တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၀၀၀ ကျော်ရောင်းချရန်ရှိ

တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၀၀၀ ကျော်ရောင်းချရန်ရှိ

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့အတွက်
တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးလျက်ရှိရာ ပြီးခဲ့သည့် ရက် ၁၀၀ အတွင်း
အခန်းပေါင်း ၂,၀၀၀ ကျော်ကို ဆောက်လုပ် ပြီးစီးခဲ့သည့်အတွက် နိုဝင်ဘာလတွင်
စတင် ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရက် ၁၀၀ အတွင်းမှာ အခန်းပေါင်း ၂,၂၀၈ ခန်း ဆောက်လုပ်လို့ ပြီးသွားပါပြီ။
အရင်ကတည်းက ဆောက်နေတာပဲ။ ဒါပေမဲ့ ရောင်းချင်တဲ့အတွက် ရက် ၁၀၀
အတွင်းမှာ ဆောက်လို့ပြီးမယ့် တိုက်ခန်းတွေကို အမြန်တည်ဆောက်လိုက်ပြီး
ရရှိတဲ့ တိုက်ခန်းတွေကို အမြန်ဆုံးရောင်းမှာပါ" ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊
အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင် အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ဆောက်လုပ်ပြီးခဲ့သည့် တန်ဖိုးနည်းအိမ်ခန်း ပေါင်း ၂,၀၀၀ ကျော်သည်
လှိုင်သာယာမြို့နယ် တွင် တည်ဆောက်လျက်ရှိသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာမှ
အပိုင်း(၃) အဆောက် အအုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက် လျက်ရှိသည့်
ကနောင် တန်ဖိုးနည်းအိမ်ရာ၊ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)နှင့် (၂) အဆောက်
အအုံများက အခန်းများဖြစ်သည်။

ထို့ပြင် မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက အဆိုပါ အိမ်ခန်း ၂,၀၀၀ ကျော်၏
ရ၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကို ၎င်းတို့စီမံခန့်ခွဲမှုဖြင့် ရောင်းချနိုင်ရန်
လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် အခန်း ၃၀ ရာခိုင်နှုန်းကို ဦးစီးဌာနက စီမံခန့်ခွဲ
ရောင်းချသွားမည်ဖြစ်သည်။

"အဲဒီ အခန်းပေါင်း ၂,၀၀၀ ကျော်က ရ၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရကို
လွှဲလိုက်ရတယ်။ သူတို့ဆီမှာ ၁,၅၀၀ ကျော် ရှိတယ်။ ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရက
အခုထိ မရောင်းသေးဘူး။ ကျွန်တော်တို့ဌာန ကတော့ ကျန်နေတဲ့ တိုက်ခန်းတွေကို
ထုတ်ရောင်းတော့မှာပါ" ဟု ၎င်းက ပြောသည်။

မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ယင်းအိမ်ခန်းများကို ရောင်းချရာတွင် ယခင်တန်ဖိုး
နည်းအိမ်ခန်းများ ရောင်းချသကဲ့သို့ မဲနှိုက်ခြင်းစနစ်ဖြင့် ရောင်းချမည် မဟုတ်ဘဲ
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် (CHDB) ၌ အိမ်ရာငွေစုသူများ ကိုသာ
ရောင်းချသွားမည်ဖြစ်ပြီး အိမ်ရာငွေ စုသူများထဲမှ အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း
ပေးချေနိုင်သည့် စုငွေပမာဏရှိသူများကို ပထမဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်း
ဦးမင်းအောင်အေးက ပြောသည်။

"ကျွန်တော်တို့ဆီမှာ ၃၀ ရာခိုင်နှုန်း ကျန်တဲ့ အခန်း ၆၆၅ ခန်းကျော်ကို (CHDB) ဘဏ်မှာ
ပိုက်ဆံစုထားတဲ့ ၃၀ ရာခိုင်နှုန်း ပြည့်ပြီးတဲ့သူတွေကို ဦးစားပေး စရောင်းလိုက်မယ်။
ဒီဟာတွေကို ၀ယ်ဖို့အတွက် ဘဏ်မှာ စုဆောင်းထားရမယ့်ငွေ ရှိဖို့လိုမယ်။
ဘဏ်စနစ်နဲ့ချိတ်ဆက်ရမယ်။ အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို စုရမယ်။ စုတဲ့လူတွေကို
ဦးစားပေးရောင်းမယ်။ ဘဏ်မှာ တော်တော် များများ ပိုက်ဆံစုထားပြီး ဘယ်နေရာက
အခန်းကို လိုချင်တယ်ဆိုတာတွေကို ပေးထား ပြီးပြီ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် (CHDB) ဘဏ်၌ အိမ်ရာငွေကြေးစုဆောင်းသူ ဦးရေ ၅,၀၀၀ ကျော်ရှိနေပြီဟု
သိရှိရပြီး အခန်းတန်ဖိုး၏ ၃၀ ရာခိုင် နှုန်း ပေးချေနိုင်သည်အထိ ငွေစုပြီးသူဦးရေမှာ
၃၀ ကျော်ခန့်ရှိနေပြီဖြစ်သည်။

