နိုင်ငံခြားတွင် အိမ်ရာဝယ်ယူမှု ယခုနှစ် ပိုမိုများပြားလာ

နိုင်ငံခြားတွင် အိမ်ရာဝယ်ယူမှု ယခုနှစ် ပိုမိုများပြားလာ

ယခုနှစ်အတွင်း ပြည်တွင်း နိုင်ငံတကာအဆင့်မီတန်ဖိုးမြင့်အိမ်ရာများထက် နိုင်ငံ ခြားက
အိမ်ရာများကို ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားသူ များပြားလာကြောင်း KAE Alliance
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဒါရိုက်တာ ဦးကျော်မင်းဇင်က ပြောသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းအဖြစ် အာဆီယံနိုင်ငံများနှင့် လွယ်ကူစွာ
ဆက်စပ်ဆောင်ရွက်နေချိန်ဖြစ်ပြီး နိုင်ငံ အချင်းချင်း သွားလာဆက်သွယ်ရေး လွယ်ကူကာ
နေ့စဉ် တိုက်ရိုက် လေယာဉ်ခရီးနှင့် ဗီဇာကင်းလွတ်ခွင့်များလည်း ရှိလာပြီဖြစ်သောကြောင့်
အိမ်နီးချင်းနိုင်ငံများက အိမ်ရာများကို ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားလာကြကြောင်း ၎င်းက ပြောသည်။

"စီးပွားရေးဆိုင်ရာလုပ်ငန်းတွေအတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အရင်ကထက် ပိုမိုဆက်သွယ်
လာကြပြီး လမ်းပန်းဆက် သွယ်ရေးကလည်း အရင်ကထက် အများကြီး တိုးတက်
အဆင်ပြေလာလို့ ငွေကြေးတတ် နိုင်သူတွေက ပြည်တွင်းက တန်ဖိုးမြင့် ကွန်ဒိုအိမ်ရာတွေကို
၀ယ်ယူဖို့ထက် အဲဒီအိမ်ရာတွေနဲ့ ဈေးနှုန်း သိပ်မကွာခြားတဲ့ ထိုင်းတို့၊ မလေးရှားတို့က
အိမ်ရာတွေကို ၀ယ်ယူဖို့ ပိုမိုစိတ်ဝင်စားလာကြတယ်။ နိုင်ငံတကာနဲ့ယှဉ်ရင် မြန်မာပြည်တွင်းက
သူတွေ နိုင်ငံခြားက အိမ်ရာတွေကို ၀ယ်ယူ နှုန်းက နည်းနေသေးပေမဲ့ ပြည်တွင်းမှာပဲ
ကြည့်ရင်တော့ နိုင်ငံခြားမှာ အိမ်ဝယ်ယူ နှုန်းက အရင်နှစ်တွေထက် ဒီနှစ်မှာ များပြား
လာပါတယ်"ဟု ၎င်းက ပြောသည်။ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရှိ အိမ်ရာများကို
KAE Alliance အိမ်ခြံမြေအကျိုးဆောင်အေဂျင်စီတွင် ယခုနှစ် အတွင်း စတင်ရောင်းချပေးခဲ့ပြီး
ယခုအချိန် အထိ အိမ်ခန်းပေါင်း ၂၀ ကျော်ကို ရောင်းချ ခဲ့ရပြီးဖြစ်ကြောင်း ဦးကျော်မင်းဇင်က
ပြောသည်။

မြန်မာနိုင်ငံက အဆင့်မြင့်အိမ်ရာများ နှင့် ဈေးနှုန်းသိသာစွာ ကွာခြားခြင်းမရှိ သော မလေးရှားနိုင်ငံက
အိမ်ရာများကို ၀ယ်ယူရန် မြန်မာငွေကြေးချမ်းသာသူများ ပိုမိုစိတ်ဝင်စားကြကြောင်း ၎င်းက ပြောသည်။

ယခုနိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားများအတွက် စတင်မိတ်ဆက်ခဲ့သော အရှေ့တောင်အာရှ၏
အကြီးဆုံး အိမ်ခြံမြေစီမံကိန်းတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံ တွင် တည်ဆောက်
အကောင်အထည်ဖော်နေသော Forest City က အခန်းသုံးခန်းကို ပြည်တွင်း၌
ရောင်းချခဲ့ရပြီး ဆောက်လုပ် ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုကာ ၀ယ်ယူမည့်
သူများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။

"မလေးရှားနိုင်ငံမှာ ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းကြီး ဖြစ်တဲ့ ကျွန်းလေးကျွန်း
စလုံးမှာ ယာဉ်တစ်စီး မှမရှိဘဲ မီးရထားလမ်းကိုသာ အသုံးပြုခွင့် ပေးမယ့် Forest Ciity
အစိမ်းရောင်မြို့တော် စီမံကိန်းကို ဒီလအတွင်း ရန်ကုန်မြို့မှာ စတင်မိတ်ဆက်ရောင်းချခဲ့ပြီး
အခုအချိန်မှာ အခန်းသုံးခန်း ရောင်းချလို့ပြီးပါပြီ။ မလေးရှားက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို
တစ်ခေါက်သွားကြည့်ပြီးမှ ၀ယ်မယ့်သူ တွေလည်း ရှိပါတယ်။ မလေးရှားက ဆောက်လုပ်ရေး
လုပ်ငန်းခွင်ကို ကိုယ်တိုင်သွားလေ့လာလို့လည်း ရသလို ကျွန်တော်တို့က လိုက်ပြပေးဆိုလည်း
လိုက်ပြပေးနိုင် ပါတယ်။ ဒီနှစ်ပတ်အတွင်းမှာပဲ လုပ်ငန်း ခွင်ကို သွားကြည့်ဖို့ စီစဉ်ထားတဲ့သူ ငါးဦးကျော်
ရှိနေပါပြီ"ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း စတင်ရောင်းချပေးခဲ့ သော အခြားမလေးရှား အိမ်ရာနှစ်ခုဖြစ်သည့်
 Paradiso Medini နှင့် Grand  Medini စီမံကိန်းများမှလည်း အခန်း ၁၅ ခန်းကို
ရောင်းချပြီးဖြစ်ကြောင်း ဦးကျော်မင်းဇင်က ပြောသည်။

"ဒီနှစ်အတွင်း မလေးရှားက အိမ်ရာ သုံးခုကို မြန်မာနိုင်ငံသားတွေအတွက် စတင်ရောင်းချပေးခဲ့ပြီး
အိမ်ခန်းပေါင်း ၁၈ ခန်း ရောင်းချခဲ့ပါတယ်။ အိမ်ရာဝယ်ယူဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက်
ကြည့်ရှုလိုတဲ့သူတွေလည်း အများကြီးရှိပါ တယ်။ မလေးရှားတို့၊ စင်ကာပူတို့ကို စီးပွား ရေးအလုပ်ကိစ္စနဲ့
ခရီးသွားရင်း အိမ်ရာကို ၀င်ရောက်ကြည့်ရှုဖို့ စီစဉ်ထားသူတွေလည်း ရှိပါတယ်"ဟု ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပညာရေးဆိုင်ရာများတွင် အာဆီယံ နိုင်ငံများ၏
ထိပ်သီးနိုင်ငံဖြစ်သော စင်ကာပူ ရှိ အိမ်ရာများကိုလည်း ၀ယ်ယူရန် စိတ်ဝင် စားသူများ
ပြည်တွင်း၌ ရှိနေကြောင်း ၎င်းက ပြောသည်။

