ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် တက်လမ်းကုမ္ပဏီက မြန်မာနိုင်ငံ၏
အိမ်ခြေရာမဲ့များနှင့် ၀င်ငွေနည်းပြည်သူများအတွက် အိမ်ပိုင်ဆိုင်နိုင်မည့် Pro Poor
Housing Projecting စီမံကိန်းကို အောက်တိုဘာ ၂၃ ရက် တန်ဖိုးနည်းအိမ်ရာ
အရောင်း ပြပွဲ Talk Show အစီအစဉ်တွင် မိတ်ဆက်ပြောကြားခဲ့သည်။
"တန်ဖိုးနည်းအိမ်ရာစီမံကိန်းကတော့ အများဆုံးလုပ်နေကြပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်
မိတ်ဆက်တဲ့ စီမံကိန်းက အိမ်ရာမဲ့၊ အိမ်မဝယ်နိုင်တဲ့သူတွေ အိမ်ဝယ်နိုင်အောင် အိမ်ပိုင်အောင်
ဘယ်လိုလုပ်ကြမလဲဆိုတဲ့ စီမံကိန်းပါ။ အဲဒါက အလုပ်လုပ်တဲ့သူတိုင်း တစ်လကို ငွေ ၁,၀၀၀ လှူရုံနဲ့
လူတိုင်း အိမ်ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးကို ရရှိမယ့် စီမံကိန်းပါ" ဟု တက်လမ်းကုမ္ပဏီမှ ဒါရိုက်တာ
ဦးကျော်ထူးအောင်က ပြောသည်။
ယင်းစီမံကိန်းအရ မြန်မာနိုင်ငံ၌ လူဦးရေ ၅၅ သန်းရှိပြီး လူဦးရေ သန်း ၃၀ ကျော်မှာ
အလုပ်လုပ်ကိုင်သူများဖြစ်သည့်အတွက် အလုပ်လုပ်သူအားလုံးသည် တစ်လလျှင်
ငွေ ၁,၀၀၀ လှူရုံဖြင့် တစ်လလျှင် အိမ်ခန်းပေါင်း ၂,၀၀၀ ကျော် (တိုက်ခန်း ၆၆ လုံး)
တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အလုပ်လုပ်နေတဲ့သူတွေအားလုံး တစ်လကို ၁,၀၀၀ ထည့်ဝင်ပြီး ငါးနှစ်စီမံကိန်း
စုပါမယ်။ လူတစ်ယောက်က တစ်လကို ၁,၀၀၀ နဲ့စုရင် ငါးနှစ်ကိုမှ ခြောက်သောင်း
ပဲရှိပါတယ်။ အခု တစ်လကို ၁,၀၀၀ ပေးမယ် ဆိုရင် လူဦးရေ သန်း ၃၀ နဲ့ တစ်လကို
ငွေကျပ် ခြောက်ဘီလျံရပါတယ်။ အိမ်အလုံးရေပေါင်း တစ်လမှာ ၂,၀၀၀ လောက်
ဆောက်နိုင် ပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ Pro Poor Housing Projecting စီမံကိန်းအား မကြာခင်တွင် ရန်ကုန်တိုင်းဒေသကြီး
၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့သို့လည်း တင်ပြသွားပြီး ဆက်လက်အကောင်အထည် ဖော်နိုင်ရန်လည်း
၎င်းအနေဖြင့် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
"ကျွန်တော်တို့ ဆင်းရဲတဲ့လူတွေကို အဆင့်မြှင့်တင်ပေးရပါမယ်။ အဲဒီအတွက် ဘယ်နိုင်ငံမှ
လာမကူညီပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီစီမံကိန်းကို တန်ဖိုးနည်းအိမ်ရာ အရောင်းပြပွဲမှာ
စပြီးမိတ်ဆက်တာပါ။ ၀န်ကြီး ချုပ်ကိုလည်း ဒီကိစ္စကို သွားတင်ပြပါမယ်။ အဓိကကတော့
မြန်မာတစ်နိုင်ငံလုံး အနေအထားနဲ့ပါ။ တကယ်စလုပ်မယ်ဆို ပိုင်းလော့ပရောဂျက်အနေနဲ့
ရန်ကုန်မှာအရင်စလုပ်ရပါမယ်" ဟု ဦးကျော်ထူးအောင်က ပြောသည်။
အဆိုပါစီမံကိန်း အောင်မြင်ရန်အတွက် မြေနေရာရရှိရေးအတွက် အစိုးရအနေနဲ့လည်း
ပူးပေါင်းရန် လိုအပ်ပြီး အခြားလိုအပ် သည့် နယ်ပယ်များဖြစ်သည့် ဘဏ်လုပ်ငန်း၊
နည်းပညာရှင် မြို့ပြပညာရှင်များနှင့်လည်း ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
"သက်ဆိုင်ရာ ပညာရှင်၊ တာဝန်ရှိသူများနဲ့ တိုင်ပင်ပြီး ဆက်လက်အကောင်အထည်ဖော်သွား
ပါမယ်။ နိုင်ငံတော်က ဘာတွေ ပံ့ပိုးပေးရမလဲဆိုတော့ မြေနေရာပေးတာတွေ၊ အခွန်နှုန်းတားတွေ
လျှော့ပေးရမယ်။ မီတာခတွေ။ ဒီစီမံကိန်းမှာလုပ်တဲ့သူတွေကို အထူးအခွင့် အရေးတွေ ပေးရမယ်" ဟု
၎င်းက မြန်မာ တိုင်း(မ်)ကို ပြောသည်။
















