ပုဂ္ဂလိကလုပ်ငန်းရှင်များ ဆောက်လုပ်ထားပြီးဖြစ်သည့် တန်ဖိုးနည်းတိုက်ခန်းများကို
နိုင်ငံတော်က ၀ယ်ယူကာ အများပြည်သူကို ပြန်လည်နေရာချထားပေးသည့် နည်းစနစ်
ကျင့်သုံးခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အတွက် သုံးဦးသုံးဖလှယ် ပိုမိုအကျိုးရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
နိုင်ငံတော်က ဆောက်လုပ်ရောင်းချပေး နေသည့် တန်ဖိုးနည်းအိမ်ရာ အများစုမှာ
သာမန် ကန်ထရိုက်တိုက်ခန်းများထက် ပိုမိုကျယ်ဝန်း မှုရှိသော်လည်း သွားလာရန်
ခက်ခဲသည့် နေရာများတွင် ရှိနေသည့်ပြင် ရောင်းဈေး မှာလည်း ကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြင့်
ရောင်း ချနေခြင်းဖြစ်သည်။ မကြာမီ တန်ဖိုးနည်းအိမ် ရာအခန်းပေါင်း ၂,၂၀၈ ခန်းကို
ရောင်းချတော့မည်ဖြစ်သည်။
မြေညီထပ်အခန်းများအတွက် ကျပ်သိန်း ၁၂၀ သတ်မှတ်ထားပြီး လေးလွှာ
အပေါ်ဆုံးထပ် အခန်းများကို ကျပ် ၉၇ သိန်း ရောင်းဈေး သတ်မှတ်ထားသည်။
"ကန်ထရိုက်တိုက်တွေ ရောင်းနေတဲ့ဈေး က အောက်ထပ်ကို ဈေးပိုယူပြီး အပေါ်ထပ်ကို
ဈေးလျှော့ယူကြတယ်။ သေချာတာက တော့ ကန်ထရိုက်တိုက်တွေ အရှုံးခံရောင်းနေ
ကြရတဲ့ အခြေအနေရှိတယ်။ ကန်ထရိုက် တိုက်တွေ တော်တော်များများက မြို့ထဲမှာ
ရှိတာများတယ်။ တန်ဖိုနည်းအိမ်ရာတွေကျ တော့ မြို့ပြင်မှာ ရှိတာများတယ်။
ရောင်းမထွတ်တဲ့တိုက်ခန်းတွေကို အစိုးရက ဈေးနှုန်း တစ်ခုနဲ့ဝယ်ပြီး ပြည်သူတွေကို
နေရာပြန်ချ ပေးလိုက်ရင် အားလုံး အဆင်ပြေသွားမယ်။ တန်ဖိုးနည်းတိုက်ခန်း
ရောင်းဈေးတွေနဲ့ အပြင်တိုက်ခန်းရောင်းဈေးတွေက တချို့ နေရာတွေမှာဆို ဈေးက
သိပ်မကွာတာလေး တွေရှိတယ်"ဟု ၎င်းက ပြောသည်။
ပြင်ပဈေးကွက်၌လည်း ကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြင့် တိုက်ခန်းအချို့ကို ၀ယ်ယူရရှိနိုင်သည့်
အခြေအနေရှိသည့်အတွက် တန်ဖိုး နည်းအိမ်ရာသစ်များ၏ အများပြည်သူကို
လက်ရှိရောင်းချနေသည့် ဈေးနှုန်းနှင့် ယှဉ်လျှင် ကွာဟမှုနည်းပါးသည်။
သို့သော် တန်ဖိုးနည်းအိမ်ရာများမှာ ပထမအရစ် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို
ပေးချေရုံမျှဖြင့် ကျန်ရှိသည့် ရ၀ ရာခိုင်နှုန်း ကို ရှစ်နှစ်အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်သည့်
အားသာချက်ရှိသည်။
ဈေးကွက်အတွင်း၌ လုပ်ငန်းရှင်များ ဆောက်လုပ်ထားပြီး ရောင်းချရန် ကျန်ရှိနေသည့်
လူနေတိုက်ခန်း (ကွန်ဒိုမီနီယံ တိုက်ခန်းမပါ) စုစုပေါင်း ၁၅,၀၀၀ မှ ၂၀,၀၀၀ ခန်းအထိ
ရှိနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။
