ကွန်ဒိုရောင်းဝယ်မှုအပေါ် ကောက်ခံနေသည့် အခွန်နှုန်းထားစနစ် ပြန်လည်သုံးသပ်ရန်လိုဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပြော

ကွန်ဒိုရောင်းဝယ်မှုအပေါ် ကောက်ခံနေသည့် အခွန်နှုန်းထားစနစ် ပြန်လည်သုံးသပ်ရန်လိုဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပြော

 

ကွန်ဒိုမီနီယံ ဝယ်ယူသူများအပေါ် ကောက်ခံနေသည့် အခွန်နှုန်းထားမြင့်မားမှုက စျေးကွက်အတွင်း
ဝယ်ယူသူနည်းပါးစေပြီး နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာရရှိမှု နည်းပါးစေသည်ဖြစ်ရာ
လက်ရှိကောက်ခံလျက်ရှိသည့်စနစ်ကို ပြန်လည်ပြင်ဆင် သုံးသပ်ပေးရန် လိုအပ်လျက်ရှိကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းက ပြောသည်။

ယခင်အစိုးရလက်ထက် ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း ပြဋ္ဌာန်းခဲ့ပြီး ယခု
အစိုးရလက်ထက် ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်လာသည့် ပြည်ထောင်စု
အခွန်အကောက်ဥပဒေသစ်အရ ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့် အခွန်များကို
ပြောင်းလဲ ပြင်ဆင်တိုးမြှင့် ကောက်ခံခဲ့သည်။

ယင်းဥပဒေ ပြဋ္ဌာန်းခဲ့သည့် အကျိုးဆက် အနေဖြင့် ကာလရှည်ကြာ အေးစက်နေသည့်
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးစျေးကွက်ကိုပါ ထပ်မံထိုးနှက်လိုက်သည့် အခြေအနေသို့
ဆိုက်ရောက်ကာ အိမ်ခြံမြေစျေးကွက်၌ အရောင်းသာရှိပြီး အဝယ်မရှိသည့် အခြေအနေသို့
ဆိုက်ရောက်ခဲ့သည်။ မြင့်မားသည့် အခွန်ကောက်ခံမှုပုံစံကြောင့် ကွန်ဒိုတိုက်ခန်း
စျေးကွက်တွင် အဝယ်မရှိသလောက် နည်းပါးသွားပြီး စျေးကွက်အတွင်း ရောင်းချလိုသည့်
ကွန်ဒိုမီနီယံ အများအပြား ကျန်ရှိနေဆဲဖြစ်သည်။

