ရန်ကုန်မြို့တော်အတွင်းရှိ သဘာဝဓာတ်ငွေ့ အသုံးပြုသည့်နေရာများသို့ သွယ်တန်းပေးထားသည့်
ဓာတ်ငွေ့ပိုက်လိုင်းဧရိယာများ တွင် ကျူးကျော်တဲများ ထောင်နှင့်ချီ နေထိုင် ကြဆဲဖြစ်ရာ
မီးလောင်ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိသည့်အတွက် အသိပညာပေးမှုများ စဉ်ဆက်မပြတ်
ပြုလုပ်ပေးနေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
(ရန်ကုန်တိုင်း ဒေသကြီး) အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။
"ရွှေပြည်သာ ဒညင်းကုန်းဈေးပတ်ဝန်းကျင်မှာဆို ပိုက်လိုင်းဧရိယာထဲမှာတင် ကျူးကျော်တဲ
စာရင်းကောက်ထားတာ ၁၀၄ အိမ်ရှိတယ်။ ရွှေနံ့သာတို့ ပုလဲဘက်အခြမ်း တွေမှာလည်း
ပိုက်ပေါ်မှာ ကျူးတဲတွေရှိတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပေါက်ခဲ့တဲ့ ရွှေပြည်သာ
ဘိုရှည်ကုန်းက ပေါက်ကွဲမှုဆို ပိုက်လိုင်းအပေါ်မှာကို ကျူးကျော်လက်ဖက် ရည်ဆိုင်ဖွင့်
ထားတာ။ လူတွေလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်။ ရန်ကုန်တစ်မြို့လုံး ခြံုပြော ရရင်
ပိုက်လိုင်းဧရိယာထဲမှာ ၀င်နေတာ ကျူးကျော်တဲအိမ်တွေ စုစုပေါင်း ၁,၀၀၀ ကျော်လောက်ရှိတယ်။
ဓာတ်ငွေ့အနံ့ရတာတို့၊ ဓာတ်ငွေ့ယိုစိမ့်တာတို့ဆိုရင် သက်ဆိုင် ရာကို အကြောင်းကြားဖို့လည်း
လိုက်ပြောနေပါတယ်။ ကျူးကျော်တဲတွေ၊ အိမ်တွေကို ဖယ်ပေးဖို့ဆိုတာလည်း မလွယ်သလို နေတဲ့
လူတွေကလည်း ဖယ်မှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေပြည် သာမြို့နယ်၊ ဘိုရှည်ကုန်းရပ်ကွက်အတွင်း
သဘာဝဓာတ်ငွေ့ပိုက်လိုင်း မြှုပ်နှံထားသည့် မြေနေရာပေါ်တွင် ဖွင့်လှစ်ထားသည့် ကျူးကျော်
လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ သဖြင့် ကလေးလူကြီး
သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို မော်တော်ယာဉ်နှစ်စီးလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
ပိုက်လိုင်းဧရိယာအတွင်း ကျရောက်နေ သည့်မြေနေရာများတွင် နေထိုင်နေကြသည့်
ကျူးကျော်တဲများ၊ လူနေအိမ်များအတွင်း နေထိုင်သည့်ပြည်သူများ အန္တရာယ် ကင်းရှင်း
စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊
စက်မှုလုပ်ငန်းရှင်များ တက်ရောက်သည့် အစည်းအဝေးတစ်ခုကို အောက်တိုဘာ ရ ရက်၌
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)တွင် ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်သည်။
ဓာတ်ငွေ့ပိုက်လိုင်းများကို စည်ပင်ပိုင်မြေ၊ လမ်းနယ်နိမိတ်မြေများအတွင်း၌ သွယ်တန်း
ထားခြင်းဖြစ်သည်။
ထို့ပြင် မြို့သစ်များ ဖော်ထုတ်သည့်အခါတွင် ပိုက်လိုင်းလမ်း ကြောင်းအဖြစ် မြေချန်သတ်မှတ်ပြီး
သွယ်တန်းထားပါက ပိုက်လိုင်း၏ ဘေးဘီဝဲယာ တစ်ဖက်တစ်ချက် ပေ ၅၀ အတွင်း ပိုက်လိုင်း
ဧရိယာအဖြစ် သတ်မှတ်ထားသည်။ ပိုက်လိုင်းသွယ်တန်း အသုံးပြုမှုများမှာ နှစ်သက်တမ်းကြာရှည်
လာပြီဖြစ်သည့်အပြင် မတော်တဆဖြစ်ရပ်များကြောင့် မီးလောင် ပေါက်ကွဲနိုင်သည့် အန္တရာယ်
ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းပိုက်လိုင်းဧရိယာအတွင်း၌ အိမ်ခြံမြေအဆောက်အအုံများ ဆောက်လုပ်
ခြင်း၊ ခြံဝင်းခတ်ခြင်း၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးခြင်းတို့ကို မပြုလုပ်ကြရန် ပိုက်လိုင်း ၀န်းကျင်တွင်
နေထိုင်သည့် ပြည်သူများကို မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အသိပေးမှုများ
လုပ်ဆောင်လျက်ရှိသည်။
ရွာမ-အလုံ၊ ရွာမ-လှော်ကား၊ ရွှေပြည်သာ-တိုးကြောင်ကလေး-သာကေတ၊ ရွာမ- ရွှေပြည်သာ၊
