ကြိုတင်ပုံလောင်း ကွန်ကရစ်နည်းပညာ ပြည်တွင်း၌ တွင်ကျယ်လာဖို့ လိုအပ်ချက်များ ရှိနေဆဲဖြစ်

ကြိုတင်ပုံလောင်း ကွန်ကရစ်နည်းပညာ ပြည်တွင်း၌ တွင်ကျယ်လာဖို့ လိုအပ်ချက်များ ရှိနေဆဲဖြစ်

နိုင်ငံတကာ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်စွာ အသုံးပြုနေသည့် ကြိုတင်ပုံလောင်း
ကွန်ကရစ်နည်းပညာ (Precast) နည်းစနစ်ကို ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများအတွင်း တူညီသည့် စံသတ်မှတ်ချက်များ
ထားရှိဆောက်လုပ်ရန် လိုအပ်သလို နိုင်ငံတော်ပိုင်းကလည်း အားပေးကူညီမှုများ
လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက
တွဲဖက်အထွေထွေအတွင်းရေးမှူး (၃) ဦးတင်အောင်မြင့်က ပြောသည်။

''Precast နည်းပညာအပြင် အခြားဆောက်လုပ်ရေးနည်းပညာတွေကို ကျွန်တော်တို့နိုင်ငံအတွက်
Transfer လုပ်နိုင်ရင် ပိုပြီးတော့ လုပ်ငန်းတွေ ထွန်းကားလာနိုင်တယ်။ ကန်ထရိုက်တွေက
ဘယ်နေရာမှာပဲ ဆောက်ဆောက် ထုပ်တန်းတွေ၊ တိုင်တွေ၊ ရက်မ တွေက အရည်အသွေးတူ
ဆောက်ကြမယ် ဆိုရင် နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေဘက်က Precast Factory တွေ
ထူထောင်လာကြမယ်။ ဒီလိုစနစ်မျိုးလုပ်ဖို့ဆိုတာ တစ်ဦးချင်း လုပ်လို့မရဘူး။ နိုင်ငံတော်က
ဦးဆောင်ပြီး လုပ်ပေးရမယ်။ ဆောက်လုပ်ရေးစနစ်တွေ အဆင့်မြင့်လာတာနဲ့အမျှ
ဆောက်လုပ်ချိန်တိုသွားမှာဖြစ်သလို အရည်အသွေးပိုင်းလည်း ပိုကောင်းလာလိမ့်မယ်။
ဒီစနစ်အောင်မြင်ခဲ့ရင် အဆောက်အအုံတွေ မြန်မြန်ဆန်ဆန်ဖြစ်လာမယ်။
မြန်မြန်ဆောက်နိုင်တာနဲ့အမျှ ဝယ်သူတွေရဲ့ယုံကြည်မှုခိုင်မာမှု ရှိလာလို့ ဆောက်လုပ်ရေး
လုပ်ငန်းတွေပါ ပိုအဆင်ပြေလာနိုင်တယ်''ဟု ၄င်းက ပြောသည်။

စင်ကာပူနိုင်ငံက ဆောက်လုပ်ရေးဆိုင်ရာနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့်
[email protected] က တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အဆောက်အအုံများကို
၃၃ ရက်အတွင်း အပြီးဆောက်လုပ်နိုင်သည့် Precast နည်းပညာမိတ်ဆက်ပွဲကို
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရုံးခန်းတွင်
အောက်တိုဘာ ၂၇ ရက်၌ မိတ်ဆက်ပြသခဲ့သည်။

နှစ်ခန်းတွဲ ရှစ်ထပ်တိုက် တစ်လုံးကိုလက်ရှိ ဆောက်လုပ်နေသည့် တိုင်ထောင် အုတ်စီသည့်
နည်းလမ်းများဖြင့် ဆောက်လုပ်မည်ဆိုပါက အနည်းဆုံး အချိန်တစ်နှစ်ခန့် ကြာမြင့်နိုင်သော်လည်း
နိုင်ငံတကာတွင် အသုံးချမှုများပြားသည့် ကြိုတင်ပုံလောင်း ကွန်ကရစ်နည်းပညာဖြစ်သည့်
Precast နည်းပညာ အသုံးပြု ဆောက်လုပ်မည်ဆိုပါက အချိန်လေးလခန့်အတွင်း
အပြီးသတ် ဆောက်လုပ်နိုင်သည့် အားသာချက်ရှိသည်။ သို့သော် Precast
နည်းပညာဖြင့် ဆောက်လုပ်သည့် အဆောက်အအုံများမှာ သာမန် နည်းပညာဖြင့်
ဆောက်လုပ်သည့် အဆောက်အအုံများထက် ကုန်ကျစရိတ် ၂ဝ ရာခိုင်နှုန်းပိုမိုများပြားသည်။

တံတားများ၊ ရေမြောင်းများ၊ ကားပါကင် နှင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရာတွင်
Precast နည်းပညာဖြင့် ဆောက်လုပ်မှု ကို နိုင်ငံတကာ၌ အချိန်ကုန် သက်သာခြင်းနှင့်
လုပ်သားအင်အား အများအပြား မလိုအပ်သည့်အတွက် တွင်တွင်ကျယ်ကျယ်
အသုံးပြုနေပြီဖြစ်သည်။