''ဥပမာ သိန်း ၁,ဝဝဝ တန် ကွန်ဒိုတိုက်ခန်းတစ်ခန်းရောင်းမယ်ဆိုရင် ဝင်ငွေခွန်က
၃ဝ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်း ၃ဝဝ နဲ့ တံဆိပ်ခေါင်းခွန် ခုနစ် ရာခိုင်နှုန်းဖြစ်တဲ့
ကျပ်သိန်း ရဝ နှစ်ခုပေါင်း အခွန်ဆောင်ရမှာကြီးပဲ ကျပ်သိန်း ၃၇ဝ ဖြစ်သွားတယ်။
မူလတန်ဖိုးသိန်း ၁,ဝဝဝ နဲ့ပါပေါင်းရင် သိန်း ၁,၃၇ဝ ဆောင်ရမယ့်သဘောဖြစ်လို့
ဝယ်မဲ့လူတွေကလက်တွန့်သွားတယ်။ အရင် ၁၅ ရာခိုင်နှုန်းကတောင် စျေးကွက်
လည်ပတ်ဖို့ တော်တော်လုပ်ယူရတာ၊ အခုလို အခွန်မြှင့်တဲ့အတွက် အဝယ်ပါ
ပျောက်သွားတယ်။ အခွန်လျှော့ရင် ဝယ်တဲ့လူများလာမယ်။ အခွန်ကို မူလအတိုင်း
၁၅ ရာခိုင်နှုန်းထားလိုက်ရင် အရောင်းအဝယ်တွေသွက်ပြီး အစိုးရဆီလည်း အခွန်တွေ
အများကြီးရောက်သွားမယ်။ နိုင်ငံစီးပွားရေးမကောင်းဘူး။ အစိုးရမှာလည်း ပိုက်ဆံမရှိဘူး
ပြောတယ်။ အခုထိ ကားလည်း လုပ်စရာမရှိ၊ အိမ်လည်း လုပ်စရာမရှိတော့ ဒေါ်လာတွေ
ရွှေတွေ ကောက်ကစားနေတယ်။ စီးပွားရေးသမားကတော့ သူ့ငွေတွေ သေမှာစိုးလို့
တစ်နည်းမဟုတ်တစ်နည်း ကစားနေမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံအနှံ့အပြားရှိ
မြို့ကြီးများတွင် အထပ်မြင့်အဆောက်အအုံများ၊ လူနေတိုက်ခန်း စီမံကိန်းပေါင်း
၃ဝ ကျော်ကို ဆောက်လုပ်နေသည့် ြုွှ ဃသညျအမကခအငသည မှ အုပ်ချုပ်မှုဒါရိုက်တာ
ဦးမျိုးမြင့်က နိုဝင်ဘာ၁ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင် အခွန်အကောက်ဥပဒေဟောင်းအရ ကျပ်သိန်း ၁,ဝဝဝ အထိကို ဝင်ငွေခွန်
သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ မှ ကျပ်သိန်း၅,ဝဝဝ အထိကို ဝင်ငွေခွန် ငါး ရာခိုင်နှုန်း၊
ကျပ်သိန်း ၅,ဝဝဝ မှ ကျပ်သိန်း ၁ဝ,ဝဝဝ အထိကို ဝင်ငွေခွန် ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း
၁ဝ,ဝဝဝ မှ ကျပ်သိန်း ၁၅,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅,ဝဝဝ အထက်ကို
ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုကျင့်သုံးလျက်ရှိသည့် ဥပဒေသစ်အရဝင်ငွေရပေါက်ရလမ်း ဖော်ပြနိုင်ခြင်းမရှိလျှင်
ကျပ်သိန်း ၃ဝဝ အထိကို ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှ
ကျပ်သိန်း ၁,ဝဝဝ အထိကို ဝင်ငွေခွန် ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,ဝဝဝ အထက်
အရောင်းအဝယ်ပြုလုပ်လျှင် ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ခဲ့ခြင်း
ဖြစ်သည်။ ရောင်းချသူ အနေဖြင့် တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ရောင်းခွန်အဖြစ်
ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အဓိကမြို့ကြီး သုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်မည် ဆိုပါက အရောင်းအဝယ်တန်ဖိုး၏ ခုနစ်ရာခိုင်နှုန်းကို
တံဆိပ်ခေါင်းခွန်အဖြစ် ထပ်မံပေးဆောင်ရန် သတ်မှတ်ထားသည်။ အခြားမြို့များတွင်
အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်မည်ဆိုပါက တံဆိပ်ခေါင်းအဖြစ် အရောင်းအဝယ်
တန်ဖိုး၏ ငါး ရာခိုင်နှုန်းသာ ပေးဆောင်ရန် လိုအပ်သည်။

ကွန်ဒိုစျေးကွက် အရောင်းသာရှိပြီး အဝယ်မရှိသလောက် နည်းပါးသွားသည့်
အကျိုးဆက်အနေဖြင့် ယင်းနှင့် ဆက်စပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းပေးသွင်းသူများ၊ အုတ်သဲကျောက် ရောင်းချသူများ၊ ကန်ထရိုက်တာများနှင့်
အလုပ်သမားများပါ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး အထပ်မြင့်ကွန်ဒို အဆောက်အအုံ
တစ်ခုလျှင် အနည်းဆုံး အလုပ်သမား ၅ဝဝ မှ အများဆုံး ၄,ဝဝဝ ခန့်အထိ
အသုံးပြုနေရသည့် ကျယ်ပြန့်သည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်းဖြစ်သည်။