ဒေါ်ငြိမ်း-ရွာမ၊ ရွာမ-လှော်ကား - သာကေတ စသော လမ်းကြောင်းများပေါ်ရှိ စက်ရုံများ အလုပ်ရုံများ၊
ဓာတ်ငွေ့အရောင်း ဆိုင်များသို့ ပိုက်လိုင်းခုနစ်လိုင်းဖြင့် သွယ်တန်း ချိတ်ဆက်ထားသည်။
၃၀ လက်မ၊ ၂၄ လက်မ၊ ၂၀ လက်မ၊ ၁၄ လက်မ၊ ၁၂ လက်မ၊ ၁၀ လက်မ၊ ၈ လက်မ၊ ၆ လက်မ၊
၄ လက်မ၊ ၂ လက်မ ပိုက်လိုင်းအရွယ်အစား ကိုးမျိုးဖြင့် သဘာဝ ဓာတ်ငွေ့များကို ဖြန့်ဖြူးလျက်ရှိပြီး
အချို့ သောပိုက်လိုင်းများမှာ ပိုက်လိုင်းသက်တမ်း ကြာမြင့်လာပြီဖြစ်၍ အချိန်မရွေး မီးလောင်
ပေါက်ကွဲနိုင်သည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။
"တချို့ပိုက်တွေဆို သက်တမ်းကြာနေလို့ မီးလောင်ပေါက်ကွဲနိုင်တဲ့ အနေအထားတွေ ဖြစ်နိုင်တယ်။
လူတွေအတွက်လည်း အန္တရာယ်ရှိနိုင်တယ်။ တကယ်တမ်းပြော ရရင် ဆရာတို့ဘက်က တချို့ဟာလေးတွေ
အားနည်းခဲ့တာရှိတယ်။ ပိုက်ကိုမြှုပ်ရင် မြေအနက် နှစ်မီတာလောက်တူးပြီး ပိုက်ကို မြှုပ်ရမှာဖြစ်ပေမဲ့
အားနည်းချက်တွေကြောင့် တချို့ပိုက်တွေက မြေပေါ်မှာ ပေါ်နေတယ်" ဟု ၎င်းက ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းရာ တွင် ပုံမှန်အားဖြင့် မြေအောက်အနက် နှစ်မီတာ (ခြောက်ပေ) ခန့်
အထိ မြေကြီး တူးဖော်ကာ မြှုပ်နှံထားရမည် ဖြစ်သော် လည်း ခေတ်အဆက်ဆက်တွင် နည်းပညာ၊
ငွေကြေး၊ အချိန် လိုအပ်ချက်များရှိခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရန် ဆောင်ရွက် ခဲ့ရသည့်အတွက်
ယနေ့အချိန်၌ ရန်ကုန် မြို့တော်အတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်း များမှာ မြေပြင်၌ ထင်ထင်ရှားရှား
ပေါ်လွင်သည့် ပိုက်လိုင်းများပင် အများအပြား မြင်တွေ့နေရဆဲဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ငါးရုံ၊ မြောင်းတကာ သံမဏိစက်ရုံ၊
အမှတ်(၄) ဓာတ်မြေဩဇာ စက်ရုံ (မြောင်းတကာ)၊ မှော်ဘီ အုတ်စက်၊ ဒညင်းကုန်းအုတ်စက်နှင့်
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များ အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
ဓာတ်ငွေ့ပိုက်လိုင်း မိုင်ပေါင်း ၂၀၀ ကျော်ကို သွယ်တန်း၍ ဖြန့်ဖြူးပေးလျက်ရှိသည်။
"ကျွန်မတို့လည်း နေစရာမရှိတော့ အရင်ခေတ်ကတည်းက လူကြီးတွေနဲ့ ပြောပြီး ကျူးတဲလေး
ထိုးနေတာပါ။ ပိုက်လိုင်းပေါ် တည့်တည့်တော့ မီးဖိုတာတွေ ဘာတွေမလုပ် ပါဘူး။ ပေါ်နေရင်တော့
ကိုယ့်ဘာသာ ကိုယ့် အစီအစဉ်နဲ့ မြေကြီးကို ပြန်ဖုံးပေးထားပါ တယ်။ တခြားမှာလည်း နေစရာမရှိလို့ပါ။
ကျူးကျော်တဲတွေကို စာရင်းကောက်သွားပြီ ဖြစ်လို့ နေစရာတစ်နေရာရရင်တော့ ချက်ချင်းပြောင်းသွားမှာပါ။
စွမ်းအင်ဘက်က တော့ အန္တရာယ်ရှိတယ် ဆိုတဲ့အကြောင်း လက်ကမ်းစာစောင်တော့ ပေးသွားပါတယ်" ဟု
၁၀ လက်မ သဘာဝဓတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၃ ရပ်ကွက်
အတွင်း ပိုက်လိုင်း ဧရိယာအတွင်း ကျူးကျော်တဲထိုးကာ နေထိုင် သည့် ဒေါ်ခင်က နိုဝင်ဘာ ၁၁ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျူး ကျော်နေထိုင်သူပေါင်း ၁၈၀,၀၀၀ ကျော် ခန့်ရှိနိုင်ပြီး
ကျူးကျော်တဲအများစုမှာ အလုပ် အကိုင်အခွင့်အလမ်းပေါများသည့် စက်မှု ဇုန်များ၏ အနီးတစ်ဝိုက်ရှိ
နိုင်ငံပိုင်နှင့် ပုဂ္ဂလိ ကပိုင် မြေကွက်လွတ်များပေါ်တွင် အဆင် ပြေသလို နှစ်ပေါင်းများစွာ
တဲထိုးနေထိုင်ကြ ရဆဲဖြစ်သည်။
စက်မှုဇုန်များ အများအပြား ရှိသည့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းမြို့နယ် များတွင် ကျုးကျော်နေထိုင်သူများ
ပိုမို များပြားသည်။
