"နို၀င်ဘာလထဲမှာ သတင်းစာမှာ စပြီး အသိပေးကြေညာပြီးတော့ ငွေစုထားတဲ့သူတွေကို
လျှောက်လွှာတွေ ပြန်တင်ခိုင်းမယ်။ တိုက်ခန်းပိုင်ဆိုင်သူ မဟုတ်တဲ့အကြောင်း၊ ပြီးတော့
အိမ်ထောင်ဦးစီး ဖြစ်ရမယ်။ မိသားစု ၀င်ငွေ သုံးသိန်းနဲ့ ငါးသိန်းကြား ရှိရမယ်။ သက်ဆိုင်ရာ
ရပ်ကွက်မှာနေတဲ့ အုပ်ချုပ်ရေး မှူးတွေ ထောက်ခံချက်နဲ့တင်ရမယ်။ အဲဒီ အချက်အလက်
အားလုံးစုံရင် ဦးစားပေး ရောင်းချတဲ့စာရင်းထဲ ပါသွားပြီ"ဟု ဦးမင်း အောင်အေးက
ပြောသည်။

သို့သော် မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက အဆိုပါ တန်ဖိုးနည်းအိမ်ခန်းများကို
ရောင်းချရာတွင် အခန်းတန်းဖိုး သိန်း ၁၀၀ ခန့်ကို ငွေလက်ငင်းပေး ၀ယ်ယူနိုင်မည့်သူ
များကို လုံးဝ ရောင်းချသွားမည်မဟုတ်ဘဲ အမှန်တကယ် အခန်းလိုအပ်နေသူများ အတွက်
ရောင်းချမည်ဖြစ်သောကြောင့် (CHDB) ဘဏ်တွင် ငွေစုပြီး ၀ယ်ယူသူများကိုသာ
ရောင်းချမည်ဖြစ်သည်။

"အခန်းအများကြီး မထွက်ပေါ်သေးဘဲ နဲ့ ပိုက်ဆံ လုံးခနဲ တန်းပေးနိုင်တဲ့သူကို
ရောင်းလိုက်မယ်ဆိုရင် အမှန်တကယ်နေဖို့ အခန်းလိုတဲ့သူတွေ မရတော့ဘဲဖြစ်သွားမှာပါ။
အဲဒါကြောင့် ငွေလက်ငင်းချေပြီး ၀ယ်မယ့်သူတွေကို ကျွန်တော်တို့ မရောင်း ပါဘူး။
ဘဏ်မှာလည်း ငွေစုရမယ်၊ အိမ်ရာနဲ့ ပတ်သက်တဲ့ အချက်အလက်လည်း ရအောင်၊
စုတဲ့အလေ့အကျင့်လည်း ရအောင် ဘဏ်မှာ မဖြစ်မနေ ငွေစုရမယ်"ဟု ဦးမင်းအောင်အေးက
ပြောသည်။

ထို့ပြင် လာမည့်နှစ်နှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
သိန်း ၁၀၀ အောက် တန်ဖိုး နည်း အခန်း ၈,၀၀၀ ခန့် ထွက်ပေါ်ရေးအတွက် ရန်ကုန်မြို့ရှိ
မြို့နယ်များတွင် ဆောက်လုပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့စွန် မြို့နယ်များတွင် ဆက်လက်တည်ဆောက် သွားရန်
လျာထားသည့် တန်ဖိုးနည်းအိမ်ရာ များမှာ လှိုင်သာယာမြို့နယ်တွင် ကျန်စစ်မင်း တန်ဖိုးနည်း
အိမ်ရာ၊ ရွှေပြည်သာမြို့နယ်တွင် ပျဉ်းမပင် တန်ဖိုးနည်းအိမ်ရာ၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွင်
ရိုးမတန်ဖိုးနည်းအိမ်ရာ၊ ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း(၃)တိုးချဲ့၊ သန်လျင် မြို့နယ်တွင်
အောင်ချမ်းသာ တန်ဖိုးနည်း အိမ်ရာနှင့် သီလဝါစက်မှုဇုန် တန်ဖိုးနည်း အိမ်ရာတို့ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ဖိုး နည်းအိမ်ရာများကို ဆောက်လုပ်ခြင်းများသည်
အစိုးရ၏ ၀င်ရောက်လုပ်ကိုင်ပေးခြင်း Government Intervention ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး
မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မတည်ကာ အဆိုပါ တန်ဖိုးနည်း
အိမ်ရာများကို တည် ဆောက်ခြင်းဖြစ်ကြောင်း ဦးမင်းအောင်အေး က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်