ငွေကြေးလိုအပ်ချက်ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် ဘဏ်ချေးငွေရရန် ဆောင်ရွက်ပေးလျက်ရှိ

ငွေကြေးလိုအပ်ချက်ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် ဘဏ်ချေးငွေရရန် ဆောင်ရွက်ပေးလျက်ရှိ

 

ဆောက်လက်စ အဆောက်အအုံများ အပြီးသတ် ဆောက်လုပ်နိုင်ရန်နှင့် နိုင်ငံတော်ထံမှ
တင်ဒါများ အောင်မြင်ထားပြီး လုပ်ငန်းစတင်ရန် ငွေကြေးအခက်အခဲရှိနေသည့် ဆောက်လုပ်ရေး
ကုမ္ပဏီများကို ဘဏ်များနှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း (MCEA) ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက
အောက်တိုဘာ ၃၁ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

''CHDB ၊ ဧရာဝတီဘဏ်တွေနဲ့ ကျွန်တော်တို့ပေါင်းပြီး ဆောက်လုပ်စ တစ်ဝက်တစ်ပျက်နဲ့
ရပ်ဆိုင်းနေရတဲ့ အဆောက်အအုံတွေ အပြီးသတ် ဆောက်နိုင်ဖို့ အသင်းကနေ ကူညီ
လုပ်ဆောင်ပေးနေပါတယ်။ ရောင်းမထွက်တဲ့ အခန်းတွေအတွက်လည်း အရစ်ကျစနစ်နဲ့
ရောင်းဖို့ ဘဏ်တွေကို အပ်ပေးပါတယ်။နောက်တစ်ခုက အစိုးရဆီက တင်ဒါရပြီး ဖြစ်ပေမဲ့
လုပ်ငန်း စတင်ရင်းနှီးရမယ့် ၃ဝ ရာခိုင်နှုန်းကို ရင်းဖို့ခက်တဲ့ ကုမ္ပဏီတွေ အတွက်လည်း
လိုအပ်တဲ့ပိုက်ဆံကို ထုတ်ချေးနိုင်ဖို့အတွက် စာချုပ်စာတမ်းတွေနဲ့ အသေးစား အလတ်စား
ဆောက်လုပ်ရေးကုမ္ပဏီတွေ ဘဏ်ချေးငွေရဖို့ ကူညီပေးနေပါတယ်'' ဟု ၄င်းက ပြောသည်။

MCEA က ငွေကြေးလိုအပ်သည့် လုပ်ငန်းရှင်များစုစည်းကာ ငွေထုတ်ချေးပေးနိုင်မည့်
ဘဏ်များနှင့် ဆက်လက်ချိတ်ဆက် ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်လည်းဖြစ်သည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ပူးပေါင်းကာ ပထမဆုံး အစီအစဉ်အဖြစ်
အောက်တိုဘာလဆန်းမှစ၍ ငွေကြေးလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက်
ငွေထုတ်ချေးနိုင်သည့် အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ကုမ္ပဏီ ၁၇ ခုအတွက်
ဘဏ်ချေးငွေ ရယူနိုင်ရန် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ဘဏ်ချေးငွေများရယူလိုသည့် ဆောက်လုပ်ရေးကုမ္ပဏီများသည် မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီတစ်ခုဖြစ်ရန်
လိုအပ်သည်။ ထို့ပြင် မိမိဆောက်လုပ်နေသည့် အဆောက်အအုံ၏ တည်နေရာ၊
ပြီးစီးဆောင်ရွက်ထားသည့် အနေအထား၊ တွေ့ကြံုနေရသည့် အခက်အခဲများနှင့်
လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ငွေကြေးပမာဏ တို့ကို အသေးစိတ်စာဖြင့်
ရေးသာကာ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းသို့ အကြောင်းကြားစာ
ပေးပို့ရမည်ဖြစ်သည်။

''သူတို့လုပ်ငန်းတွေ ဆက်လက်လည်ပတ်အောင်လို့ ကူညီပေးနေပါတယ်။
ငွေကြေးလိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အတွက် ဆောက်လုပ်ရေး
အသင်းက ချိတ်ဆက်လုပ်ပေးနေတယ်။ ဘဏ်ကို တစ်ဦးချင်း သူတို့လာရင်
အဆင်မပြေမှာစိုးလို့ပါ။ သူတို့မှာ တွေ့ကြံုနေရတဲ့ အခက်အခဲ၊ အဆောက်အအုံရဲ့နေရာ၊
သူတို့လိုချင်တဲ့ ငွေပမာဏ၊ လုပ်ငန်းတိုးတက်မှုအခြေအနေတွေနဲ့ ဆောက်လုပ်ရေး
အသင်းကို အကြောင်းကြားလိုက်ရင် အသင်းက ဦးဆောင်ပြီး ဘဏ်တွေနဲ့ ချိတ်ဆက်
ငွေထုတ်ချေးပေးဖို့ လုပ်ပေးတာဖြစ်ပါတယ်''ဟု ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဘဏ် ဒါရိုက်တာ ဦးတင်အောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းကို ၁၉၉၆ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အင်အားကြီး ဆောက်လုပ်ရေးကုမ္ပဏီများအပြင်
အလယ်အလတ်နှင့် အငယ်စား ဆောက်လုပ်ရေးလုပ်ငန်းရှင်များလည်း ပါဝင်
စုစည်းဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိတွင် အသင်းဝင်ဆောက်လုပ်ရေး
ကုမ္ပဏီပေါင်း ၁,ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အသင်းလည်းဖြစ်သည်။

အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝယ်လက် ပျောက်ဆုံးသွားသည့်အတွက်
ဆောက်လက်စအဆောက်အအုံများငွေကြေးလည်ပတ် ဆက်လက်ဆောက်လုပ်နိုင်ရန်
အခက်အခဲရှိနေသည့် ကုမ္ပဏီ အများအပြားရှိနေသကဲ့သို့၊ အဆောက်အအုံ
ဆောက်လုပ်ရန်အတွက် မြေရှင်နှင့် ကြိုတင်ညှိနှိုင်း သဘောတူထားပြီး ဖြစ်သော်လည်း
စျေးကွက်အခြေအနေအရ စာချုပ်များကို ဖျက်သိမ်းကာ ဆက်လက်ဆောက်လုပ်ခြင်း
မပြုတော့သည့် ကန်ထရိုက်တာများ၊ ဆောက်လုပ်ရေးကုမ္ပဏီများလည်း အများအပြား
ရှိလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

''ဆောက်လက်စတွေကြားမှာကို အိမ်ရှင်တွေနဲ့ ကန်ထရိုက်တာတွေ၊ ဝယ်တဲ့သူတွေ
အကြားမှာ အပြန်အလှန် တရားစွဲထားတဲ့ အရှုပ်အရှင်းတွေကလည်း အများကြီးရှိတယ်။
ဘဏ်တွေဘက်ကလည်း တော်တော်လေး Clear ဖြစ်မှ ငွေချေးမယ့်သဘောရှိတယ်။
စာချုပ်စာတမ်းအရ အခိုင်အမာရှိပြီး ကန်ထရိုက်ရော အိမ်ရှင်ပါ နှစ်ဦးသဘောတူမယ်။
ကြိုပွိုင့်တွေလည်း အများကြီးမရောင်းရသေးဘူးဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ငွေမရှိလို့
ပြဿနာပေါင်းစုံနဲ့ ရပ်သွားတာဆိုရင်တော့ ဘဏ်တွေက ချေးမှာ မဟုတ်ဘူး။အသင်းအနေနဲ့
အခုလို အကူအညီပေးတာ အင်မတန်ကောင်းပါတယ်'' ဟု အာရှဆောက်လုပ်ရေး
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

၂ဝ၁၂ ခုနှစ်မှ စ၍ အရှိန်အဟုန်ကောင်းကောင်းဖြင့် လည်ပတ်ခဲ့သည့် ပြည်တွင်း
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ စျေးကွက်
အတွင်း ဝယ်ယူလိုသူ ရုတ်တရက် နည်းပါးသွားသည့် အကျိုးဆက်အဖြစ်စျေးကွက်အတွင်း၌
ငွေကြေးအင်အား နည်းပါးသည့် ကန်ထရိုက်တာများ၊ အငယ်စားနှင့် အလယ်အလတ်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ ဆောက်လက်စအဆောက်အအုံများ ရန်ကုန်မြို့၌
အများအပြား တွေ့မြင်နေရဆဲဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းများတွင် အရောင်းအဝယ် အေးစက်သွားသည့်အတွက်
ဆောက်လုပ်ရန် ရည်ရွယ်ထားသည့် အဆောက်အအုံများကို ဆောက်လုပ်ခြင်းမပြုဘဲ
ဆိုင်းငံ့ထားလိုက်ရသည့် လုပ်ငန်းရှင်များ အများအပြားရှိသည့်အပြင် ဆောက်လက်စ
အဆောက်အအုံများကို အပြီးသတ် ဆက်လက်ဆောက်လုပ်ရန် ငွေကြေးအခက်အခဲများ
ရှိနေသည့် လုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများလည်း အများအပြားရှိသည်။

စျေးကွက်တွင် ကွန်ဒိုမီနီယံတိုက်ခန်းများ၊ လူနေတိုက်ခန်းများ ဝယ်လိုအား
ပျောက်ဆုံးနေဆဲဖြစ်သည့်အတွက် အင်အားကြီးဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့်
ဆက်လက်ဆောက်လုပ်ရန် အခက်အခဲမရှိသော်လည်း အလယ်အလတ်နှင့် အငယ်စား
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက်မူအကူအညီများ လိုအပ်နေဆဲဖြစ်သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် စတင်တည်ထောင်သည့် ၂ဝ၁၄ ခုနှစ်မှ
ယနေ့အချိန်ထိ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင် ၂ဝဝ ကျော်ကို
ကျပ်ဘီလျံ ၉ဝ ထုတ်ချေးထားပြီးဖြစ်ကြောင်း အောက်တိုဘာလအတွင်း
ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာနှင့် ပတ်သက်၍ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက
ဖြေကြားထားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်