတွေက
ဥပဒေကြမ်းထဲမှာပါတဲ့ အချက်အလက်တွေကိုပဲ စုပေးရတာပါ။ ကျန်တာကိုတော့ လွှတ်တော်နဲ့
အစိုးရဌာနတွေက ဆက်လက်လုပ် သွားရမှာပါ။ နိုဝင်ဘာ ၆ ရက်နေ့ပွဲကတော့ ကျွန်တော်တို့နဲ
မဆိုင်ပါဘူး"ဟု ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က
အောက်တိုဘာ ၂၅ ရက် တွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ် စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ရန်ကုန်တိုင်း
အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှာ ညီနောင်အသင်းများအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်