ယခင်အစိုးရလက်ထက်တွင် စတင်အကောင် အထည်ဖော်ရန် လျာထားခဲ့ပြီး ယခုအချိန်ထိ
လက်တွေ့ ပီပီပြင်ပြင် စတင်အကောင် အထည်မဖော်နိုင်သေးသော မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး
မဟာဗျူဟာစီမံကိန်း ၂၀၄၀ ၏ မြို့သစ်စီမံကိန်း ခုနစ်မြို့အနက် ပထမ ဦးစားပေး
မြို့သစ်စီမံကိန်းမြေနေရာတွင် ပါ၀င်သော လှည်းကူးမြို့နယ်မှာ မြေကွက်ရင်းနှီးမြှုပ်နှံလိုသူများ
မြေကွက်ဝယ်ယူရန် မျက်စိကျရာ မြို့နယ်တစ်ခုဖြစ်နေဆဲဖြစ်ကြောင်း အရှေ့ဒဂုံမြို့နယ်အခြေစိုက်
သစ္စာ အိမ်ခြံမြေအကျိုးဆောင် ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။
"ရင်းနှီးမြှုပ်နှံဖို့ မြေကွက်ဝယ်ယူလိုသူတွေက မြေဈေးနှုန်းတွေ ကြီးမြင့်ပြီးဖြစ်တဲ့ မြို့ထဲဧရိယာတွေမှာ
မြေကွက်ဝယ်ယူဖို့ထက် စီမံကိန်းအသစ်တွေ အကောင်အထည်ဖော်မယ့်၊ မြေဈေးနှုန်းလည်း
သိသိသာသာ မကြီးမြင့်သေးတဲ့ မြို့သစ်တွေမှာ ၀ယ်ယူလိုကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့
မဲဆန္ဒနယ် လည်းဖြစ်တဲ့ ရန်ကုန်၂၀၄၀ မြို့သစ်စီမံကိန်း ရဲ့ ပထမဦးစားပေးမြို့နယ်ထဲမှာလည်း
ပါ၀င် တဲ့ လှည်းကူးမြို့နယ်ကို တခြားမြို့နယ်တွေ ထက် ပိုပြီးဝယ်ယူဖို့ သဘောကျကြပါတယ်"ဟု
၎င်းက ပြောသည်။
အစိုးရသစ်ကလည်း ဆက်လက်အကောင် အထည်ဖော်မည်ဟု အတည်ပြုထားသော
မြို့သစ်စီမံကိန်းတွင် ပါ၀င်သည့် လှည်းကူး မြို့နယ်ရှိ မြေကွက်များကို ရင်းနှီးမြှုပ်နှံသူများက
အခြားမြို့နယ်များထက် ပိုမိုဝယ်ယူ လိုကြပြီး မြို့သစ်စီမံကိန်းကိုလည်း အမြန်ဆုံး အကောင်
အထည်ဖော်စေလိုကြောင်း ဒေါ်သူဇာမေက ပြောသည်။
"လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ်ကနေ ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖြစ်
ရွေးချယ်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ရဲ့ မဲဆန္ဒ နယ်ဖြစ်တဲ့အပြင် မြို့သစ်စီမံကိန်း ပထမ ဦးစားပေးမြို့နယ်ဖြစ်လို့
၀န်ကြီးချုပ်က သူ့ရဲ့မဲဆန္ဒနယ်ကို ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်မယ်လို့ ရင်းနှီးမြှုပ်နှံ
သူတွေက ယူဆသူတွေ များကြလို့ လှည်းကူးမြို့နယ်က တခြားမြို့နယ်တွေထက် မြေကွက်
အရောင်းအဝယ် သွက်နေပါတယ်။ လှည်းကူး က မဖွံ့ဖြိုးသေးတဲ့ မြို့သစ်ဖြစ်ပေမဲ့ မြို့တည်
သက်တမ်း ကြာပြီဖြစ်လို့ နေထိုင်သူတွေ များနေပြီး အထိုက်အလျောက် စည်ပြီးသား
မြို့ပြင်မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ မြေဝယ်ရောင်းပြုလုပ်သူများ
အိမ်ခြံမြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင် စားမှု လျော့နည်းကာ အိမ်ခြံမြေဈေးကွက်
