ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ လိုင်စင်ရ ကန်ထရိုက်တာများက
တရားဝင်အသင်းအဖွဲ့တစ်ခုဖြစ်ရန် ဆောင်ရွက်နေမှုနှင့် တစ်ဆက်တည်း အများပိုင်ကုမ္ပဏီ
တစ်ခုကိုပါ တည်ထောင်သွားမည် ဖြစ်ကြောင်း လက်ရှိ ယာယီအသင်း၏ အထွေထွေ
အတွင်းရေးမှူး ဦးလားဇယ်က ပြောသည်။
''ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ အသင်းကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်သွားပါမယ်။
ဆက်ပြီး အများပိုင်ကုမ္ပဏီကို ထူထောင်ပြီးတော့ မှတ်ပုံတင်သွားပါမယ်။ အများပိုင်ကုမ္ပဏီ
ထောင်ပြီးရင် ကျွန်တော်တို့ ကန်ထရိုက်တာတွေ စုပေါင်းပြီး တန်ဖိုးမြင့်၊ တန်ဖိုးလတ်နဲ့
တန်ဖိုးနည်း ဆောက်လုပ်ရေးစီမံကိန်းတွေကို လုပ်သွားပါမယ်''ဟု ၄င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
စည်ပင်သာယာရေးကော်မတီမှ တရားဝင် ကန်ထရိုက်လိုင်စင်ရထားသည့် လုပ်ငန်းရှင်များသည်
ပြီးခဲ့သည့် သြဂုတ်လအတွင်းက အသင်းဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့ပြီး အောက်တိုဘာ
၂၆ ရက်တွင် အဆိုပါအသင်းအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များကို ရွေးချယ်ပြီးစီးခဲ့ကာ
ယခုရက်သတ္တပတ်အတွင်း တရားဝင်အသင်းအဖြစ် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း
သိရသည်။
''ကျွန်တော်တို့ ဒီအပတ်အတွင်းမှာပဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အသင်းဖွဲ့စည်းမှု
တရားဝင်ဖြစ်ဖို့အတွက် မှတ်ပုံတင်သွားပါမယ်။ အခု အသင်းဝင်တွေလည်း ရွေးပြီးသွားပြီဆိုတော့၊
အများပိုင်ကုမ္ပဏီ ထူထောင်တာကတော့ အသင်း မှတ်ပုံတင်ရပြီးတာနဲ့ ဒီအသင်းဝင်တွေနဲ့ပဲ
အများပိုင်ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာနမှာ စာရင်းသွင်းပါမယ်''ဟု
၄င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများ
အသင်း အဖြစ် တရားဝင်မှတ်ပုံတင်ရရှိပြီးပါက အများပိုင်ကုမ္ပဏီဆက်လက်
တည်ထောင်ရခြင်းသည် လိုင်စင်ရ ကန်ထရိုက်တာများ စုပေါင်းကာ အစိုးရ၏ ဆောက်လုပ်ရေး
စီမံကိန်းများတွင် ပူးပေါင်းလုပ်ဆောင်သွားရန် အဓိကဖြစ်ကြောင်း ဦးလားဇယ်က ပြောသည်။
''အဓိကက အစိုးရနဲ့ပူးပေါင်းပြီး စီမံကိန်းတွေလုပ်သွားဖို့ပါ။ နောက်တစ်ခုက အများပိုင်
ကုမ္ပဏီဖွဲ့ပြီးတော့ လုပ်ငန်းအားလုံးမှာ ပါဝင်နိုင်အောင်၊ ကန်ထရိုက်တစ်ဦးတည်းအား
မဟုတ်ဘဲနဲ့ အစုအဖွဲ့အားကြီးနဲ့ မှန်မှန်ကန်ကန်နဲ့ အများပိုင် ကုမ္ပဏီဆိုရင် အစိုးရ