နယ် ဒေသများမှ ရန်ကုန်မြို့တော်သို့ လာရောက် အလုပ်လုပ်ကိုင်သူများ ပြောင်းရွှေ့အခြေချ
နေထိုင်သူများ တစ်နေ့တခြား များပြားလာ သည့်အတွက် နှစ်စဉ် အိမ်ခန်းလိုအပ်ချက်
ရ၅,၀၀၀ မှ ၁၀၀,၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။ သို့သော် နိုင်ငံတော်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်
များက ရန်ကုန်မြို့တွင် နှစ်စဉ်ဆောက်လုပ် နိုင်သည့် အခန်းပမာဏမှာ သုံးသောင်းဝန်းကျင်ခန့်သာ ရှိသည်။
"နံပါတ် ၁ အချက်က အခန်းတွေက ဆောက်ထားတယ် မရောင်းရဘူး။ နံပါတ် ၂ အချက်
အနေနဲ့ ပြည်သူကလည်း အခန်းလိုအပ်ချက်ရှိပေမဲ့ ၀ယ်ဖို့မတတ်နိုင်ကြဘူး။ နံပါတ် ၃ အချက်က
အစိုးရကလည်း တန်ဖိုး နည်းအိမ်ရာကို အကောင်အထည်ဖော်နေ သလို နံပါတ် ၄ အချက်က
ဘဏ်တွေဘက် ကလည်း ပိုက်ဆံချေးပေးချင်တဲ့သဘောလေး တွေရှိတယ်။ ဒီအချက်လေးခုကို
သေသေချာချာ ပေါင်းပေးဖို့ပဲလိုတယ်။ ဘယ်လိုပေါင်း စပ်ညှိနှိုင်းရမလဲဆိုတဲ့ နည်းလမ်းတော့
ရှာရမယ်"ဟု ဦးကျော်ကျော်စိုးက ပြောသည်။
ကန်ထရိုက်တိုက်ခန်း ဆောက်လုပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုမှာ
ငွေကြေးလည်ပတ်မှု အားနည်းကြသည့် အတွက် အဆောက်အအုံတစ်ခု
အောင်မြင်စွာဆောက်လုပ်နိုင်ရန် လိုအပ်သည့် ငွေကြေး ရရှိရန်အတွက် အခန်းများကို
ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခြင်း၊ ပြင်ပက မြင့်မားသည့် အတိုး နှုန်းများဖြင့် ချေးယူဆောက်လုပ်
သူများလည်း ရှိသည့်အတွက် ယခုကဲ့သို့ ဈေးကွက်အေးကာ ၀ယ်ယူသူ နည်းပါးသွားသည့်
အချိန်တွင် အခက်အခဲများစွာ ကြံုတွေ့နေရဆဲဖြစ်သည်။
"တိုက်ခန်းရောင်းချင်တဲ့လူနဲ့ တိုက်ခန်း ၀ယ်ချင်တဲ့လူက ဘဏ်ကိုလာမယ်၊ ဘဏ်ဘက်ကနေ
ရောင်းမယ့်လူရော၊ ၀ယ်မယ့်လူရော နှစ်ယောက်စလုံးကို ဘဏ်သတ်မှတ် ချက်အတိုင်း
စစ်ဆေးပြီး ငွေချေလိုက်ရင် ရောင်းသူ ၀ယ်သူပါ အဆင်ပြေသွားမှာဖြစ်ပြီး အစိုးရအတွက်လည်း
အခွန်ဘဏ္ဍာ ရလိမ့်မယ်။ တန်ဖိုးနည်းအိမ်ရာဆောက်ပြီး ရောင်း စရာမလိုတော့လို့ အစိုးရလည်း
မြေကုန်ကျ စရာမရှိတော့ဘူး။ နည်းနည်းပြဿနာရှိ တာက ဘဏ်တွေဘက်က ပမာဏကြီးတဲ့
ချေးငွေဖြစ်တဲ့အတွက် ဘယ်လိုဖြည့်တင်းမလဲ ဆိုတာတော့ စကားပြောစရာရှိတယ်"ဟု
System Engineering Construction ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအစီအစဉ်ကို အကောင်အထည် ဖော်နိုင်သည်နှင့်အမျှ ကျဆင်းလျက်ရှိသည့်
မြန်မာ့အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ် ငန်းများတွင် ငွေကြေးလည်ပတ်စီးဆင်းမှုများ
မြန်ဆန်သွက်လက်လာနိုင်သည့်ပြင် အလယ်အလတ်နှင့် အသေးစားဆောက်လုပ်ရေးလုပ်ငန်းများ