အေးစက်လာခဲ့သော်လည်း မြေဈေးနှုန်း များမှာ မြို့သစ်စီမံကိန်း မြို့နယ်များတွင် အတက်ဘက်သို့သာ
ဦးတည်လျက်ရှိပြီး မြေကွက်ဝယ်ယူ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများ ရှိဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
"အိမ်ခြံမြေဈေးကွက် အေးစက်ပြီး အရောင်းအဝယ်မဖြစ်ရင်တောင် မြေဈေး တွေက တက်ပြီးရင်
ပြန်ကျလေ့မရှိပါဘူး။ ရန်ကုန်မြို့ပြင်ရွာတွေက အရင်က ဂရန် အမည်ပေါက်တောင်မရှိဘဲ
တစ်ဧကကို ကျပ်သိန်းဆယ်ဂဏန်းလောက်တောင် မရှိတဲ့ လယ်မြေတွေတောင် အကြောင်း
တစ်ခုခုကြောင့် ဈေးတက်ပြီးရင် ဈေးပြန်မကျတော့ပါဘူး။ တန်ဖိုးနည်းအိမ်ရာတွေ အဆောက်
များလာတာနဲ့အတူ တိုက်ခန်းဈေးတွေ ဆက်မတက်နိုင်တော့ပေမဲ့ ရန်ကုန်မြေနေရာက
ထပ်ချဲ့စရာမရှိတော့လို့ မြေဈေးတွေက တော့ တစ်နေ့ထက်တစ်နေ့ တက်နေဦးမှာ ပါပဲ။
အခုရေတိုကာလမှာ အကျိုးမများနိုင် ပေမဲ့ ရေရှည်အတွက် အကျိုးရှိနိုင်တဲ့ မြေဈေးတွေကို
၀ယ်ယူလိုသူတွေကတော့ ရှိနေဆဲပါပဲ"ဟု ၎င်းက ပြောသည်။
လှည်းကူးမြို့နယ်တွင် မြေကွက်များမှာ ဂရန်မြေသာမက ပါမစ်မြေနှင့် စလစ်မြေများ လည်းရှိပြီး
မြေအမျိုးအစားပေါ် မူတည်ကာ စတုရန်းပေ ၂,၄၀၀ တစ်ကွက်လျှင် ကျပ်သိန်းဆယ်ဂဏန်းမှ
သိန်းရာကျော်အထိ ဈေးရှိကြောင်း လှည်းကူးမြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်သူက ပြောသည်။
"လှည်းကူးမှာ တချို့မြေတွေက ဂရန် ပေါက်ပြီးသားတွေဖြစ်ပေမဲ့ တချို့မြေတွေက စလစ်တို့၊
ပါမစ်တို့လောက်ပဲ ရှိသေးတယ်။ မြေအမျိုးအစားနဲ့ တည်နေရာပေါ်မူတည်ပြီး မြေဈေးတွေက
ကွာခြားတယ်။ မှော်ဘီနဲ့ နီးတဲ့ နေရာက လူနေပိုစည်ကားပေမဲ့ မြို့သစ်စီမံ ကိန်း အကောင်
အထည်ဖော်မယ့် ပဲခူးနဲ့ အရှေ့ဒဂုံနဲ့နီးတဲ့ မြေနေရာက မြေဈေးပိုမြင့် တယ်"ဟု ၎င်းက ပြောသည်။
လှည်းကူးမြို့နယ်တွင် စည်ကားသော လမ်းမကြီးများ၌ တစ်ဧကလျှင် ကျပ်သိန်း ၃၀၀ မှ
ကျပ်သိန်း ၁,၀၀၀ ကျော်အထိ ဈေးရှိပြီး အတွင်းပိုင်းများတွင် တစ်ဧကလျှင် ကျပ် သိန်း
၁၀၀ ကျော် ဈေးပေါက်ကာ လူနေရပ်ကွက်တွင်းရှိ စတုရန်းပေ ၂,၄၀၀ မြေ တစ်ကွက်လျှင်
ကျပ်သိန်း ၆၀ ခန့်မျှ ဈေးရှိကြောင်း ၎င်းက ပြောသည်။
"လှည်းကူးမြို့နယ်ထဲမှာ နေထိုင်သူတွေ ရှိနေပေမဲ့ မြို့နယ်ထဲမှာ ကြီးကြီးမားမား အကောင်
အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေတော့ မရှိပါဘူး။ လာရောက် လုပ်ကိုင်နေတဲ့
ဒေသခံတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းရနိုင်မယ့် အထည်ချုပ် လုပ်ငန်းတွေနဲ့
တခြားအသေးစားစီးပွားရေး လုပ်ငန်းတွေတော့ အများကြီးရှိပါတယ်"ဟု ၎င်းက ပြောသည်။















