ကော့မှူးမြို့နယ်အတွင်းရှိ မြေကွက်ဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိ

ကော့မှူးမြို့နယ်အတွင်းရှိ မြေကွက်ဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိ

ကော့မှူးမြို့နယ်ရှိ မြေကွက်များကို ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသူ များပြားလာပြီး
မြေဈေးနှုန်းများလည်း တစ်နေ့တခြား မြင့်တက်လျက်ရှိကြောင်း ဒေသခံ
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ရွှေ့ဆိုင်းထားသော ရန်ကုန-်ဒလ မြစ်ကူးတံတားစီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်ကာ
အကောင်အထည်ဖော်ရန် ကြေညာပြီးချိန်မှ စ၍ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ မြေကွက်များကို
၀ယ်ယူလိုသူ များပြားလာခဲ့ကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် ကိုကျော်အောင်က ပြောသည်။

"ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်တော့မယ်လို့ သတင်းတွေထွက်ပြီးတဲ့
အချိန်ကစပြီး ရန်ကုန်မြို့လယ်ကောင်နဲ့နီးပြီး မြစ်ခြားနေလို့ သွားလာရေးခက်ခဲတဲ့
ရန်ကုန် မြို့တစ်ဖက်ကမ်းက မြေကွက်တွေကို ရင်းနှီး မြှုပ်နှံဖို့ ၀ယ်ယူလိုသူတွေ
များပြားလာခဲ့ပါတယ်။ တံတားစီမံကိန်းကို ဒုတိယအကြိမ် ထပ်မံရွှေ့ဆိုင်းခဲ့တဲ့
ပြီးခဲ့တဲ့နှစ်ကတည်းက ဒလမြို့နယ်က မြေဈေးတွေက အမြင့်ပိုင်း မှာရှိနေဆဲဖြစ်လို့
ရင်းနှီးမြှုပ်နှံသူတွေက ဒလမြို့နယ်ထက် အိမ်ခြံမြေ ဈေးသက်သာ နေသေးတဲ့ ဒလမြို့နယ်နဲ့
ကပ်လျက်ရှိနေတဲ့ ကော့မှူးမြို့နယ်က မြေကွက်တွေကို ရင်းနှီး မြှုပ်နှံဖို့ တခြားမြို့နယ်တွေထက်
ပိုသဘောကျ ကြပါတယ်"ဟု ၎င်းက ပြောသည်။

ကော့မှူးမြို့နယ်ကိုဖြတ်ကာ ဒလမြို့နယ်နှင့် တွံတေးမြို့နယ်ကို ဆက်စပ်ပေးမည့်
လမ်းမကြီးတစ်ခုကို ယခုနှစ်ကုန်တွင် စတင် ဖောက်လုပ်မည်ဖြစ်ပြီး ထိုလမ်းမကြီး
တစ်လျှောက်ရှိ မြေကွက်များကို ၀ယ်ယူလိုသူများပြားလာပြီး ထိုလမ်းမကြီးပေါ်ရှိ
မြေဈေး များလည်း နှစ်ဆကျော်အထိ သိသိသာသာ ဈေးမြင့်တက်လာကြောင်း
ကိုကျော်အောင် က ပြောသည်။

"ကော့မှူးမြို့နယ်ကို ဖြတ်ပြီးဖောက်လုပ်မယ့် ဒလနဲ့ တွံတေးမြို့နယ်ကို ဆက်ပေးမယ့်
လမ်းမအသစ်တစ်လျှောက်မှာရှိတဲ့ မြေကွက်တွေ ဒီလထဲ အရောင်းအဝယ်ဖြစ်နေပြီး
နှစ်လအတွင်းမှာကို ဈေးလည်း နှစ်ဆကျော် လောက်မြင့်တက်နေပါတယ်။ လမ်းမက
လာမယ့်ဒီဇင်ဘာလမှ စတင်ဖောက်လုပ်မှာဖြစ်ပြီး လမ်းဖောက်ပြီးသွားရင် မြေဈေးတွေ
ထပ်မြင့်တက်ဦးမှာပါ"ဟု ၎င်းက ပြောသည်။ ထိုအသစ်ဖောက်လုပ်မည့် လမ်းမကြီး
တစ်လျှောက်ရှိ မြေကွက်များမှာ ယခုနှစ်ဆန်း ပိုင်းတွင် တစ်ဧကလျှင် ကျပ်သိန်း ၅၀ အောက်
ခန့်သာရှိသော်လည်း ယခုအချိန်တွင် တစ်ဧက လျှင် ကျပ်သိန်း ၁၂၀ ကျော်ခန့် ဈေးရှိကြောင်း
၎င်းက ပြောသည်။

"အဲဒီ အသစ်ဖောက်လုပ်မယ့် လမ်းမတန်း တစ်လျှောက်ကမြေကွက်တွေက
ဥယျာဉ်ခြံ မြေအမျိုးအစားဖြစ်ပြီး စလစ်မြေတွေပါ။ ဂရန်ရရှိထားတဲ့ မြေက
မရှိသလောက်ပါပဲ။ ဥယျာဉ်ခြံမြေတွေက တစ်ဧကကို ကျပ်သိန်း ၁၂၀ ကျော်က
စပြီး ၁၅၀ ခန့်ထိ ဈေးခေါ်နေပါတယ်။ လယ်မြေဆိုရင်တော့ ဥယျာဉ်ခြံမြေထက်
၁၀ သိန်းလောက် သက်သာပါတယ်" ဟု ကိုကျော်အောင်က ပြောသည်။

