ရွှေတိဂုံစေတီအနီး၊ တပ်မတော် စစ်ထောက် ချုပ်ရုံးပိုင်မြေနေရာတွင် ဆောက်လုပ်မည့်
စီမံကိန်းများကို ပြည်သူလူထု၏ကန့်ကွက်မှုဖြင့် ရပ်ဆိုင်းခဲ့ရပြီးနောက်ပိုင်း ၀န်ကြီးဌာနပိုင်
မြေနေရာများကို အစားထိုးပြန်လည်ပေးအပ်ရာတွင် ပွင့်လင်းမြင်သာမှု အားနည်းခဲ့
သည့်နည်းတူ လွှတ်တော်သို့ တရားဝင် တင်ပြ တောင်းခံခြင်းလည်း မရှိသည့်အတွက်
ကန့်ကွက်ကြောင်းအဆိုကို နို၀င်ဘာ ၂၉ ရက် က ကျင်းပသည့် လွှတ်တော်အစည်း
အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်အုန်းက တင်သွင်းဆွေးနွေးခဲ့သည်။
ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်း ထောင့်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပိုင်
မြေနေရာကို ဒဂုံစီးတီးစီမံကိန်းအတွက် ပြန် လည်အစားထိုး ပေးအပ်ခဲ့သည့်အပေါ်တွင်
ယခုကဲ့သို့ တင်ပြ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
"ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကတည်း က ဆန်းစပါး၊ ကျွန်းသစ်၊ စိုက်ပျိုးမွေးမြူရေး
အတွက် သုတေသနလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ထားခဲ့တဲ့မြေနေရာ ဖြစ်တယ်။ ပြီးခဲ့တဲ့
၂၀၁၅ ခုနှစ်မှာ ဂျပန်ကုမ္ပဏီတစ်ခုက သုတေသန လုပ်ငန်းလုပ်ဖို့ ဒီမြေကိုငှားဖို့ လုပ်နေတဲ့
အချိန်မှာ Marga Landmark ကုမ္ပဏီက ဒဂုံစီးတီး မဖြစ်တော့လို့ဆိုပြီး စစ်ရုံးမြေနေရာ
ကနေ အဲဒီနေရာကို ရောက်လာတယ်။ အစိုးရ သစ် မဖွဲ့ခင်ကာလအတွင်းမှာ ၀ုန်းဒိုင်းနဲ့
လုပ်သွားကြတယ်။ ပညာရေးဌာနတွေနဲ့ ပေါင်းပြီးယူသွားကြတယ်။ နိုင်ငံပိုင်ပစ္စည်းကို
လွှတ်တော်ကိုယ်လည်း အကြောင်းမကြား ပွင့်လင်းမြင်သာမှုလည်းမရှိဘဲ ယူသွားတယ်။
အခုထက်ထိလည်း ဘာတွေလုပ်နေမှန်း မသိဘူး။ ကိုယ့်နိုင်ငံက ပိုင်ဆိုင်မှုကို မလျော်
ဩဇာသုံးပြီး နိုင်ငံပစ္စည်းကို အသုံးချတယ်လို့ ယူဆလို့ မေးခွန်းမေးလိုက်တာပါ။
အန်ကယ် တို့ နိုင်ငံမှာ သုတေသနမဖွံ့ဖြိုးလို့ ဆင်းရဲတွင်း နက်နေတာဖြစ်လို့၊ သုတေ
သနနဲ့ပတ်သက်ပြီး မပေးစေချင်ဘူး။ သုတေသနဌာနဆိုတာ ဒီမိုကရေစီနိုင်ငံမှာ
အရမ်းအရေးကြီးတယ်။ သုတေသနနေရာကို လာယူလိုက်တော့ ပြည် သူ့ကိုယ်စား
သဘောမကျသလို အန်ကယ်တို့ အထက်က ဆရာကြီးတွေကလည်း သဘော မကျဘူး၊
မလုပ်သင့်ဘူးလို့လည်း ယူဆတယ်။ ဆက်လုပ်ရင် ပြည်သူ့ကျိန်စာသင့်လိမ့်မယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
ယင်းမြေနေရာသည် ယခင်အစိုးရ လက်ထက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ
သုတေသနနှင့် တီထွင်ဆန်း သစ်မှု ဦးစီးဌာန (Department of Research and Innovation; DRI)
အပိုင်မြေဖြစ်ပြီး ၃၅ ဒသမ ၃၈၅ ဧကအနက် ၁၇ ဒသမ ရ၀ ဧက ကို ပွင့်လင်းမြင်သာမှုမရှိဘဲ
