အိမ်ခြံမြေ အပေါင်ဆုံးသည့် ဖြစ်ရပ်များ ဈေးကွက်အတွင်းပိုမိုများလာ

အိမ်ခြံမြေ အပေါင်ဆုံးသည့် ဖြစ်ရပ်များ ဈေးကွက်အတွင်းပိုမိုများလာ

အိမ်ခြံမြေဈေးကွက်အတွင်း၌ အရောင်း အဝယ်ထက် အိမ်ခြံမြေပေါင်နှံမှုများ
ပိုမို များပြားလာနေပြီး ပေါင်နှံထားသည့် အိမ်ခြံ မြေများကို ပြန်လည်ရွေးယူနိုင်ခြင်း
မရှိသည့် ဖြစ်ရပ်များ တစ်နေ့တခြား ပိုမိုများပြားလာ နေကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင် မှုအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက
အောက်တိုဘာ ၁၉ ရက်၌ မြန်မာတိုင်း(မ်)ကို ပြောသည်။

"အိမ်ခြံမြေဈေးကွက်ထဲကို သာမန်ပြည်သူတွေ၊ လူလတ်တန်းစားတွေက
ရှိစုမဲ့စုနဲ့ ၀င်လာ ကြတဲ့ လူတွေရှိသလို တချို့ဆို မြတ်မလား ဆိုပြီး ပေါင်နှံချေးငှားပြီးမှ
၀င်လာကြတဲ့လူ တွေလည်း ရှိတယ်။ ဒီလူတွေက ဈေးကွက် အေးတာကြာတော့
စရိတ်တက်တဲ့ဒဏ်၊ အတိုးတက်တဲ့ဒဏ်ကို မခံနိုင်ကြတော့ ၀ယ်ထားတာတွေကို
ပြန်ရောင်းချင်ကြတယ်။ အိမ်ခြံမြေဈေးကွက်ကြီး အရမ်းထိုင်းမှိုင်းလာတော့
၀ယ်လက်တွေက ရှားသွားတယ်။ ရှိတဲ့ဝယ်လက်တွေကလည်း အောက်ဈေးနဲ့ပဲ
၀ယ်ကြတော့ ပေါင်နှံတဲ့ကိစ္စတွေ ဖြစ်လာတယ်။ မျှော်လင့်ချက်နဲ့ တခြားစီးပွားရေး
ကနေ ငွေပြန်ဝင်လာကြမယ်ထင်ပြီး အိမ်တွေ မြေတွေ ပေါင်ကြတာများတယ်။
အိမ်ပေါင်ပြီး ရတဲ့ငွေနဲ့လုပ်တဲ့ တခြားစီးပွားရေးတွေက လည်း အဆင်မပြေကြတော့
ပေါင်ထားတဲ့ အိမ်တွေအတွက် လစဉ် အတိုးတွေတက်၊ အချိန်တွေကြာလာပြီး
ပေါင်ထားတဲ့ အိမ်ခြံ မြေပါ ပြန်မရွေးနိုင်တော့လို့ ဆုံးကုန်တာ အခုနောက်ပိုင်းမှာ
တော်တော်များလာတယ်" ဟု ၎င်းက ပြောသည်။

ကာလရှည်ကြာ အရောင်းအဝယ်အေး စက်နေသည့် အိမ်ခြံမြေဈေးကွက်အတွင်း၌
ငွေကြေးလိုအပ်သူများက မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများကို ပေါင်နှံလာကြသည့်
အတွက် အပေါင်ဈေးကွက် တွင်ကျယ်လျက်ရှိသည်။

အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်းများကို အရောင်း အဝယ်ပြုလုပ်ရာတွင် ရောင်းချသည့်တန်ဖိုး၏
ငွေကျပ် ၁၀၀ လျှင် နှစ်ကျပ်အတိုးနှုန်းဖြင့် အကျိုးဆောင်ခ ရယူလုပ်ကိုင်ကြခြင်းဖြစ်ပြီး၊
အပေါင်ဈေးကွက်တွင်မူ ပေါင်နှံသူက ငွေရှင် ထံသို့ လစဉ်ပေးရမည့် အတိုးနှုန်း၏ တစ်လစာကို
အကျိုးဆောင်ခအဖြစ် ရယူလုပ်ကိုင် လျက်ရှိသည်။

