နိုင်ငံအတွင်း လိုအပ်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို မြန်မာ့ဆောက်လုပ်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ၏ ငွေကြေးစိုက်ထုတ်မှုဖြင့် ဦးစွာဆောက်လုပ်ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အခန်းအပ်ပြီးမှ ငွေပြန်ထုတ်ယူသောစနစ်တင်ရန်
မူအားဖြင့် သဘောတူညီမှုရယူထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။
"မြန်မာ့ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး အများပိုင်ကုမ္ပဏီ (MCD) ရဲ့ငွေနဲ့ ဆောက်ဖို့
ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သဘောတူထားပြီးပြီ။ ကျွန်တော်တို့ဘက်က အစိုးရအတွက်
တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်ပေးမယ်။ ငွေလည်း ကျွန်တော်တို့ စိုက်ထားပေးမယ်။
တိုက်ပြီသွားလို့ ရောင်းပြီး မှ အစိုးရဆီက စိုက်ဆောက်ထားတဲ့ ပိုက်ဆံ ပြန်ယူမယ်။ ပြီးရင်
ကျွန်တော်တို့ဆက် ဆောက်မယ်။ တန်ဖိုးနည်းအိမ်ရာကို အရည် အသွေးကောင်းကောင်းနဲ့
တန်ဖိုးနည်းအောင် ၀ိုင်းဆောက်ပေးတဲ့သဘောပါ။ လူကြီးတွေ ဘက်ကလည်း မူအရ
သဘောတူထားပြီးပါပြီ။ ဆောက်မယ့် အခန်းပုံစံကလည်း သုံးလေးမျိုး လောက်
ရှိတယ်။ ငါးထပ်ခြောက်ထပ် လောက်ပဲ ဆောက်မှာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ညှိပြီး
မြေကလည်း အဆင်သင့် ရှိနေပါပြီ"ဟု ၎င်းက ပြောသည်။
မြန်မာ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး အများပိုင်ကုမ္ပဏီကို မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်များ၊ ဗဟို
အလုပ်အမှု ဆောင်ကော်မတီဝင်များ အများအပြားဖြင့် ၂၀၁၄ ခုနှစ်မှ စတင်ခါ
ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။
MCD (Myanmar Construction Devel- opnment) အနေဖြင့် လာမည့်ပွင်းလင်းရာသီ ၌
တန်ဖိုးနည်းအိမ်ရာများကို ဒဂုံအရှေ့နှင့် သန်လျင်မြို့နယ်အတွင်းရှိ နိုင်ငံပိုင်မြေနေရာ ပေါ်တွင်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ သတ်မှတ်ထားသည့် အခန်းအကျယ်အဝန်း နှင့်
အရည်အသွေးအတိုင်း ဆောက်လုပ်ပေး သွားမည်ဖြစ်သည်။
တည်ဆောက်ပြီး အခန်း များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သို့လွှဲအပ်ကာ စိုက်ထုတ်ကျခံထားသည့် ငွေကြေးများကို ပြန်လည်တောင်းခံရယူမည့် စနစ်ဖြစ်သည်။
သိန်း ၁၀၀၊ သိန်း ၁၂၀၊ သိန်း ၁၄၀ နှင့် သိန်း ၂၀၀ တန် တန်ဖိုးနည်း တိုက်ခန်းများကို
ဆောက်လုပ်သွားမည်ဖြစ် သည်။ အခန်းအကျယ်အဝန်းပေါ် မူတည်ကာ တိုက်ခန်းတန်ဖိုးများ
အနည်းငယ် အပြောင်းအလဲရှိနိုင်မည်ဖြစ်သည်။
ကနဦး စတင်ရင်းနှီးမြှုပ်နှံမည့် ပမာဏ ကိုမူ အတိအကျပြောဆိုခဲ့ခြင်းမရှိသော်လည်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်လာသည်နှင့်အမျှ တန်ဖိုးနည်းအိမ်ရာ
များကို စဉ်ဆက်မပြတ် နိုင်ငံအနှံ့တွင် ဆောက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း
ဦးသာဌေးက ပြောသည်။
နိုဝင်ဘာ ၁၂ ရက်က ( MCEA) မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်
များအသင်း ရုံးခန်းအဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၄၂) ကြိမ်မြောက်အာဆီယံ
ဆောက်လုပ်ရေးဆိုင်ရာ ဖက်ဒရေးရှင်း စာနယ်ဇင်းရှင်းလင်းပွဲအပြီး မီဒီယာများနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောက်ဖို့
အစီအစဉ်ရှိပါတယ်။ သဘောတူ ညီချက်ကတော့ ဆောက်လုပ်ရေးဘက်က လိုအပ်ချက်
အပေါ်မူတည်ပြီး ဆောက်ပေး မှာပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ဆောက်ပေး ထားတဲ့သဘောပါ။
အခန်းအပ်ပြီး ရောင်းပြီး ရင်တော့ အိုးအိမ်က ငွေပြန်ပေးပေါ့။ အစိုးရ ကို ၀င်ကူညီပေးတဲ့
သဘောပါ။ တင်ဒါပုံစံနဲ့ မတူပါဘူး။ တခြားအဖွဲ့တွေလည်း လာပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကို
အခုလို ကြို ဆောက်ပေးချင်ပါတယ်ဆိုရင်လည်း ရနိုင် လိမ့်မယ်လို့ ယူဆပါတယ်"ဟု
မြန်မာဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရှိန်ဝင်းကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌
ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၈,၀၀၀ ကို ဒဂုံမြို့သစ်၊ သန်လျင်နှင့်
မင်္ဂလာဒုံမြို့နယ်များ တွင် ဆောက်လုပ်သွားရန် ရည်ရွယ်ထားပြီး ယခု MCD မှ ဆောက်လုပ်မည့်
တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှာလည်း တိုက်ခန်း ပေါင်း ၈,၀၀၀ စီမံကိန်း၏ ယူနစ်အစိတ်အပိုင်း
တစ်ခုအဖြစ် ပါ၀င်ဆောက်လုပ်စေမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ
သတင်းရရှိသည်။
"မြေက အန်ကယ်တို့ပေးမှာပါ။ ယူနစ် ရှစ်ထောင်ထဲမှာ သူတို့ ၀င်ဆောက်ရမှာပါ။ သူတို့
ငွေခဏစိုက်ဆောက်ထားပြီး နောက် ပိုင်းမှာ အန်ကယ်တို့က ငွေပြန်ပေးမဲ့ပုံစံပါ။ တခြား
ကုမ္ပဏီတွေ အဲဒီလိုလုပ်ချင်တယ် ဆိုရင်လည်း အသေအချာစိစစ်ပြီး နည်းလမ်း တွေရှိရင်တော့
ပြန်စဉ်းစားပေးမှာပါ။ လာ ရောက်အဆိုပြုတဲ့သူတွေရဲ့ ခိုင်မာမှုကိုတော့ ကြည့်ရမှာပေါ့။
MCD ဆိုတာ MCEA ဆီက ဖွဲ့စည်းထားတာဖြစ်လို့ ခိုင်မာတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်"ဟု
ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်က
ပြောသည်။















