ယခုနှစ်အတွင်း အသစ်ဆောက်လုပ်ပြီးစီးသော အဆင့်မြင့်ရုံးခန်းအဆောက်အအုံ အသစ်များ
များပြားလာသော်လည်း ယခင် ရှိနှင့်နေသော အဆောက်အအုံများ၏ ရုံးခန်း အရောင်းနှင့်
အငှားဈေးကွက်မှာ ကောင်းမွန် နေဆဲဖြစ်ကြောင်း Collier International အိမ်ခြံ မြေ
အကြံပေးလုပ်ငန်းက ထုတ်ပြန်ထားသည်။
ယခုနှစ်အတွင်း အသစ်ဆောက်လုပ်ပြီးစီး သော အဆင့်မြင့်ရုံးခန်းအဆောက်အအုံအသစ်
သုံးခုမှ စုစုပေါင်း အကျယ်အဝန်း စတုရန်းမီတာ ၄၂,၀၀၀ ကျော် ရုံးခန်းများ အသစ်ဆောက်လုပ်ကာ
ငှားရမ်းခဲ့သော် လည်း ယခုအချိန်အထိ ရုံးခန်းများမှာ ၀ယ်လိုအား ကောင်းမွန်နေဆဲဖြစ်ကြောင်း
Collier International မန်နေဂျာ Mr. Karlo Pobre က ပြောသည်။
ဈေးကွက်လိုအပ်ချက်များပြားနေသည့် အတွက် ယခုနှစ်အတွင်း Myint & Associate ကုမ္ပဏီက
အကောင်အထည်ဖော်သော Vantage Tower၊ မြန်မာ့ဩဘာလုပ်ငန်းစုက အကောင်အထည်ဖော်သော
ရှစ်မိုင် စီးပွား ရေးစင်တာများမှ အရည်အသွေးမြင့်ရုံးခန်း များနှင့် မြို့လယ်ကောင်တွင် ဆောက်လုပ်
လျက်ရှိနေသော ဆူးလေစင်တာတို့မှ ရုံးခန်း အဆောက်အအုံများ များပြားလာမည်ဖြစ် ကြောင်း
၎င်းက ပြောသည်။
ပြည်တွင်း၌ ဈေးကွက်လိုအပ်ချက်အရ ရုံးခန်းအဆောက်အအုံများကို တည်ဆောက် အကောင်
အထည်ဖော်လာကြသော်လည်း ရုံးခန်းဈေးကွက်မှာ ယခုအချိန်အထိ လိုအပ် ဆဲဖြစ်ပြီး
သုတေသနပြုချက်များအရ ယခုနှစ် တွင် ရုံးခန်းအဆောက်အအုံ လိုအပ်ချက် စတုရန်းမီတာ
တစ်သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။ မြို့လယ်ကောင်တွင် ယခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးမည့်
ဆူးလေစကွဲ အဆောက်အအုံက မြို့လယ်ကောင် ရုံးခန်း လိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်းခန့်ရှိသော
ရုံးခန်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည် ဖြစ်ပြီး ရန်ကင်းမြို့နယ်ရှိ မြန်မာတာဝါကလည်း
ရုံးခန်းအရေအတွက် အများအပြား အကောင်အထည်ဖော် တည်ဆောက်နိုင် ခဲ့ကြောင်း
၎င်းက ပြောသည်။
"အရည်အသွေးမြင့် ရုံးခန်းအဆောက်အအုံတွေ လုံလောက်စွာရှိပြီး ဈေးနှုန်းလည်း
သင့်တင့်မယ်ဆိုရင် ကုမ္ပဏီတွေရဲ့ ရုံးခန်း တွေကို office tower တွေကို ပြောင်းရွှေ့ချင်တဲ့
ကုမ္ပဏီတွေ အများကြီးပဲ။ ရုံးခန်းအဆောက် အအုံတွေ မရှိလို့သာ မြို့လယ်ကောင်နဲ့ လူစည်ကားရာ
နေရာတွေက ရပ်ကွက်တွေ၊ လမ်းတွေထဲက တိုက်ခန်းတွေ၊ ကွန်ဒိုတွေမှာ ကုမ္ပဏီ ရုံးခန်းတွေ
ဖွင့်နေကြတာပေါ့''ဟု မြတ်မင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဒါရိုက်တာ ဦးအောင်မင်းက
ပြောသည်။
အစိုးရသစ်၏ အထပ်မြင့်စိစစ်မှုနှင့် ခွင့်ပြု မိန့်ပေးခြင်း ကြန့်ကြာမှုများကြောင့် ယခုနှစ် အတွင်း
အသစ်ဆောက်လုပ်မည့် အဆောက်အအုံများ ယခင်နှစ်ထက် လျော့နည်းမည်ဖြစ်ရာ
ရုံးခန်းအဆောက်အအုံဝယ်လိုအားနှင့် အငှား ဈေးကွက်လည်း ပိုမိုကောင်းလာနိုင်ကြောင်း
၎င်းကပြောသည်။















