တန်ဖိုးနည်းအိမ်ရာများအတွက် နိုင်ငံတော်ထံမှ ကျပ်ဘီလျံ ၃၀ ချေးငွေရရန် တောင်းဆိုထား

တန်ဖိုးနည်းအိမ်ရာများအတွက် နိုင်ငံတော်ထံမှ ကျပ်ဘီလျံ ၃၀ ချေးငွေရရန် တောင်းဆိုထား

တန်ဖိုးနည်းအိမ်ရာများကို အများအပြား ဆောက်လုပ်နိုင်ရန်နှင့် အရစ်ကျစနစ်ဖြင့် ၀ယ်ယူသူများ လစဉ်သွင်းငွေကို နှစ်ရှည် ပေးဆပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က
အိုးအိမ်ဦးစီးဌာန မှတစ်ဆင့် ငွေကျပ် ဘီလျံ ၃၀ ကို နိုင်ငံတော်ထံမှ ချေးငွေအဖြစ် ရယူနိုင်ရန်
တင်ပြထားကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာ ဦးတင်အောင်မြင့်က
နိုဝင်ဘာ ၈ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"အဓိကကတော့ ကျွန်တော်တို့လိုအပ်တဲ့ ငွေကြေးတွေအတွက် အိုးအိမ်ကနေတစ်ဆင့်
၀န်ကြီးဆီတင်ပြတယ်။ အစိုးရဆီကနေ ဘီလျံ ၃၀ လောက် ချေးပေးဖို့ ပြောထားတယ်။
ပေးမယ်လို့တော့ နှုတ်ကတိ ရထားပေမဲ့ လက်တွေ့တော့ မရသေးဘူး၊ တင်ပြထားတာ
ကတော့ သုံးလလောက်တော့ရှိပါပြီ။ ဘဏ်မှာ ငွေပိုလည်သွားအောင်လို့ အစိုးရဘက်က
ပံ့ပိုးဖို့ လိုအပ်တယ်"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ စီးပွားရေး
လုပ်ငန်းရှင်များ ပူးပေါင်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင်ရှိသည့် ဘဏ်များအနက်
တစ်ခုတည်း သော ဖွံ့ဖြိုးရေးဘဏ်လည်း ဖြစ်သည်။

စတင်ဖွဲ့စည်းခဲ့စဉ်က ကျပ်ဘီလျံ ၁၀၀ ဖြင့် မတည်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေး
ကုမ္ပဏီများ လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို ပိုမိုထုတ်ချေးနိုင်ရန်နှင့် တိုက်ခန်းဝယ်ယူ
သူများကို နှစ်ရှည်စနစ်ဖြင့် ထုတ်ချေးပေးနိုင်ရန် အတွက် တန်ဖိုးနည်းအိမ်ရာများကို အများ
အပြားဆောက်လုပ်နေသည့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကာ ဘဏ်တွင် လိုအပ်သည့် ငွေကြေးအရင်း အနှီး
ခိုင်မာတောင့်တင်းမှုရှိစေရန် ယခု ကဲ့သို့ နိုင်ငံတော်ထံမှ နှစ်ရှည်စနစ်ဖြင့် ကျပ်ဘီလျံ
၃၀ ချေးငှားပေးရန် တင်ပြခဲ့ ခြင်းဖြစ်သည်။

"အိမ်ရာတွေ အများကြီးဆောက်ဖို့ အစိုးရ ကလည်း ငွေထောက်ပံ့ရမှာဖြစ်သလို နိုင်ငံခြားချေးငွေတွေ
ရဖို့လည်း တစ်ဖက်ကနေ ကြိုးစားနေရတာတွေရှိတယ်။ တစ်ဖက်က လည်း အိမ်ဝယ်မယ့်
သူတွေဆီက ၃၀ ရာခိုင် နှုန်းငွေကို ကြိုယူထားတယ်။ ငွေရပေါက် သုံးနေရာလောက်ရမှ
တစ်ပြည်လုံးမှာ တန်ဖိုး နည်းတွေ လိုက်ဆောက်နိုင်မှာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ ၂၀၀ ကို ကျပ်ဘီလျံ ၉၀ ထုတ်
ချေးပေးထားပြီးဖြစ်သလို အိမ်ရာ ၀ယ်ယူလိုသူ ၅၀၀ အတွက် ကျပ် ခုနစ်ဘီလျံ ထုတ်ချေး
ထားခဲ့ပြီးဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် တန်ဖိုးနည်း
အိမ်ရာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
တာဝန်ရှိသူများက ဖြေကြားထားပြီးဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ် ထားသည့်
တန်ဖိုးနည်းအိမ်ရာများကို ၀ယ်ယူ လိုသူများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်မှတစ်ဆင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးငွေ အဖြစ် ပေးသွင်းစေကာ
ကျန်ရှိသည့် ရ၀ ရာခိုင်နှုန်းကို ၁၀ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည့်စနစ်ကို
ကျင့်သုံးလျက် ရှိသည်။ ထို့ပြင် တန်ဖိုးနည်းအိမ်ရာများနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို
ဆောက်လုပ်နေသည့် ကန်ထရိုက်တာများ၊ ဆောက် လုပ်ရေးကုမ္ပဏီများကိုလည်း
ငွေထုတ်ချေး ပေးလျက်ရှိသည်။

"နိုင်ငံတော်ဆီကနေ အိမ်ရာချေးငွေတွေ အတွက် ကျပ် ဘီလျံ ၃၀ လောက် တင်ပြထားပါတယ်။
အဲဒီပိုက်ဆံ ရလာရင်တော့ သက်သာတဲ့ အတိုးနှုန်းလေးတွေနဲ့ အရစ်ကျ စနစ်နဲ့ ပြည်သူတွေကို
ပေးနိုင်အောင် လုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာ အောင်လို့လည်း စီစဉ်နေပါတယ်"ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုသူများ သည် ပုံမှန်လစာဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို လစဉ်ပေးဆပ်နိုင်ရန်
သတ်မှတ်ထားသည့် အတွက် အနည်းဆုံးလစာဝင်ငွေအဖြစ် တစ်လလျှင် ကျပ် လေးသိန်းကျော်
ရရှိထား ရန် လိုအပ်သည်။ ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာတို့တွင်
ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၂၀၈ ခန်းအနက် မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အခန်းစုစု ပေါင်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် အခန်းပေါင်း ၆၅၀ ကျော်ကို နိုဝင်ဘာလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနက သတင်းရရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်