"ဒီနှစ်ထဲမှာ စင်ကာပူက အိမ်ရာတွေကိုလည်း စတင်မိတ်ဆက်ပေးခဲ့ပြီး နှစ်ခန်း ရောင်းချပြီးပါပြီ။
စင်ကာပူက အိမ်ခြံမြေ ဈေးကြီးပေမဲ့ ကုမ္ပဏီ ဖွင့်လိုသူတွေအတွက် တော့ အကြိုက်တွေ့တဲ့နိုင်ငံပါ။
အရင်က စင်ကာပူမှာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထား ချင်လို့ စင်ကာပူကအိမ်ရာတွေကို ပြည်တွင်း
ကသူတွေ ၀ယ်လေ့ရှိကြပေမဲ့ ဒီနှစ်ကစပြီး တော့ အိမ်ရာဝယ်ယူသူတွေအတွက် နိုင်ငံ သားဖြစ်ခွင့်
မရှိတော့ပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ စင်ကာပူအကြားမှာ ဒီနှစ်ကုန် ပိုင်းကစပြီး ဗီဇာကင်းလွတ်ခွင့်
ရှိပြီဖြစ်လို့ အလွယ်တကူ သွားလာနိုင်တော့မှာဖြစ်ပြီး စင်ကာပူမှာ အိမ်ဝယ်ထားသူတွေအနေနဲ့
စင်ကာပူနိုင်ငံမှာ ဘဏ်ချေးငွေတို့၊ ကုမ္ပဏီ လိုင်စင်လျှောက်တာတို့ကို အလွယ်တကူ
လျှောက်ထားနိုင်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံjခားက အိမ်ရာများကို မြန်မာ လူချမ်းသာများ ပေါ်ပေါ်ထင်ထင်
၀ယ်ယူလေ့မရှိသော် လည်း လျှို့ဝှက်စွာ ၀ယ်ယူလေ့ရှိကြကြောင်း သစ္စာအိမ်ခြံမြေအကျိုးဆောင်
ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။

"အရင်ကတည်းက မြန်မာလူချမ်းသာ တွေ ၀ယ်ယူလေ့ရှိကြပါတယ်။ အရင်က ပေါ်ပေါ်ထင်ထင်
၀ယ်ယူလေ့မရှိပေမဲ့ အခုချိန်မှာတော့ အိမ်ရာတွေက ပြည်တွင်း ကို လာရောက်ရောင်းချပြီဆိုတော့
အရစ်ကျ ငွေပေးစနစ်တွေနဲ့ ၀ယ်ယူနိုင်ပြီပေါ့"ဟု ၎င်းက ပြောသည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း
စစ်အစိုးရ လက်ထက်မှ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းပြီးချိန်မှစ၍ နိုင်ငံခြားက အိမ်ရာ များကို
ပြည်တွင်းလုပ်ငန်းရှင်များ ၀ယ်ယူ ရန် စိတ်ဝင်စားမှု သိသိသာသာ လျော့ကျ ခဲ့သော်လည်း
၂၀၁၅ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ပြည်တွင်းအိမ်ရာများနှင့် ဈေးနှုန်း သိသာစွာ မကွာခြားသော
နိုင်ငံခြားက အိမ်ရာများကို စိတ်ဝင်စားသူ များပြားလာ ကြောင်း ဦးကျော်မင်းဇင်က ပြောသည်။

"၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ က ဒီမိုကရေစီဘက် စတင်ပြောင်းလဲလာပြီး နောက်ပိုင်း
နိုင်ငံခြားက အိမ်ရာတွေကို ၀ယ်ယူရင်းနှီးမြှုပ်နှံထားဖို့ ပြည်တွင်းလုပ် ငန်းရှင်တွေ စိတ်မဝင်စားကြတော့ဘူး။
ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ပဲ
စိတ်ဝင်စားကြတော့တယ်။ ဒါပေမဲ့ နောက် ပိုင်း ၂၀၁၀ ကနေ ၂၀၁၄ အတွင်းလောက် မှာ
ပြည်တွင်းစီးပွားရေးက အချိန်တိုလေး အတွင်းလောက်မှာ သိသိသာသာ ချက်ချင်း မတိုးတက်ဘူးလို့
သိလာကြတယ်။ အာဆီယံ နိုင်ငံတွေနဲ့ စီးပွားရေးဆိုင်ရာတွေမှာ ပိုမို ဆက်စပ် ဆောင်ရွက်လာနေကြပြီး
သွားလာ ဆက်သွယ်ရေးလည်း လွယ်ကူလာတော့ ၂၀၁၅ နှစ်ကုန်လောက်ကစပြီး နိုင်ငံခြား
အိမ်ရာတွေကို ၀ယ်ယူဖို့ စိတ်ဝင်စားသူတွေ များလာကြတယ်"ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်