လိုင်စင်မဲ့အဆောင် ငှားရမ်းမှုများကို စိစစ်အရေးယူသွားမည်

လိုင်စင်မဲ့အဆောင် ငှားရမ်းမှုများကို စိစစ်အရေးယူသွားမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင်လျှောက်
ထားခြင်းမရှိဘဲ အခကြေးငွေရယူကာ လူနေအိမ်များ၊ တိုက်ခန်းများကို အဆောင်အဖြစ်
ဖွင့်လှစ်ငှားရမ်းမှုများ အများအပြားရှိလာနေ သည့်အတွက် မြို့နယ်အလိုက် စစ်ဆေးကာ
ဥပဒေနှင့်အညီ ဆက်လက်အရေးယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီထံမှ သတင်းရရှိသည်။

"အဆောင်ဆိုတာက အဆောင်စည်ကမ်း နဲ့အညီ လိုင်စင်တင်ပြရမယ်။ လိုင်စင်
လျှောက်ပြီးမှလုပ်ရမှာ လူတွေမသိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ သိလျက်နဲ့ မလိုက်နာဘဲ
လုပ်နေတဲ့ အဆောင်တွေလည်း ရှိနိုင်တယ်။ ၀င်စစ်ဖို့အတွက် မြို့နယ်အလိုက် တာဝန်
ပေးထားတာ ရှိပါတယ်။ သူတို့ကို လွှတ်ပေး ထားတာလားဆိုတော့လည်း မဟုတ်ပါဘူး။
မြို့နယ်စည်ပင်ကလူတွေအနေနဲ့ အလုပ်က လည်း အရမ်းများပါတယ်။ မြို့နယ်အတွင်းမှာ
လိုင်စင်မဲ့လုပ်ငန်းတွေကို စစ်ဆေးရင်းနဲ့ အဆောင်တွေ လိုင်စင်မရှိဘဲနဲ့ လုပ်နေတာ
တွေ့ရင် နို့တစ်ပေး၊ အကြောင်းကြားတယ်။ လိုင်စင်တင်ဖို့အတွက် နှိုးဆော်တယ်။
နို့တစ် ပေးရဲ့သားနဲ့ လာပြီး လိုင်စင်မတင်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူနေပါတယ်"ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးလှကြိုင်မှ
အောက်တိုဘာ ၂၁ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ရန်ကုန်မြို့တော်အတွင်း၌ လူနေတိုက်ခန်းများ၊ လူနေအိမ်များကို ငှားရမ်းကာ
အခကြေးငွေရယူပြီး အဆောင်အဖြစ် ဖွင့်လှစ် လုပ်ကိုင်သူများ ရှိလာသကဲ့သို့ အချို့သော
အိမ်ပိုင်ရှင် တိုက်ခန်းပိုင်ရှင်များ ကိုယ်တိုင် အဆောင်အဖြစ် ဖွင့်လှစ်ငှားရမ်းမှုများလည်း
တစ်နေ့တခြား များပြားလာလျက်ရှိသည်။ လူနေအဆောင်များ ဖွင့်လှစ်လာသည့် အတွက်
ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေး၊ အဆောင်နေပြည်သူများ သက်သာချောင်ချိ စွာ
နေထိုင်နိုင်ရေးအတွက် စည်းစနစ်တကျ လုပ်ငန်းလိုင်စင်ရယူပြီးမှသာ စနစ်တကျ
ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ
လုပ်ဆောင်လျက်ရှိသည်။

လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ အဆောင်အဖြစ် ငှားရမ်းလုပ်ကိုင်ခွင့် ရှိသော်လည်း
ရန်ကုန်မြို့တော်အတွင်း၌ လုပ်ငန်းလိုင်စင်မရှိဘဲ အဆောင်အဖြစ် ငှားရမ်းလုပ်ကိုင်မှုများကို
တွေ့ရှိနေရဆဲဖြစ်သည့်အတွက် သတိ ပေးအကြောင်းကြားစာပေးပို့ပြီး လုပ်ငန်း လိုင်စင်များ
လျှောက်ထားစေခြင်းများကို ပြုလုပ်ပေးလျက်ရှိသည်။