စွန့်လွှတ်မြေအဖြစ် အချိန်တိုအတွင်း သတ်မှတ်ခဲ့ပြီး Marga landmark ကုမ္ပဏီက နှစ် ၅၀
ဘီအိုတီ စနစ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ် သည့်
နိုဝင်ဘာ ၂၉ ရက်တွင် နိုင်ငံအတွက် အရေးကြီးသည့် သုတေသနလုပ်ငန်းများ လုပ်ကိုင်ရန်
သတ်မှတ်ထားသည့် မြေနေရာတွင် Marga landmark ကုမ္ပဏီက နှစ် ၅၀ စီမံကိန်းဖြင့်
မြေနေရာငှားရမ်းထားခဲ့မှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနက စီမံကိန်းကို ဖျက်သိမ်းပြီး
ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးတိုးတက် မှုအားနည်းသည့် မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒလ၊ တွံ့တေး
စသည့်နေရာများကို ရွှေ့ပြောင်းကာ စီမံကိန်းကို ပြန်လည်နေရာချထားပေးရန် ရှိမရှိ မေးခွန်းကို
အစိုးရအဖွဲ့သို့ လွှတ်တော်မှ တစ်ဆင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။ ဒဂုံစီးတီး စီမံကိန်းအတွက်
မြေနေရာ အစာထိုးပေးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်
ဦးမောင်မောင်အုန်း ၏မေးခွန်းနှင့်စပ်လျဉ်းပြီး ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး
ဦးဝင်းမော်ထွန်းက လာရောက်ဖြေကြားခဲ့သော်လည်း ဒုဝန်ကြီး ၏ဖြေကြားချက်နှင့်
ပတ်သက်ပြီး ရှင်းလင်း ပြတ်သားသည့်အဖြေတစ်ခုအဖြစ် ထွက်ပေါ် ရန် ဆက်လက်
လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက
ပြောသည်။
"ဒုဝန်ကြီး ဦးဝင်းမော်ထွန်း လာဖြေထား တာကတော့ ဒီကိစ္စက မသေချာမရေရာနဲ့ ပြီးခဲ့တဲ့
အစိုးရလက်ထက်က လုပ်ထားတဲ့ကိစ္စဖြစ် နေပါတယ်။ အခုလည်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရနဲ့ ရင်းနှီးမြုှပ်နှံမှုကော်မရှင်တို့ ပြန်ညှိပြီး ကိုးဧကပြန်ပေးဖို့ လုပ်နေတယ်လို့တော့ ပြောတယ်။
ဒီမိုကရေစီလမ်းကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့ သုတေ
သနလမ်းကြောင်းကို လာကန့်သတ်သလိုဖြစ် နေတယ်။ တခြားမြေနေရာတွေ အများကြီးရှိ
တယ်။ တပ်နဲ့ပတ်သက်တဲ့မြေတွေ အများကြီး ရှိပါတယ်။ အန်ကယ်တို့ မကန့်ကွက်ပါဘူး။
ဒီမြေမှာ လုပ်တာတော့ ကန့်ကွက်ပါတယ်။ ကျောင်းသားတွေ သုတေသနလုပ်ရမယ့် မြေနေရာပါ"ဟု
၎င်းက ဆက်လက်ပြောသည်။
အများပြည်သူ ကန့်ကွက်ခဲ့ကြသည့် အတွက် ရွှေတိဂုံစေတီအနီးရှိ ဆောက်လုပ် ရေးစီမံကိန်းများ
အပြီးသတ်ရပ်ဆိုင်းရန် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုအဖြစ်
တင်သွင်းခဲ့သည့် ဒေါက်တာညိုညိုသင်းကလည်း ဒဂုံစီးတီး မြေနေရာ အစားချထားပေးခဲ့သည့်
ကိစ္စတွင် ပွင့်လင်းမြင်သာမှု မရှိခဲ့သည့်အတွက် ယခု အစိုးရသစ်လက်ထက်တွင် ပြန်လည်စိစစ်
သင့်သည့် စီမံကိန်းများဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
