အိမ်ခြံမြေစျေးကွက်အတွင်း၌ ကျပ်သိန်း၁,ဝဝဝ အောက် ကွန်ဒိုတိုက်ခန်းများမှာ
အနည်းငယ်သာရှိသည့်အတွက် ယခုပြင်ဆင်လိုက်သည့် အခွန်အကောက်ဥပဒေအရ
ကွန်ဒိုတိုက်ခန်း ရောင်းဝယ်မှုအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှုများ
ရှိလာကြောင်း သိရသည်။ ထို့အတွက် ပြန်လည်ဆွေးနွေးသုံးသပ်နိုင်ရန် မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက အလုပ်ရုံဆွေးနွေးပွဲတစ်ခု
ကျင်းပကာ နိုင်ငံတကာကဲ့သို့ အခွန်ကောက်ခံသည့် စနစ်တစ်ခု အသက်ဝင်လာစေရန်
တိုက်တွန်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက
အောက်တိုဘာ ၃ဝ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

''အခက်အခဲတွေက အများကြီးရှိပါတယ်။အခန်းအမြတ်ခွန်နဲ့ ပတ်သက်ပြီး ပြန်ညှိဖို့လိုတယ်။
ကွန်ဒိုက သီးခြားဥပဒေဖြစ်တဲ့ အတွက် အခြားမြေကွက်တွေ တိုက်ခန်းတွေ ကို ကောက်နေတဲ့
အမြတ်ခွန်အတိုင်း မဟုတ်ဘဲနဲ့ လိုက်လျောညီထွေမယ့် တံဆိပ်ခေါင်းခွန်တွေ၊
အမြတ်ခွန်စနစ်တွေကို ပြန်လည် ညှိနှိုင်းဖို့ အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့ စီစဉ်နေပါတယ်။
အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့လည်း အစည်းအဝေးမှာ တင်ပြထားပြီးသားဖြစ်ပါတယ်။
အသင်းအနေနဲ့ကတော့ ကွန်ဒိုနည်းဥပဒေ ထွက်လာပြီး အသုံးပြုတော့မယ် ဆိုရင်လည်း
ရင်ဆိုင်ရမယ့် အခက်အခဲတွေ ဖြစ်တဲ့ အမြတ်ခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ ပက်သက်ပြီး
သီးခြား အလုပ်ရုံဆွေးနွေးပွဲ လုပ်ပြီး ရာခိုင်နှုန်း ဘယ်လောက်ဖြစ်သင့်သလဲဆိုတာ
နိုင်ငံတကာနဲ့ချိန်ပြီး ပြန်ညှိပေးဖို့ပါ''ဟု ၄င်းက ပြောသည်။

မကြာမီ အသစ်ထပ်မံထွက်ရှိတော့မည့် ကွန်ဒိုမီနီယံ နည်းဥပဒေနှင့် ပတ်သက်သည့်
ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်) တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင်
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ဆောက်လုပ်ရေးကုမ္ပဏီများနှင့်
ပြည်သူများ အမှန်တကယ် အလုပ်ဖြစ်စေနိုင်မည့် အချက်အလက်များနှင့် လက်ရှိ
ကောက်ခံလျက်ရှိသည့် အခွန်စနစ်များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ပြီးဖြစ်သည်။

''ကွန်ဒိုမှ မဟုတ်ဘူး၊ အိမ်ခြံမြေလည်း ၃၇ ရာခိုင်နှုန်း အခွန်ပေးရတော့ ဝယ်တဲ့လူတွေ
မဝယ်ရဲတော့ အရောင်းအဝယ်အေးတယ်။ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် ပြည်သူ့အခြေပြု
အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး ပြည်သူ့အသံကိုနားထောင်ပြီး အခွန်စနစ်ကို
ပြန်သုံးသပ်သင့်တယ်။ အခုက အရောင်းအဝယ်မကောင်းတော့ အစိုးရလည်း
အခွန်မရ၊ ဆောက်လုပ်ရေးသမားတွေ၊ အိမ်ခြံမြေ သမားတွေလည်း အလုပ်မဖြစ်ကြဘူး။
စျေးကွက်အေးရတဲ့ အကြောင်းရင်းတွေထဲမှာလည်း အခွန်စနစ်ကလည်း တစ်စိတ်
တစ်ပိုင်းပါတယ်''ဟု ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က
နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်