ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) က မြန်မာနိုင်ငံအတွက်
အတိုးနှုန်း သက်သာသည့် ရေရှည်အထောက် အပံ့ချေးငွေများ (ODA Loan) ကို ပေးလျက်
ရှိရာ ယင်းချေးငွေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း
၆၅ ခုကို လုပ်ဆောင်လျက်ရှိပြီး လာမည့် ၂၀၁၇ ခုနှစ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း
သတင်းထုတ်ပြန်သည်။
"ဒါက ဂျိုက်ကာရဲ့ ပထမဆုံး ချေးငွေစီမံ ကိန်းပါ။ အတိုးနှုန်းသက်သာတဲ့ ရေရှည် အထောက်
အပ့ံ၊ အကျိုးစီးပွားဖွံ့ဖြိုးဖို့အတွက် လုပ်ကိုင်ရမယ့် အခြေခံအဆောက်အအုံ အကြီးစားတွေကို
အကောင်အထည်ဖော်ဖို့ အတွက် ချေးငွေပေးတာပါ။ အခုစီမံကိန်း ၆၅ ခုက ပထမပိုင်းဖြစ်ပြီး။
ဒါပြီးရင် ဒုတိယ ပိုင်းအတွက်လည်း ဆက်လက်ပေးသွားမှာပါ" ဟု JICA ၏ အဆိုပါစီမံကိန်း အတွင်းရေးမှူး ဖြစ်သူ ဒေါ်မိုင်သော်ဒါမင်းက ပြောသည်။
အဆိုပါ ODA Loan ချေးငွေသည် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဂျိုက်ကာက
ထောက်ပံ့ခြင်းဖြစ်သည့် အတွက် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအဖြစ် တိုင်းဒေသကြီးနှင့်
ပြည်နယ် ၁၄ ခုတွင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ရေရရှိရေးတို့ အတွက်
အသုံးပြုခြင်းဖြစ်သည်။
"ဒီစီမံကိန်းအပိုင်း(၁)မှာတော့ လမ်းတွေ၊ တံတားတွေ ဆောက်ပေးတယ်။ အခြေခံအဆောက်
အအုံမှာဆို လျှပ်စစ်ရယ်၊ ရေပေး ဝေရေးရယ်ကို အဓိကလုပ်ပေးတယ်။ ချေးငွေ သဘောတူ
စာချုပ်ကိုတော့ ဇွန်လ ၂၀၁၃ မှာ လက်မှတ်ရေးထိုးခဲ့တယ်။ စီမံကိန်းတွေ ကိုတော့ ၂၀၁၄ မှာ
စပြီးလုပ်ခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။ ယင်းဆင်းရဲမွဲတေမှုလျှော့ချရေးဆိုင်ရာ ဒေသတွင်း
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အပိုင်း(၁)အတွက် ချေးငွေပမာဏမှာ ဂျပန် ယန်း ၁၇ ဘီလျံ
(အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်) ဖြစ်ကာ လမ်းတံတားစီမံကိန်း များအတွက် ရှစ်ဘီလျံ၊
လျှပ်စစ်ရရှိရေး စီမံကိန်းများအတွက် ၄ ဒသမ ၃ ဘီလျံနှင့် ရေပေးဝေရေးစီမံကိန်းအတွက်
နှစ်ဘီလျံ အပြင် စီမံကိန်းများအတွက် အကြံပေးကုမ္ပဏီ ငှားရမ်းရန် တစ်ဘီလျံနှင့် လျာထားငွေ
သုည ဒသမ ၆ ဘီလျံ အသုံးပြုကြောင်း သိရသည်။
ချေးငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများသည် တိုင်းဒေသကြီး ၁၄ ခုလုံးမှ
ဒေသများတွင် ခွဲဝေ အသုံးပြုသွားခြင်းဖြစ်ပြီး စီမံကိန်းစုစုပေါင်း ၆၅ ခုအနက် လမ်းတံတား
တည်ဆောက်ရေးစီမံကိန်း ၁၅ ခု၊ လျှပ်စစ်ရရှိရေးစီမံကိန်း ၂၇ ခုနှင့် ရေပေးဝေရေး စီမံကိန်း
၂၃ ခုတို့ဖြစ်သည်။ လမ်းတံတားတည်ဆောက်ရေးစီမံကိန်းတွင် လမ်းပန်းဆက်သွယ်ရေး
မဖွံ့ဖြိုးသည့် ဒေသများ၏ လမ်းများကို ပိုမိုကောင်းမွန်ရန် အတွက် လမ်းဖောက်လုပ်ပေးခြင်း၊