လုပ်ကိုင်သည့် ကုမ္ပဏီများ ပိုမိုအဆင်ပြေ ချောမွေ့လာနိုင်မည်ဖြစ်သည်။
"ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆောက်ထားတဲ့ တိုက်ခန်းတွေကိုလည်း နောက်ပိုင်းမှာတော့
သူတို့ဘက်ကလည်း အရစ်ကျစနစ်နဲ့ ရောင်း ချင်တယ် ဘဏ်ဘက်ကလည်း လုပ်ပေးနိုင်မယ်
ဆိုရင်တော့ ဌာနဘက်က ညှိနှိုင်းပြီး လုပ်ပေးသွားမယ့်အစီအစဉ်တော့ နောက် ပိုင်းမှာ ရှိပါတယ်။
အခုလောလောဆယ်ရှိ နေတဲ့ ဘဏ်ရဲ့ ငွေကြေးအင်အားကလည်း အစ်ကိုတို့ဆောက်နေတဲ့
တိုက်ခန်းတွေ အတွက်လောက်ပဲ ဆောင်ရွက်နိုင်တဲ့ အနေအထားရှိသေးတယ်"ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က
နိုဝင်ဘာ ၄ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာ ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တေစ်ခုတည်းသော ဖွံ့ဖြိုးရေးဘဏ်လည်း ဖြစ်သည်။
ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း အများစုမှာ ပြည်ပမှ ၀ယ်ယူတင်သွင်းဆောက်လုပ်ရခြင်းဖြစ်ပြီး
အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်းထားများ မြင့်တက်လာသည့်အတွက်
ဆောက်လုပ်ရေး သုံးပစ္စည်းများ ဈေးနှုန်း မြင့်တက်လျက်ရှိ သည်။
နိုင်ငံတော်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များအနေဖြင့် တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်မည်ဆိုပါက
တစ်ပေပတ်လည် ကုန်ကျစရိတ် အနည်းဆုံး ကျပ် ၂၀,၀၀၀ ၀န်းကျင်ခန့်အထိ ရှိနေသည်။
တန်ဖိုးနည်းအိမ်ရာများကို အရည်အသွေး လျှော့ဆောက်လုပ်ခြင်း၊ အခန်းအကျယ်အဝန်း
လျှော့ချဆောက်လုပ်ကာ ဈေးနှုန်းလျှော့ချရောင်းချခြင်းထက် အများပြည်သူ များ သက်သောင့်သက်သာ
နေထိုင်နိုင်သည့် အခန်းအကျယ်အဝန်းနှင့် အမှန်တကယ် နေအိမ်လိုအပ်သူများ လက်ဝယ်သို့
တိုက်ခန်း များ ရောက်ရှိစေရန် အတွက် နည်းလမ်းများကို ရှာဖွေရန် ပိုမိုအရေးကြီးကြောင်း
ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးမင်းအောင်အေးက ပြောသည်။
"လက်တွေ့အခြေအနေမှာ တော်တော် များများ ၀ယ်ယူနိုင်စွမ်းကလည်း အခက်အခဲ ရှိတယ်။
တန်ဖိုးနည်းအိမ်ရာဆိုတာ ဘဏ် စနစ်ပါမှပဲ သူ့ရဲ့ရည်မှန်းချက်က ပြည့်မှာဖြစ်တယ်။ သိန်း ၁၀၀
အောက်လျော့ပြီး သိန်း ၉၀၊ သိန်း ၈၀၊ သိန်း ရ၀ နဲ့ ရောင်းဦး၊ တကယ် လူတွေ မဝယ်နိုင်ဘူး။
သိန်း ၃၀၊ သိန်း ၄၀ နဲ့ ဆောက်ကြမလားဆိုတော့လည်း အရည် အသွေး အရမ်းကျသွားမှာဖြစ်လို့
မဖြစ်နိုင်ဘူး။ တန်ဖိုးကို လျှော့ချတာထက် ပြည်သူတွေ ၀ယ်နိုင်တဲ့ လက်လှမ်းမီတဲ့ အခြေအနေဖြစ်အောင်
လုပ်ရမယ်"ဟု ၎င်းက ပြောသည်။
















