တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီက တန်ဖိုးနည်းတိုက်ခန်းပေါင်း သုံးသိန်း ဆောက်လုပ်ရန်
လျာထားပြီး အခန်းတစ်ခန်း လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ရောင်းချသွားရန် စီစဉ်ထားရာ အဆိုပါ
လုပ်ငန်းများ အကောင် အထည်ဖော်နိုင်ရန်အတွက် အစိုးရအကူအညီများ လိုအပ်ကြောင်း
ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"အစိုးရ မကူညီရင် ဘာမှလုပ်လို့မရဘူး၊ မြေစီစဉ်ပေးဖို့လိုတယ်၊ ဒါမှမဟုတ်ရင် ကုမ္ပဏီ
အစီအစဉ်နဲ့ လယ်မြေတွေကို ၀ယ် လိုက်မယ်၊ ပြီးရင် လယ်မြေကို အခြားနည်း သုံးစွဲခွင့်ပေးမယ်
ဆိုရင်လည်း လုပ်ငန်းက လုပ်လို့ရပြီ။ ဒါပေမဲ့ ခက်နေတာက အစိုးရ ဆီက အဲဒီလိုလုပ်ခွင့်ရဖို့
အကူအညီလိုအပ် တယ်။ ဒီကိစ္စကိုလည်း ဆောက်လုပ်ရေး ၀န်ကြီးအပါအဝင် အားလုံးလည်း
သိနေပြီးသား ကိစ္စဖြစ်ပါတယ်။ ကိုယ့်စီးပွားအတွက် အခွင့်အရေးတောင်းနေတာ မဟုတ်ဘဲ
တိုင်းပြည်အတွက်လုပ်တာဖြစ်လို့ လူကြီး တွေကိုတော့ ဒီအတိုင်းပဲ ပြောထားပါတယ်။ သူတို့
လုပ်သင့်တယ်လို့ ယူဆရင် ခေါ်လုပ် ခိုင်းလိမ့်မယ်။ သူတို့စိတ်ဝင်စားလာရင်ကို အလုပ်က
ဖြစ်နေပြီ"ဟု ၎င်းက ပြောသည်။
အကျယ်အဝန်း ၂၇၃ စတုရန်းပေ ကျယ် ၀န်းသည့် ရှစ်ခန်းတွဲ ရှစ်ထပ်အဆောက်အအုံ များနှင့်
ခြောက်ခန်းတွဲ ရှစ်ထပ်အဆောက်အအုံများကို ဆောက်လုပ်သွားရန် အဆောက် အအုံဒီဇိုင်း
ပုံစံများကို ရေးဆွဲထားပြီးဖြစ်သည်။
အခန်းတစ်ခန်းလျှင် ရေချိုးခန်း၊ အိမ် သာ၊ လျှပ်စစ်မီးများနှင့် ရေပိုက်သွယ်တန်းမှု များ ထည့်သွင်း
တည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပုံစံနှစ်မျိုးဖြင့် တည်ဆောက်သွား မည်ဖြစ်သည်။
တန်ဖိုးနည်းတိုက်ခန်းများကို လက်ငင်း ငွေချေစနစ်သာမက လစဉ် တစ်လ ငွေကျပ် လေးသောင်း
သွင်းစနစ်ဖြင့် ရေရှည်တွင် အခန်းပိုင်ဆိုင်နိုင်မည့်စနစ်နှစ်မျိုးဖြင့် ရောင်းချသွားမည်ဖြစ်သည်။
ရန်ကုန်မြို့အနှံ့ ရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် မြေနေရာများ တွင် ကျုးကျော်နေထိုင်သူများ၊ ၀င်ငွေနည်း
မိသားစုများ၊ ၀န်ထမ်းများနှင့် နယ်ဒေသများမှ လာရောက် အလုပ်လုပ်ကိုင်သူများအတွက်
ရည်ရွယ်ကာဆောက်လုပ်သွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ နိုင်ငံတော်ထံမှ ခွင့်ပြု ချက်ရရှိပါက
အမြန်ဆုံး ဆောက်လုပ်သွားရန် ရည်ရွယ်ထားသည်။ တပ်မတော်အစိုးရလက်ထက်နှင့် ယခင်
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီက ဒဂုံမြို့သစ်
မြောက်ပိုင်းမြို့နယ်တွင် တော်ဝင် နှင့် ဦးဝိစာရ တန်ဖိုးနည်းအိမ်ရာများနှင့် အင်းစိန်မြို့နယ်တွင်
မုဒိတာ တန်ဖိုးနည်း အိမ်ရာများကို တည်ဆောက်ကာ သင့်တင့် သော နှုန်းထားများဖြင့်
အများပြည်သူတို့ကို ရောင်းချပေးခဲ့ပြီးဖြစ်သည်။
"တစ်နှစ်ကို အခန်း ၅၀,၀၀၀ လောက်ကနဦး ဆောက်သွားမယ်။ နောက်ပိုင်း သုံးသိန်းပြည့်အောင်
တဖြည်းဖြည်း ဆောက် ဖို့ရည်ရွယ်ထားတယ်။ နေစရာ မရှိတဲ့လူတွေ၊ ကျုးတဲမှာနေရတဲ့လူတွေ၊
အခန်းငှားနေရတဲ့ သူတွေကို အဓိက ဆွဲတင်ချင်တာပါ။ တစ်လ လေးသောင်းလောက် ပေးသွင်း
လိုက်ရင် တဖြည်းဖြည်းနဲ့ အခန်းပိုင်ဆိုင်ခွင့်ပေးသွား ဖို့လည်း ရည်ရွယ်ထားတယ်။ အိမ်လခနှုန်း
လောက်ပဲ ကျတာပါ"ဟု ၎င်းက ဆက်လက် ပြောသည်။
ကျပ်သိန်း ၅၀ တန်ဖိုးနည်းတိုက်ခန်းများ ကို နေထိုင်သူများ သွားလာဆက်သွယ်ရေး လွယ်ကူစေရန်
အတွက် ရန်ကုန်မြို့တစ်ဖက် ကမ်း မြို့နယ်များဖြစ်သည့် ဒလ၊ ကြည့်မြင်တိုင်၊ ကော့မှူးမြို့နယ်များတွင်
တည်ဆောက် ရန် လျာထားကြောင်း သိရသည်။
















