သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(က)၏ ကပ်လျက်၊ Residential Zone အတွင်း ကွန်ဒို
မီနီယံအဆောက်အအုံများ ဆောက်လုပ်ရန် အတွက် မြေနေရာ သတ်မှတ်ပြီးဖြစ်ရာ လုပ်ငန်းရှင်များ
လာရောက်ဆက်သွယ်လျှင် အကျိုးတူစနစ်ဖြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြု
သွားမည်ဖြစ်ကြောင်း မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက်မှ
ဒါရိုက်တာ ဒေါက်တာဉာဏ်သစ်လှိုင်က နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
Residential Zone အဖြစ် မြေအကျယ် အဝန်း ဧက ၈၀ သတ်မှတ်ထားပြီး ဟိုတယ်များ၊
အလုပ်သမား အိပ်ဆောင်များ၊ ဓာတ်ဆီ ဆိုင်များ၊ ဈေးဝယ်စင်တာများနှင့် ဘဏ်လုပ်ငန်း
လုပ်ကိုင်နိုင်သည့် အဆောက်အအုံ များကိုပါ ထည့်သွင်းဆောက်လုပ်ထားရန် လျာထားပြီး
ကွန်ဒိုမီနီယံများ ဆောက်လုပ် ရန်အတွက် မြေဧကအကျယ်အဝန်းကို ကိုးဧကအဖြစ်
သတ်မှတ်ထားကြောင်း သိရသည်။
"မြေကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး ကျွန်တော်တို့နဲ့ အကျိုးတူလုပ်ချင်တဲ့ လူတွေရှိရင် ဖိတ်ခေါ်ပါမယ်။
ကိုးဧကစလုံးဖြစ်ဖြစ် တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ အပိုင်းလိုက်ပဲ ဖြစ်ဖြစ် လုပ်ချင်ရင်လည်း ခွင့်ပြုပါတယ်။
ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုနည်းလမ်း နဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိ ပါတယ်။
JV လုပ်မယ်ဆိုပေမဲ့ အပြင်ကလို အခန်းပေးအခန်းယူ လုပ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ ခွဲတမ်း ရမယ့် အခန်းကို နောက်ပိုင်းမှာ Developer တွေဘက်က ဘယ်လောက်နဲ့
ရောင်းမလဲ ဆိုပြီး ဖြစ်လာတတ်လို့ပါ။ ကျွန်တော်တို့ လိုချင်တာကတော့ Joint venture လုပ်ပြီးရင်
အတူတူရမယ့် ရာခိုင်နှုန်းအလိုက် လက်တွဲလုပ်ချင်တာပါ။ လုပ်ချင်တယ် ဆိုရင် လာပြီးဆွေးနွေးလို့
ရပါတယ်၊ ဖိတ်ခေါ်ပါတယ်"ဟု ၎င်းက ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်လုပ်ကိုင်နေသည့် ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊
အလုပ်သမားများ နေထိုင် သွားလာရေး အဆင်ပြေစေရန်နှင့် ဟိုတယ် များ၊ ဓာတ်ဆီဆိုင်များ၊
ဘဏ်များနှင့် ကွန်ဒို မီနီယံ ကဲ့သို့သော အဆောက်အအုံများ၊ ၀န်ဆောင်မှုလုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံ လိုသူများကို ယင်း Residential Zone အတွင်း ၌ တင်ဒါစနစ်ဖြင့်သော်လည်းကောင်း၊
အကျိုးတူစနစ်ဖြင့်သော်လည်းကောင်း လုပ်ကိုင်ခွင့်ပြုနေဆဲဖြစ်သည်။ ဟိုတယ်နှင့် ဓာတ်ဆီဆိုင်များ
အတွက် မကြာမီ တင်ဒါဖွင့် ဖောက် ရွေးချယ်ပေးသွားမည်ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းဖြစ်သည့် Zone A ကို ဟက်တာ ၄၀၀ ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ လည်ပတ်လျက်ရှိ သည့်
စက်ရုံပေါင်း ၂၀ နှင့် ဆောက်လုပ်ဆဲ စက်ရုံပေါင်း ၄၀ ကျော်ရှိနေပြီး လာမည့်နှစ် နိုဝင်ဘာလခန့်တွင်
လုပ်ငန်းများ အပြည့် အဝလည်ပတ်နိုင်ရန် ခန့်မှန်းထားသည်။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း