"လုပ်ငန်းလိုင်စင်မရှိဘဲ အလုပ်တွေလုပ်နေကြမယ်ဆိုရင် လိုင်စင်ခွင့်ပြုချက်မရှိဘဲ
လုပ်တဲ့အတွက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆောင်တစ်ခု
တည်းကိုပဲ ဦးတည်ပြီး စစ်နေတာတော့ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုတည်းကိုပဲ လုပ်ရတာ
မဟုတ်တဲ့အတွက် ကျန်ခဲ့တာတော့ ရှိကောင်းရှိနိုင်တယ်။ လုပ်တဲ့လူက အများစုဖြစ်နေပြီး
စစ်ဆေးရတဲ့ လူကလည်း ရှိတဲ့ အင်အားကလည်းနည်းတော့ လုပ်ငန်းတစ်ခုတည်းကို
ဇောင်းပေးပြီးတော့ မလုပ်နိုင်၊ မစစ်ဆေးနိုင်သေးပါဘူး။ လိုင်စင်မဲ့ ဆောင်ရွက်နေတာတွေ
တွေ့ရင်တော့ စည်ပင်သာယာဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။ စည်ပင်ဥပဒေ
ပုဒ်မ ၆၈ / ၆၉ နဲ့ အညီ အရေးယူမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

အခကြေးငွေရယူကာ လူနေတိုက်ခန်း များ၊ လူနေအိမ်များကို အဆောင်အဖြစ် ငှားရမ်း
လုပ်ကိုင်လိုသူများအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် လိုင်စင်
ဦးစွာလျှောက်ထားရန် လိုအပ်သည်။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး များမှ
မြေပြင်ကွင်းဆင်းစစ်ဆေးကာ နေရာအကျယ်အဝန်းနှင့် ထားရှိနိုင်မည့် လူဦးရေ
အချိုးအစား တွက်ချက်ပြီး ခရိုင် စည်ပင်သာ ယာအုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်လက်
တင်ပြကာ လိုင်စင်ရယူရခြင်းဖြစ်သည်။

အဆောင်ဖွင့်လှစ်လိုသူမှ အဆောင်အတွင်း ထားရှိမည့် လူဦးရေအလိုက် သတ်မှတ်
လိုင်စင်ကြေးပေးဆောင်စေပြီးမှသာ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးများ လုပ်ငန်း
လိုင်စင်များ ထုတ်ပေးသည့်စနစ်ကို ကျင့်သုံး လျက်ရှိသည်။

"တစ်လကို ငှားခ ကျပ် ၃၅,၀၀၀ ပေးရပြီး ခုတင်တစ်လုံးစာ နေရာတော့ ရပါတယ်။
ရေဖိုးမီးဖိုးတော့ ထပ်မပေးရပါဘူး။ တိုက်ခန်း ထဲမှာ လူ ၂၀ လောက်တော့ ရှိပါတယ်။
အိမ်သာ၊ ရေချိုးခန်းကတော့ အားလုံးစုသုံးတဲ့ စနစ်ပေါ့။ အဆင်ပြေတဲ့အခါလည်း ရှိသလို
အဆင်မပြေတဲ့အခါလည်း ရှိပါတယ်။ ကိုယ့် ဘာသာကိုယ် သီးသန့် ငှားနေဖို့ဆိုတာကလည်း
တိုက်ခန်းငှားခတွေ ဈေးကြီးလို့ ဈေး သက်သာတဲ့အဆောင်မှာ ငှားနေရတာပါ။ လိုင်စင်ရှိမရှိ
ကတော့ မသိပါဘူး"ဟု အနော် ရထာလမ်းမပေါ်ရှိ ပုဂ္ဂလိက အဆောင်တစ်ခု တွင်
ငှားရမ်းနေထိုင်သူ တစ်ဦးဖြစ်သည့် မကေသီက ပြောသည်။ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးဥပဒေ အခန်း (၂၀) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ဖော်ပြထားချက်
အရ အပိုဒ်ခွဲငယ် ၈၆ အရ မည်သူမဆို ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်
ကျုးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို
ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အများ ဆုံး ငွေဒဏ် ကျပ် ငါးသိန်းအထိ ချမှတ်နိုင်သည်။

ထို့ပြင် အပိုဒ်ခွဲငယ် ၆၈ အရ ပြစ်ဒဏ် ချမှတ်ခြင်းခံရသူသည် အဆိုပါ ဥပဒေပြဋ္ဌာန်း ချက်များကို
ဆက်လက်ဖောက်ဖျက်ကျုးလွန် လျှင် (သို့မဟုတ်) ပျက်ကွက်ခြင်းပြုသည့် နေ့ အသီးသီးအတွက်
တစ်နေ့လျှင် အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံးငွေ ဒဏ်ကျပ်လေးသိန်းအထိဖြစ်စေ၊
ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။

အဆောင်အဖြစ် လူနေတိုက်ခန်းများကို အဆောင်အဖြစ် လုပ်ကိုင်သူများ ရှိနေသလို၊ စက်မှုဇုန်များ
အများအပြားရှိသည့် မြို့ပြင် မြို့နယ်များ၌လည်း လူနေအိမ်များကို အခန်း များကန့်ကာ မိသားစုအလိုက်
နေထိုင်နိုင် သည့် အဆောင်များအဖြစ်ထားသည့် အိမ်ရှင် များလည်းရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်