စီမံကိန်းတွေရော၊ တခြားစီမံကိန်းတွေမှာပါ လုပ်နိုင်မှာပါ။ တစ်ချိန်ကျရင် စတော့
အိတ်ချိန်းဝင်တဲ့အထိကို မျှော်မှန်းထားပါတယ်''ဟု ၄င်းက ပြောသည်။
လက်ရှိတွင် အသင်းမှတ်ပုံတင်ရန်ပြင်ဆင်နေသည့် ကန်ထရိုက်တာအသင်းတွင် အသင်းဝင်ရန်
လျှောက်လွှာတင်ထားသည့်အရေအတွက်မှာ ၆၇၁ ဦးရှိပြီး၊ အသင်းဝင်ကြေးပေးသွင်းပြီးသူ
အရေအတွက် ၅ဝဝ နီးပါးရှိကြောင်း အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရွေးချယ်မှုမှ
ရရှိသည့်စာရင်းများအရ သိရသည်။
ထို့ပြင် ဗဟိုအလုပ်အမှုဆောင် ရွေးချယ်မှုတွင်လည်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများအပါအဝင်
အဖွဲ့ဝင် ၁၅ ဦးကို ကန်ထရိုက်တာအဖွဲ့ဝင် ၆ဝဝ ကျော်မှ မဲပေးရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌနေရာအား
ရွှေသံလွင်ကုမ္ပဏီမှ ဦးကျော်ဝင်းက ရရှိခဲ့သည်။
''အဓိကကတော့ အဖွဲ့ဖွဲ့တာ ကန်ထရိုက်တွေရဲ့အခက်အခဲဖြေရှင်းဖို့ရန်၊ အစိုးရရဲ့ ဥပဒေ
လုပ်ထုံးလုပ်နည်းတွေကို လူတွေနဲ့အဆင်မပြေရင် တင်ပြဖို့ရယ်။ အဲဒါ အဓိကပါ။
ကျွန်တော်တို့ရဲ့ အခက်အခဲတွေကိုလည်း အများကြီး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အခု စည်ပင်က အသုံးပြုနေတဲ့ ဥပဒေ၊ နည်းဥပေဒတွေကလည်းအဆင်မပြေမှုတွေ
အများကြီး ရှိနေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အသင်းဖွဲ့ပြီးရင် ဒီအဆင်မပြေမှုတွေကို
အဆင့်ဆင့် တင်ပြသွားပါမယ်''ဟု ဦးလားဇယ်က ပြောသည်။
ထို့ပြင် အသင်းဖွဲ့စည်းမည့် အသင်းဝင်များအချို့နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံပြီးဖြစ်ပြီး ဝန်ကြီးချုပ်က ၄င်းတို့ အသင်းဖွဲ့စည်းခြင်းနှင့်
အများပိုင်ကုမ္ပဏီ ထူထောင်ခြင်းကို လိုလားကြောင်း ယာယီအသင်း၏ ဒုတိယ
ဥက္ကဋ္ဌ(၂) ဖြစ်သူ ဦးတင်မောင်ဝင်းက ပြောသည်။
''ဝန်ကြီးချုပ်ကလည်း ကျွန်တော်တို့ အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပါတယ်။ ကျွန်တော်တို့
ဒီအဖွဲ့ဟာ ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေနဲ့ အများပိုင်ကုမ္ပဏီတည်ထောင်ဖို့ကိုလည်း
ထောက်ခံတဲ့အကြောင်း ပြောပါတယ်။ ကန်ထရိုက်တာတွေရဲ့ အခက်အခဲတွေ၊
ပြဿနာတွေအပြင် ကန်ထရိုက်တွေရဲ့ အရည်အသွေးညံ့ဖျင်းတဲ့ ဆောင်ရွက်မှုတွေကိုလည်း
ကျွန်တော်တို့အသင်းဘက်ကလည်း ဝိုင်းဝန်းပြီးတော့ ထိန်းကျောင်းသွားနိုင်မယ်။ အစိုးရရဲ့
လုပ်ငန်းတွေမှာလည်း ပါဝင်ခွင့်ရမယ့်အတွက်ဝန်ကြီးက အကောင်းဘက်ကနေ
ပြောပါတယ်''ဟု ၄င်းက ပြောသည်။
