"ဈေးကွက်ပေါက်ဈေးရဲ့ တစ်ဝက်ဈေးနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ပြီး အပေါင်ခံတာများတယ်။
နှစ်အချက်က လက်ရောက် ရယူမှုကိုငွေရှင်ဘက်ကို အပြည့်ပေးရတယ်။ ရှင်းရှင်း
လင်းလင်းပြောရရင် အိမ်ပေါ်ကနေ လူဆင်းပေးရတဲ့အပြင် တံခါးပိတ်ပြီး ငွေရှင်ကို
သော့ပါအပ်လိုက်ရတယ်။ အခုအပေါင် ဆုံးတဲ့ ပြဿနာတွေက အိမ်ခြံမြေဈေးကွက်
ကလည်း ပြန်တက်မလာတဲ့အပြင် တခြား စီးပွားရေးကလည်း မကောင်းတော့
ပြန်မရွေး နိုင်တော့ဘဲ ဆုံးရှုံးကုန်တာဖြစ်တယ်။ လူမဆင်းရင်တော့ ငွေရှင်က
အပေါင်မခံဘူး" ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ အိမ်ခြံမြေဈေးကွက်အတွင်း ၀ယ်လက်များ
မရှိသလောက် နည်းပါးသွားသည့်အတွက် ယနေ့အချိန်ထိဆိုလျှင် အိမ်ခြံမြေဈေးကွက်
ကျဆင်းလျက်ရှိသည်မှာ တစ်နှစ်ခွဲကျော်၊ နှစ်နှစ်နီးပါး ကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

ကွန်ဒိုမီနီယမ်တိုက်ခန်းများ၊ လူနေတိုက်ခန်းများထက် လုံးချင်းအိမ်များ၊ မြေကွက်များကို
ပိုမိုပေါင်နှံမှု များပြား ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

အိမ်ခြံမြေပေါင်နှံသူအများစုမှာ ငွေကြေးလည်ပတ်ရန် မိမိပိုင် အိမ်ခြံမြေများကို
ပေါင်နှံကာ အခြားစီးပွားရေးလုပ်ငန်းများ တွင် ထည့်သွင်းရင်းနှီးမြှုပ်နှံမှုပြုပြီး
ပြန်လည် မြတ်စွန်းသည့် အမြတ်ဖြင့် ပေါင်နှံထားသည့် အိမ်ခြံမြေများကို
ပြန်လည်ရွေးယူနိုင်သည့် စိတ်ကူးများဖြင့် ပေါင်နှံကြခြင်းရှိသလို ငွေကြေးလိုအပ်
သည့်အတွက် ပေါင်နှံသူများ လည်း အများအပြားရှိနေဆဲဖြစ်သည်။

အိမ်ခြံမြေဈေးကွက်ကျဆင်းမှု ကာလတာရှည်လာခြင်း၊ ပြန်လည်ရောင်းချရာတွင်လည်း
၀ယ်ယူသူအများစုကနိမ့်ပါးသည့် ဈေးနှုန်းများဖြင့်သာ ၀ယ်ယူလိုခြင်းကြောင့် မိမိတို့ပိုင်ဆိုင်သည့်
အိမ်ခြံမြေများကိုငွေကြေးလည်ပတ်စေရန် ပေါင်နှံကြခြင်းဖြစ်သည်။

ပေါင်နှံသည့်အချိန်တွင် ငွေရှင် ဘက်က ပေါင်နှံလိုသည့် အိမ်ခြံမြေကို ဈေးကွက်ပေါက်ဈေး၏
ထက်ဝက် ပမာဏရှိနိုင်သည့် ငွေကြေးကိုသာ အများဆုံး ငွေထုတ် ချေးပေးသည့်
ငွေရှင်များရှိသကဲ့သို့ ဈေးကွက် ပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းကိုသာ ငွေထုတ်ချေးသည့်
ငွေရှင်များလည်း ရှိနေဆဲဖြစ်သည်။

