ရန်ကုန်မြစ်ကိုဖြတ်၍ လမ်းမတော်မြို့နယ်နှင့် ဒလမြို့နယ်ကို ဆက်သွယ် တည်ဆောက်မည့်
ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း လူမှု ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်မှုတွင်
ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ဒေသခံ စီးပွား ရေးဆိုင်ရာများကိုလည်း ထိခိုက်သက်ရောက်
မှုများရှိနိုင်ကြောင်း အီးဂတ် ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းက သတင်းထုတ် ပြန်ခဲ့သည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားကို တည် ဆောက်ရာတွင် ရန်ကုန်မြို့ လမ်းမတော်မြို့ နယ်
ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင် လမ်းများပေါ်တွင် ဖြတ်သန်း တည်ဆောက်မည်ဖြစ်သောကြောင့်
အဆိုပါလမ်းများတွင် နေထိုင်သူများ၏ စီးပွားရေး၊ နေထိုင်ရေးတို့ကို တည်ဆောက်နေစဉ်အတွင်း
ယာယီ ထိခိုက်သက်ရောက်မှုများရှိနိုင်ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
တံတားတည်ဆောက်ချိန်မှာ သုံးနှစ်ခန့်ကြာမြင့်မည်ဖြစ်သည့်အတွက် တည်ဆောက်
ရေးလုပ်ငန်းများ ပြုလုပ်နေစဉ်အတွင်းတွင် လမ်းမတော်မြို့နယ်အတွင်း နေထိုင်သူများ၏
လူမှုစီးပွားများအား ယာယီ ထိခိုက်နိုင်ခြင်းနှင့် တည်ဆောက်ရေးကာလအတွင်း တံတား
ဖြတ်သန်းခြင်းကြောင့် အဆောက်အအုံ တန်ဖိုးလျော့ကျနိုင်မှု၊ ဆူညံမှုနှင့် ယာဉ်ကြော
ပိတ်ဆို့မှုတို့ကို စိုးရိမ်မှုများ ရှိနိုင်ကြောင်း တွေ့ရသည်။ "လမ်းမတော်ဘက်ကလူတွေက
မကြိုက်ဘူး။ သူတို့က အိမ်ဖယ်ပေးရတာတော့ မရှိဘူး။ တံတားက အခန်းတွေရှေ့က
ဖြတ်သွားတာဆိုတော့ အဲဒါကို မကြိုက်တာ။ သူတို့ရှေ့က တံတားဖြတ်သွားရင်
အခန်းဈေးကျမယ်။ အဲဒါတွေကြောင့် တံတားဆောက်မယ့်အချိန် မှာတော့
သွားလာရတာတွေ အခက်အခဲ ရှိမယ်"ဟု အီဂတ်ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ဆောင်မှုမှ
ဦးအေးသီဟက မြန်မာတိုင်း(မ်) ကို ပြောသည်။
အဆိုပါ တည်ဆောက်ရေးစီမံကိန်း အတွင်း ပါရှိသည့် လမ်းမတော်မြို့နယ်မှ နေထိုင်သူအချို့မှာ
စီမံကိန်းအား ကန့်ကွက်မှုများ ပြုလုပ်ထားကြောင်းနှင့် လမ်းမတော်မြို့နယ်ဘက်အခြမ်းမှ
တံတားစီမံကိန်းကို ထောက်ခံသူအရေအတွက်မျာ ရ၃ ဒဿမ ၈၄ ရာခိုင်နှုန်းခန့်သာဖြစ်ကြောင်း
သိရသည်။
လမ်းမတော်မြို့နယ်ဘက်ခြမ်းရှိ စီမံကိန်း နေရာတွင်းနေထိုင်သူ လူဦးရေသည် ၃၇,၃၂၀ ဦးရှိပြီး
မြေယာနှင့် အဆောက်အအုံထိခိုက်မှုမရှိသော်လည်း လူမှုစီးပွား ယာယီထိခိုက်မှု ရှိနိုင်ခြင်းဖြစ်ကာ
နေထိုင်သူများက စီမံကိန်း ကို ကန့်ကွက်ပြီး သမ္မတသို့ ကန့်ကွက်စာ ပို့ထားခြင်းဖြစ်သည်။
သို့သော် ဒလမြို့နယ်ဘက်ခြမ်း စီမံကိန်းနေရာအတွင်း နေထိုင်သူဦးရေမှာ ၁၅၃,၃၉၇ ဦးရှိပြီး
မြေယာ၊ အဆောက်အအုံများ ဖယ်ရှား ပေးရပြီး ၎င်းတို့၏ လူမှုစီးပွားထိခိုက်မှုများရှိ သည်ကိုလည်း
တွေ့ရှိရသော်လည်း ဒလ မြို့နယ်ဘက်ခြမ်းမှ စီမံကိန်းအား ထောက်ခံမှု မှာ ၈၉ ဒသမ ၃၄
ထောက်ခံခဲ့သည်။
"ဒလမြို့နယ်ဘက်ခြမ်းကတော့ များသော အားဖြင့်က သဘောကျတယ်။ သူတို့ဘက်က
ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ လူနေ အိမ်တွေတော့ ဖယ်ပေးရတယ်။ ဒါပေမဲ့
အဲဒီအတွက် လျော်ကြေးငွေရယ်၊ အစားထိုး ပြန်ဆောက်ပေးမှာတွေ ရှိပါတယ်။
နောက်ပြီး တံတားပြီးသွားရင် လှေတွေ၊ သမ္ဗန်တွေ မောင်းတဲ့သူတွေတော့ မလုပ်
ရတော့ဘူးပေါ့။ ဒါပေမဲ့ သူတို့ဘက်မှာ မြေဈေးလည်း တက်လာ နိုင်မယ်၊ သွားရေး
လာရေးလည်း ကောင်းလာ နိုင်မယ်၊ အဲဒါကြောင့် ထောက်ခံကြတယ်"ဟု
ဦးအေးသီဟက ပြောသည်။
ဒလဘက်ခြမ်း၏ မြေယာလျော်ကြေးငွေ ပထမအသုတ်အား ပေးလျော်ပြီးဖြစ်ပြီး
မိုးရာသီကုန်ဆုံးပါက အားလုံးပေးချေဖြစ်ကာ စာသင်ကျောင်း နှစ်ကျောင်းအား
ပြန်လည် တည်ဆောက်ခြင်း၊ အနောက်ကျောင်းတိုက် မြေယာအစားထိုးပေးအပ်ခြင်းနှင့်
သာသနိကအဆောက်အအုံများ ပြန်လည် တည်ဆောက်ခြင်းအား ဆောင်ရွက်သွားမည်
ဖြစ်ပါသည်။