ကော့မှူးမြို့နယ်တွင်းရှိ ကျေးရွာများမှ ဂရန် မရရှိသေးသော မြေကွက်များမှာလည်း
၀ယ်ရောင်း ပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ၀ယ်ယူမှုနည်းသော်လည်း ဈေးနှုန်းများ
သုံးဆကျော်ခန့်အထိ မြင့်တက်လျက်ရှိ ကြောင်း မြို့ခံ ဒေါ်သီတာအေးက ပြောသည်။

"လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့၊ ကွန်ကရစ်လမ်း မဖောက်လုပ်ရသေးဘဲ
မြေနီလမ်းသာ ဖောက်လုပ်ထားတဲ့ ကျေးရွာ တွေမှာလည်းမြေဈေးတွေ သုံးဆကျော်ခန့်
အထိ ဈေးမြင့်တက်နေပါတယ်။ ကျေးရွာက ရွာမြေတွေက ဂရန်တွေ၊ စလစ်တွေ၊ ပါမစ်တွေ
ဘာအာမခံချက်မှ မရှိသေးလို့ ၀ယ်ရောင်း လုပ်လိုသူတွေ ၀ယ်ယူမှု မရှိသလောက်ဖြစ်ပေမဲ့
ဈေးတွေကတော့ တစ်နေ့တခြားကို မြင့်တက်နေပါတယ်။ ဒေသခံတွေက ကော့မှူး မြို့နယ်က
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး
ပိုဖွံ့ဖြိုး တိုးတက်လာ မယ်လို့ အသေအချာယုံကြည်ပြီး မြေဈေး တွေကို အမြင့်ပိုင်းကနေပဲ
ဈေးစခေါ်ကြပါတယ်"ဟု ၎င်းက ပြောသည်။

ကော့မှူးမြို့နယ် ကျေးရွာများတွင်းမှ မြေဈေးများမှာ စတုရန်းပေ ၂,၄၀၀ မြေကွက်
တစ်ကွက်လျှင် ကျပ်သိန်း ၃၀ ခန့်ရှိပြီး ပေ ၁၀၀ ပတ်လည် မြေကွက်တစ်ကွက်လျှင်
ကျပ်သိန်း ၅၀ ကျော်ခန့်အထိ ဈေးရှိသည်။

"ရွေးကောက်ပွဲမတိုင်ခင်က ကျေးရွာတွင်း က မြေဈေးတွေက စတုရန်းပေ၂,၄၀၀ ရှိတဲ့
မြေတစ်ကွက်ကို ငါးသိန်းလောက်ပဲ ရှိခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ဈေးတွေ မြင့်တက်
လာခဲ့တာ အခုဆို အဲဒီ အကျယ်အဝန်းရှိတဲ့ မြေကွက် တစ်ကွက်ကို ကျပ်သိန်း
၃၀ လောက် ဈေးခေါ်နေကြတယ်။ ဘာဂရန်၊ ပါမစ်မှ မရှိဘဲ အရပ်စာချုပ် တစ်ခု
တည်းနဲ့သာ ၀ယ်ရောင်း ပြုလုပ်နိုင်လို့ ရွာကမြေကွက်တွေကို ရင်းနှီး မြှုပ်နှံသူတွေ
၀ယ်ယူမှု မရှိပေမဲ့ ရွာကမြေ တွေက တစ်နေ့တခြား သိသိသာသာဈေးနှုန်းတွေ
မြင့်တက်လာနေပါတယ်"ဟု ကိုကျော် အောင်က ပြောသည်။

အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်သာ အကူအညီပေးသော
ကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းအကောင်အထည်ဖော်နေသည့်
လူထုဗဟိုပြုစီမံကိန်း အကျိုးခံစားရာ ရန်ကုန်တိုင်းကိုယ်စားပြု မြို့နယ်အဖြစ်
ကော့မှူးမြို့နယ် ရွေးချယ်ခံ ခဲ့ရသောကြောင့် ၂၀၁၅-၂၀၁၈ စီမံကိန်း ကာလ
လေးနှစ်အတွင်းမှာ အခြေခံ အဆောက်အအုံများ တည်ဆောက်ခွင့်နှင့် ပြုပြင်ခွင့်များကို
ကော့မှူးမြို့နယ်က ရရှိမည် ဖြစ်သည်။

"ကော့မှူးမြို့နယ်မှာ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ချိန် တစ်နှစ်အတွင်း မှာကို
စီမံကိန်းကနေ ဖောက်လုပ်တဲ့လမ်း တွေရှိပါတယ်။ အစိုးရစီမံကိန်းနဲ့ ဖောက်လုပ်တဲ့
လမ်းတွေလည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်လို့ သူက မြို့နယ်ကို
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး မြို့နယ် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးမယ်လို့
ဒေသခံတွေက ယုံကြည် နေကြပါတယ်။ မြေဈေးတွေလည်း ပိုမြင့် တက်လာနိုင်ပါတယ်"ဟု
ဒေါ်သီတာအေး က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်