ထို့ပြင် ငွေရှင်များက ပိုင်ဆိုင်မှု ခိုင်မာ သေချာစေရန် အရောင်းအဝယ်စာချုပ် များအပြင်
သတ်မှတ်ကာလအတွင်း ပြန်လည် ရွေးယူနိုင်သည့် အပေါင်စာချုပ်များကို ပူးတွဲချုပ်ဆိုကာ
ငွေထုတ်ချေးသည့်စနစ် ကို ကျင့်သုံးလျက်ရှိပြီး ကျပ် ၁၀၀ လျှင် ခြောက်ကျပ်အတိုးနှုန်းဖြင့်
ရယူလုပ်ကိုင် လျက်ရှိသည်။

အပေါင်ခံသည့် ကာလကို လည်း အများဆုံး ခြောက်လမှ တစ်နှစ် အတွင်း ပြန်လည်ရွေးယူရန်
တစ်ပါတည်း သတ်မှတ်ကာ စာချုပ်များတွင် ထည့်သွင်းချုပ်ဆို ပေါင်နှံကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြင်ပပေါင်နှံခြင်းကို ဥပဒေအရ အသိအမှတ်ပြုထားခြင်း မရှိသည့် အတွက်
ပေါင်နှံလိုသည့် အဆောက်အအုံ များကို အသိသက်သေများဖြင့် အရောင်း အဝယ်
စာချုပ်များချုပ်ဆိုကာ ပေါင်နှံလိုသူ နှင့် ငွေရှင်နှစ်ဦး သဘောတူညီချက်များဖြင့်
လုပ်ကိုင်နေကြခြင်းဖြစ်သည်။

"အခုနောက်ပိုင်းဆိုရင် ကာလတန်ဖိုးရဲ့ သုံးချိုးတစ်ချိုးလောက်ပဲ ငွေရှင်ဘက်က
ပေးတော့တယ်။ အဲဒါတောင် ပြန်မရွေးနိုင် တော့တဲ့လူတွေ အများကြီး။ ရောင်းမယ်ဆိုရင်
လည်း ၀ယ်လက်က အောက်ဈေးလောက် ပဲပေးကြတော့ ပေါင်ကြတယ်။ အတိုးအရင်း
မပေးနိုင်လို့ အဆုံးခံလိုက်တဲ့လူတွေရှိသလို တချို့ကျတော့လည်း ငွေရှင်နဲ့ညှိပြီး ရတဲ့ဈေး နဲ့
ပြန်ရောင်း၊ ငွေရှင်ကို ပေးစရာ ရှင်းစရာ ရှိတာရှင်းပြီး ပိုတဲ့ငွေလေး သုံးပေါ့။ အဓိက
ပြဿနာကတော့ နေရာတိုင်းမှာ စီးပွားရေး မကောင်းလို့ အပေါင်ဆုံးတွေ ဖြစ်ကုန်တာ" ဟု
ဒဂုံမြို့သစ်မြောက်ပိုင်း အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဒေါ်နီလာကျော်က
ပြောသည်။

အိမ်ခြံမြေများကို ဘဏ်များတွင် သွား ရောက်ပေါင်နှံရာတွင် ပြင်ပငွေရှင်များထံသို့ ပေးရသည့်
အတိုးနှုန်းထက် ဘဏ်များက ရယူသည့်အတိုးနှုန်း အလွန်သက်သာမှု ရှိသည့် အားသာချက်များ
ရှိသော်လည်း များပြားလှသည့် စာရွက်စာတမ်း အဆင့်ဆင့် ဖြတ်သန်းရခြင်း၊ ၀င်ငွေရရှိနိုင်သည့်
လုပ်ငန်း များကို ပြသရခြင်းကြောင့် အများစုမှာ ပြင်ပ လုပ်ငန်းရှင်များထံ၌သာ သတ်မှတ်အတိုးနှုန်း
တစ်ခုဖြင့် ပေါင်နှံနေကြရခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်