တန်ဖိုနည်းအိမ်ရာများအပါအဝင် ပုံစံတူအိမ်ရာများ၊ ပုံစံတူ ကွန်ကရစ် ရက်မများ၊
ထုပ်တန်းများကို အရေအတွက်များများဖြင့်ဆောက်လုပ် အသုံးချနိုင်သည်နှင့်အမျှ
ကုန်ကျစရိတ်များ တဖြည်းဖြည်း လျော့ကျသွားစေသည့် နည်းပညာဖြစ်သည့်အတွက်
အဆောက်အအုံအမြောက်အမြား တစ်စုတစ်စည်းတည်း ဆောက်လုပ်သည့် စီမံကိန်းများ
အတွက် ယင်းနည်းပညာမှာ ပိုမိုသင့်လျော်မှုရှိသည်။ သို့သော် ဒီဇိုင်းပုံသဏ္ဌာန်
ကွဲပြားသည့် လူနေအိမ်များအတွက်မူ ယင်းစနစ်ဖြင့် ဆောက်လုပ်ရန် မိုပုံစံများကို
မကြာခဏ ပြောင်းလဲပြင်ဆင်ရသည့်အတွက် အခက်အခဲများရှိပြီး ကုန်ကျစရိတ်
ပိုမိုများပြားလာနိုင်သည်။

''အဆောက်အအုံတွေမှာ ဒီဇိုင်းက ပုံစံတစ်မျိုးစီဖြစ်နေရင် Precast က လုပ်ရတာ
ခက်တယ်။ ဝန်ထမ်းအိမ်ရာတွေ၊ တန်ဖိုးနည်းအိမ်ရာတွေအတွက်ကျတော့ ပုံစံတူတွေ
ဖြစ်လို့ အဆင်ပြေတယ်၊၊ အစိုးရဘက်က ဒီစနစ်တွေ ကောင်းတယ်ဆိုပြီး အားပေးအား
မြှောက်ပြုပေးရမှာဖြစ်သလို လုပ်မယ့် လုပ်ငန်းရှင်တွေအတွက်လည်း ငွေရေးကြေးရေးအရပါ
ကူညီပေးမယ်ဆိုရင်တော့ အဆင်ပြေ အောင်မြင်လာလိမ့်မယ်။ ဒီစနစ် အောင်မြင်ရင်
ကုန်ကျစရိတ်တွေ အများကြီးသက်သာသွားလိမ့်မယ်''ဟု ၄င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း ကျွမ်းကျင်လုပ်သားများ ရှားပါးလာခြင်း၊လုပ်ခလစာ
ကုန်ကျစရိတ်များ မြင့်တက်နေခြင်းကြောင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းတွင် ကျယ်သည့်
Precast နည်းပညာမှာ ယခုအချိန်တွင် သာမန်နည်းပညာဖြင့် ဆောက်လုပ်ထားသည့်
အဆောက်အအုံများထက် ကုန်ကျစရိတ်ပိုမိုများပြားသော်လည်း ရေရှည်တွင်
အချိန်ကုန်သက်သာခြင်း၊ လုပ်သားအင်အားသုံးစွဲမှု နည်းပါးခြင်းကြောင့် ဏမနခေျအ
နည်းပညာဖြင့် ဆောက်လုပ်မှုများ ပိုမိုများပြားလာနိုင်ခြေရှိကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

''ပုံစံတူ အမြောက်အမြားဆောက်ရင် ကိုက်တယ်။ တိုက်တစ်လုံးတည်းအတွက် Precast
လုပ်ရင်မကိုက်ဘူး။ အားသာချက်ကအချိန် သိပ်မြန်တယ်။ ဆောက်လုပ်ချိန်ကိုကျုံ့ပစ်လိုက်တယ်။
သူက သံပြားကြီးတွေနဲ့ ပုံစံတူ မိုအရင်လုပ်ထားရတယ်။ တန်ဖိုးနည်းအိမ်ရာလို
အဆောက်အအုံပုံစံတူအများကြီးလုပ်မယ်ဆိုရင် အဆင်ပြေတယ်။ နောက်တစ်ခုက ရန်ကုန်ရဲ့
ကားလမ်းအနေအထားအရ နိုင်ငံတကာလို Precast နဲ့ လုပ်ထားတဲ့ကွန်ကရစ်တုံးကြီးတွေကို
သယ်လာလို့မရဘူး။ သယ်နိုင်တဲ့ကားတွေလည်း မရှိသေးဘူး။ နေရာတွေက ကျဉ်းတဲ့အတွက်
တန် ၁ဝဝ ကရိန်းနဲ့ Precast ကြီးကို ထိုးတင်ဖို့ဆိုတာလည်း အဆင်မပြေနိုင်ဘူး။
နည်းပညာအရတော့ ကောင်းပါတယ်။ လုပ်လို့မရတဲ့ ပြဿနာလေးတွေရှိတယ်။ ဒီနည်းပညာက
အချိန်ကုန်သက်သာတဲ့အတွက် နိုင်ငံတကာမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြပါပြီ''ဟု
ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများကို ဆောက်လုပ်နေသည့် ရွှေဇမ္ဗူထိပ်
ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးသန်းနိုင်က အောက်တိုဘာ ၂၈ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် Precast စနစ်ဖြစ်သည့် ကြိုတင်ပုံလောင်း ကွန်ကရစ်နည်းပညာများဖြင့်
တံတားကြီးများ ဆောက်လုပ်လျက်ရှိသလို နိုင်ငံတော်အဆင့် အိမ်ရာစီမံကိန်းများဖြစ်သည့်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်
အတွင်း ဆောက်လုပ်လျက်ရှိသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းများမှာ
ယင်းစနစ်ကို အသုံးပြုဆောက်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်