တူးမြောင်း များတွင် ကွန်ကရစ်တံတား တည်ဆောက် ပေးခြင်းများဖြစ်သည်။
လျှပ်စစ်ရရှိရေး စီမံကိန်းများတွင်မူ မဟာဓာတ်အားလိုင်းရရှိသည့် ဒေသများနှင့် ဓာတ်အားလိုင်း
မရရှိသည့် ဒေသများဟူ၍ နှစ်မျိုးခွဲကာ ဓာတ်အားလိုင်းမရသည့် ဒေသ များတွင် ဓာတ်ခွဲရုံများ
တည်ဆောက်ပေးခြင်း နှင့် လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်း ပေးခြင်းတို့ ဖြစ်သည်။
သို့သော် မဟာဓာတ်အားလိုင်း မရောက်ရှိ သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်
များကဲ့သို့သော ဒေသများအတွက် ဒီဇယ်ဂျင်နရေတာများနှင့် ဓာတ်အားဖြန့်သည့် လိုင်းများ
အတွက် အသုံးပြုကြောင်း သိရသည်။
ရေပေးဝေရေးစီမံကိန်းတွင် ရေရရှိရန် ခက်ခဲသည့် အပူပိုင်းဇုန်နှင့် တောင်ပေါ် ဒေသများကို
အဓိကထား၍ ရေလှောင်ကန်၊ ရေစစ်ကန်များ တည်ဆောက်ပေးခြင်း၊ ရေတူး ဖော်ခြင်းနှင့်
ရေပိုက်များ သွယ်တန်းပေးခြင်း တို့ကို ပြုလုပ်ပေးလျက်ရှိသည်။ ထို့ပြင် စီမံကိန်းများ
အကောင်အထည်ဖော်ရာတွင် စီမံကိန်းအားလုံးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ
နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန (FRD) က ဦးစီးဆောင်ရွက်ပြီး ဒေသများအတွင်း
လက်တွေ့ အကောင်အထည်ဖော်မှုတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက စီမံခန့်ခွဲ
ဆောင်ရွက်ကြောင်း သိရသည်။
"ဂျိုက်ကာက ဒီချေးငွေတွေ ချေးမယ့် စီမံကိန်းက ဒီကဏ္ဍတွေအတွက် ထောက်ပံ့သွားမယ်လို့
သဘောတူပြီးသွားတဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ပြည်နယ်တိုင်း အစိုးရအဖွဲ့က
သူတို့ရဲ့ ထောက်ပံ့ဖို့လိုအပ်တဲ့ နေရာတွေကို အဆိုပြုတင်ပြကြပါတယ်။ အဲဒီထဲကနေ
ဂျိုက်ကာက ဘတ်ဂျက်နဲ့ ချိန်ညှိပြီး ပြန်ရွေးချယ်သွားပါတယ်"ဟု ဒေါ်မိုင်သော်ဒါမင်းက ပြောသည်။
လမ်းတံတားတည်ဆောက်ရေးစီမံကိန်းများတွင်မူ စီမံကိန်းအားလုံး၏ ဆောက်လုပ်ရေး
လုပ်ငန်းများကို ပြည်တွင်း ကန်ထရိုက်တာ များကို တင်ဒါခေါ်၍ တည်ဆောက်ခြင်းဖြစ်ပြီး
စီမံခန့်ခွဲမှုပိုင်းကို သက်ဆိုင်ရာဝန်ကြီး ဌာနက စီမံခန့်ခွဲကြောင်း ၎င်းက ပြောသည်။
သို့သော် ဂျိုက်ကာက ဂျပန်နိုင်ငံက အကြံ ပေးကုမ္ပဏီများကို ငှားရမ်းပြီး စီမံကိန်းများ
အကောင်အထည်ဖော်သည့်အချိန်မှ ပြီးဆုံး သည့်အချိန်ထိ စီမံမှုများ၊ စစ်ဆေးမှုများ ပြုလုပ်ကြောင်း
သိရသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA ချေးငွေ ဖြင့် ပြုလုပ်မည့်
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အပိုင်း(၁) ပြီးစီးပါက အပိုင်း(၂)အတွက် ဂျပန်ယန်း ၁၄ ဘီလျံ
ဘတ်ဂျက်လျာထားပြီး စီမံကိန်းအသေးစိတ်မှာ မရေးဆွဲရသေးကြောင်း ဂျိုက်ကာက ပြောသည်။