၆၈ ခုမှ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်၏ အပိုင်း (က) Zone A ပြီးစီးသွားပါက ပြည်တွင်း ပြည်ပမှ ပညာရှင်များနှင့်
အလုပ်သမား စုစုပေါင်း ၂၀,၀၀၀ မှ ၄၀,၀၀၀ ခန့်အထိ ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်သည်။
"အကျိုးတူ ဆောက်ခွင့်ပြုမယ့် ကွန်ဒို တွေကတော့ ပြည်တွင်းပြည်ပက လာအလုပ် လုပ်မယ့်
သူတွေကို ဦးတည်ပါတယ်။ သီလဝါ ကို အထောက်အကူဖြစ်မယ့် မြို့ပြစနစ်ကြီး တစ်ခုကို
စတင်ချင်တာလည်း ပါတယ်။ အခန်း ၆၀၀ လောက်ထွက်ဖို့တော့ မှန်းထား ပါတယ်။
Condo block ကိုလည်း ဇုန်ထဲမှာ သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ သီလဝါ ဆည်ကထွက်လာတဲ့
ရေကို သန့်စင်စနစ် တွေနဲ့သုံးပြီး Residential Zone မှာ သုံးထားပါတယ်။ လျှပ်စစ်မီး မပြတ်အောင်
လို့လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းလုပ်ထားပေး ပါတယ်"ဟု ၎င်းက ပြောသည်။ သီလဝါအထူး
စီးပွားရေးဇုန်ဧရိယာ အတွင်း၌ ဆောက်လုပ်မည့် အဆောက် အအုံများကို အမြင့်ပေ ၁၂ ထပ် မကျော်
လွန်ရန် ကန့်သတ်ထားသော်လည်း ကွန်ဒို ဆောက်လုပ်လိုသည့် လုပ်ငန်းရှင်များမှ တင်ပြလာသည့်
အထပ်နှင့် အခန်းအရေ အတွက်များကို တွက်ချက်တင်ပြလာမည့် စီမံချက်များပေါ်မူတည်ကာ နှစ်ဦးနှစ်ဖက်
အကျိုးရလဒ်များ ထွက်ပေါ်လာနိုင်ရန် အတွက် ညှိနှိုင်းဆွေးနွေးကာ လုပ်ငန်း များကို လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်သည်။
သီလဝါစက်မှုဇုန်အတွင်းရှိ စက်ရုံများ နှင့် Residential Zone အတွင်းရှိ အဆောက် အအုံများအတွက်
အဝီစိတွင်း တူးဖော်ကာ မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်းကို ကန့်သတ်ထားသည်။ ဇာမဏီဆည်နှင့်
သီလဝါဆည် နှစ်ခုတို့မှ ရေများကို ပိုက်လိုင်းများဖြင့် သွယ်တန်းကာ ရေသန့်စင်မှုစနစ်များဖြင့် ပြန်လည်ပြုပြင် ကာ အသုံးပြုလျက်ရှိသည်။ ရေတစ်ဂါလန်လျှင် လေးကျပ်နှုန်းဖြင့် နိုင်ငံတော်မှ ၀ယ်ယူ သုံးစွဲနေသည့်စနစ်ဖြစ်သည်။
လဂွမ်းပြင် ရေပေးဝေရေးစီမံကိန်း ပြီးစီး သွားပါက သီလဝါ အထူးစီးပွားရေးဇုန်တစ်ခု လုံးအတွက်
လိုအပ်သည့် ရေများကို လဂွမ်း ပြင်ဆည်မှ ရယူသွားမည်ဖြစ်ပြီး လက်ရှိ သုံးစွဲနေသည့် ဇာမဏီဆည်နှင့်
သီလဝါ ဆည်တို့ကို အရန်အဖြစ် ထားရှိ အသုံးချ သွားမည်ဖြစ်သည်။
လျှပ်စစ်ဓတ်အား ပုံမှန်ရရှိစေရန်အတွက် နိုင်ငံတော်၏ မဟာ ဓာတ်အားလိုင်းစနစ်မှ ရယူသွယ်တန်းထား
ပြီးဖြစ်သလို မဂ္ဂါ၀ပ် ၅၀ ထွက်ရှိနိုင်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကိုလည်း
တည်ဆောက်ထားပြီး ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ Residential Zone ကို
မြန်မာသီလဝါ အထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတော်မှ
ဖွဲ့စည်းပေး ထားသည့် Thiliwa Sez Management Committee (TSMC) မှ ၂၀ ရာခိုင်နှုန်း
အချိုးကျ ခွဲဝေထားပြီး ကော်မတီက အထူး စီးပွားရေးဇုန်တွင် ပါ၀င်သည့် လုပ်ငန်းများ၊ စီမံကိန်းများ
ဖွံ့ဖြိုးတိုးတက်စနစ်တကျ ဖြစ်စေရန် ထိန်းကျောင်းပေးရသည်။
















