၂ဝ၁၂ ခုနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ရေးဆွဲခဲ့သည့်
မဟာရန်ကုန်မြို့ပြစီမံကိန်း ၂ဝ၄ဝ သည် ယခုအစိုးရသစ် လက်ထက်တွင် ပြန်လည်ပြင်ဆင်ပေးရန်
ညွန်ကြားခဲ့ခြင်းကြောင့် ပြင်ဆင်ရေးဆွဲလျက်ရှိရာ ယခုနှစ်ကုန်ပိုင်းတွင် ပြင်ဆင်ရေးဆွဲပြီးသည့်
စီမံကိန်းအသစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်း
တာဝန်ခံကိုယ်စားလှယ် မစ္စတာ ကိုင်အိချီယို နာကာဆာဝါ က ပြောသည်။
''ဒီစီမံကိန်းကိုစဆွဲတဲ့အခြေအနေနဲ့အခုအခြေအနေတွေကအများ ကြီးပြောင်းလဲလာခဲ့ပါပြီ။
ဥပမာ- ယာဉ်ပိတ်ဆို့မှုက ၂ဝ၁၂ ကထက် အများကြီးဆိုးလာတာဖြစ်တဲ့အတွက်အခုအစိုရတက်ပြီး
နောက် ဒေါ်အောင် ဆန်းစုကြည်ကဒီစီမံကိန်းကြီးကလက်ရှိအခြေအနေနဲ့ကိုက်ညီအောင်
ပြန်ပြင်ပေးပါလို့ ပြောတဲ့အတွက် ကျွန်တော်တို့ JICAက ပြန်ပြင်ဆင်ရေးဆွဲ နေပါတယ်။
ဒီနှစ်မကုန်ခင်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အစီရင်ခံ ပြန်တင်ရမှာပါ'' ဟု
၄င်းက မြန်မာတိုင်း(မ်) ကိုပြောသည်။ လက်ရှိရေးဆွဲနေသည့် မဟာရန်ကုန်မြို့ပြစီမံကိန်း
၂ဝ၄ဝ ရေးဆွဲပြီးစီးသွားပါ က ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အစိုးရဘတ်ဂျတ်အနေအထား၊
နိုင်ငံ တကာမှ ကူညီထောက်ပံ့သည့် ဘတ်ဂျတ်အနေအထားများကို ချိန်ဆကာ လုပ်ဆောင်ရန်
လိုအပ်သည့်စီမံကိန်းများကို အဆိုပါမြို့ပြစီမံကိန်းကို အခြေခံ၍ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း
မစ္စတာ ကိုင်အိချီယို က ပြောသည်။















