ရန်ကုန်မြို့အတွက် စီမံကိန်းသုံးခု ဂျပန်အထောက်အပံ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံထဲမှ စတင်သုံးမည်

ရန်ကုန်မြို့အတွက် စီမံကိန်းသုံးခု ဂျပန်အထောက်အပံ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံထဲမှ စတင်သုံးမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် သွားရောက်ခဲ့သည့် ဂျပန်ခရီး
စဉ်တွင် ရရှိခဲ့သော ဖွံ့ဖြိုးရေးအထောက်အပံ့ ငွေကြေး အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ
အတွင်းမှ အချို့ကိုအသုံးပြု၍ စီမံကိန်းသုံးခု ကို စတင်နေပြီဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှသိရသည်။

အဆိုပါ ကူညီထောက်ပံ့မှုအတွင်းမှ ယခုနှစ်တွင် စတင်နေသည့် စီမံကိန်းများမှာ ရန်ကုန်မြို့၌
သန်လျင်တံတားသစ် တည်ဆောက်ရေးနှင့် ရန်ကုန်မြို့ ရေပေးဝေရေးစီမံကိန်းနှစ်ခုတို့ဖြစ်သည့်
တောင်ဒဂုံမြို့ နယ်ရှိ လဂွမ်းပြင် ရေပေးဝေရေးနှင့် လှိုင်မြစ် တစ်ဖက်ကမ်းရှိ ကုက္ကိုဝ
ရေပေးဝေရေးစီမံကိန်းတို့ဖြစ်ကာ (JICA) ၏ စီမံခန့်ခွဲမှုများနှင့်ပင် လုပ်ဆောင်သွားမည်ဖြစ်သည်။

"ဒီဂျပန်အစိုးရရဲ့ထောက်ပံ့မှုက ငါးနှစ် အကူအညီဖြစ်ပါတယ်။ ချေးငွေအားလုံးကို ဘယ်စီမံကိန်းမှာ ဘယ်လောက် ငွေကြေး ချေးသွားမယ်ဆိုတာတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။
ဒါပေမဲ့ ဒီနှစ်က တော့ ပထမနှစ်ဖြစ်တဲ့အတွက် အဲဒီထဲက တချို့စီမံကိန်းတွေကတော့ စနေပါပြီ"ဟု
JICA ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံကိုယ်စားလှယ် မစ္စတာ ကိုင်အိချီယို နာကာဆာဝါက ပြောသည်။

ဂျပန်၏ ကူညီထောက်ပံ့မှုတွင် အတိုး နှုန်းသက်သာသည့် ရေရှည်အထောက်အပံ့ (ODA Loan)နှင့်
ပြန်လည်ပေးဆပ်ရန် မလို သည့်ချေးငွေ (Grant Aid) တို့ ပါ၀င်သည်။ ထို့ပြင် ယင်း ဒေါ်လာရှစ်
ဘီလျံအကူ အညီတွင် ပါ၀င်သည့် အတိုးနှုန်းသက်သာ သည့် နှစ်ရှည်ချေးငွေ (ODA Loan) များကို
JICA က အများဆုံး စီမံခန့်ခွဲသွားမည်ဖြစ် ကာ ချေးငွေရရှိမည့် စီမံကိန်းများကိုလည်း JICA ကပင်
စီမံကိန်းပြီးဆုံးသည်အထိ ပါ၀င် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ
တာဝန်ခံကိုယ်စားလှယ် မစ္စတာ ကိုင်အိချီယို နာကာဆာဝါက ပြောသည်။

ဂျပန်အကူအညီငွေကြေးဖြင့် စတင်မည် ဖြစ်သည့် စီမံကိန်းများနှင့်ပတ်သက်၍ မစ္စတာ ကိုင်အိချီယို
နာကာဆာဝါက "သန်လျင်တံတားသစ်တစ်စင်းကို ထိုးဖို့ အတွက် အစီအစဉ်ရှိပါတယ်။ နောက်တစ်ခါ
ရန်ကုန်မြို့ရဲ့ ရေပေးဝေတဲ့ စီမံကိန်းကို အဆင့်မြှင့်တင်တဲ့ စီမံကိန်းတွေလည်း အဲဒီ ထဲမှာ ပါ၀င်ပါတယ်။
လဂွမ်းပြင်ဆိုတဲ့နေရာ ကနေ ရန်ကုန်မြို့ကိုရေပေးဝေတဲ့ စီမံကိန်း၊ ကုက္ကိုဝကနေ လှိုင်မြစ်ကိုဖြတ်ပြီးတော့
ရန်ကုန်မြို့ရဲ့ အလယ်ပိုင်းကို ရေပေးဝေဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံထဲမှာပါတဲ့
စီမံကိန်း တွေ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

သန်လျင်တံတားသစ်စီမံကိန်းသည် အတိုးနှုန်းသက်သာသည့် ချေးငွေထောက်ပံ့ သည့် အစီအစဉ်ဖြင့်
တည်ဆောက်သွားမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၂၈၀ ကုန် ကျမည်ဖြစ်သည်။

အတိုးနှုန်းမှာ သုညဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး နှစ်ပေါင်း ၄၀ နှစ်ရှည် ချေးငွေဖြစ်သည်။ JICA က
တံတားဆောက်လုပ်ရေးပိုင်း အတွက် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ များကို တင်ဒါခေါ်
သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင် တံတားဒီဇိုင်း၏ အသေးစိတ် တွက်ချက်မှု ပြီးစီးနေပြီဖြစ်ပြီး
လာမည့် ၂၀၁၇ တွင် စတင်ဆောက်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

"ပထမဆုံးအနေနဲ့ တည်ဆောက်မယ့် ကုမ္ပဏီကို ရွေးချယ်ပြီးတဲ့အခါ ဆောက်လုပ်ရေးအနေနဲ့
စာချုပ်ချုပ်ရပါတယ်။ ကုမ္ပဏီ က တံတားကို စပြီးဆောက်ဖို့အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ
တင်သွင်းဖို့ ၁၅ ရာခိုင်နှုန်းငွေပမာဏကို စာချုပ်ထဲမှာ ထည့် ချုပ်ရပါတယ်။ အဲဒီငွေကို ပေးတဲ့အခါမှာ
ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုမ္ပဏီကို ပေးတာမျိုးမဟုတ်ဘဲ JICA က တိုက်ရိုက်
ပေးမှာဖြစ်ပါတယ်"ဟု မစ္စတာ နာကာဆာဝါက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ ရေပေးဝေရေး အဆင့်မြှင့်တင်သည့် စီမံကိန်းများဖြစ်သည့် တောင်ဒဂုံမြို့နယ်တွင်
လဂွမ်းပြင် ရေပေးဝေ ရေးစီမံကိန်းမှာလည်း အတိုးနှုန်းနည်း ချေးငွေအစီအစဉ်ဖြင့် လုပ်ဆောင်သွားမည်
ဖြစ်ပြီး လာမည့် ၂၀၁၇ ဇွန်လတွင် ဆောက် လုပ်ရေးလုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ကုက္ကိုဝမှ လှိုင်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့၏ အလယ်ပိုင်း မြို့နယ်များကို
ရေပေးဝေမည့်စီမံကိန်းမှာ ၂၀၁၇ ခုနှစ်တွင် ချေးငွေပေးရေး သဘောတူ ညီမှုလက်မှတ် ရေးထိုးမည်ဟု
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်