ရန်ကုန်မြို့ရှိ အထင်ကရ လမ်းမကြီးများပေါ် တွင် ရောင်းချနေသည့် လမ်းဘေးဈေးသည်များကို
နိုဝင်ဘာ ၂၃ ရက်မှစတင်ကာ ကမ်းနားလမ်းရှိ ညဈေးတန်းများသို့ ပြောင်းရွှေ့နေရာချထားပေးရာတွင်
မသမာမှုများ အများအပြားရှိနိုင်ကြောင်း လမ်းဘေး ဈေးရောင်းချသူများက ပြောသည်။
"နေရာချထားပေးတယ်ဆိုပေမဲ့ တကယ်တမ်း နှစ်ပေါင်းများစွာ ရောင်းချနေတဲ့ ဈေးသည်တွေ
အများကြီးကျန်ခဲ့တယ်။ မနေ့တစ်နေ့ကမှ နေရာပေးမယ်ဆိုပြီး ဗန်းလေးတစ်ဗန်းအရင်းပြု
လမ်းလယ်ကောင် တက်၊ ဓာတ်ပုံအရိုက်ခံပြီး နေရာယူသွားတဲ့ လူတွေများတယ်။
စားသောက်ဆိုင်ကို ဈေးတန်းမှာ ရှစ်ပေအကျယ် ရတဲ့လူတွေရှိသလို လေးပေအကျယ်လောက်ပဲ
ရတဲ့လူ တွေလည်း ရှိတယ်။ သစ်သီးသည်တွေလည်း ဒီအတိုင်းပဲ။ အပေါ်နဲ့တော့ မဆိုင်ပေမဲ့
အောက်ခြေဝန်ထမ်းတွေလုပ်တာ အလုပ်မဟုတ်တဲ့အတွက် အကုန်လုံးက ညီတူမျှတူ
မဖြစ်တဲ့အပြင် မျှတမှုလည်း မရှိပါဘူး"ဟု လမ်းမတော်မြို့နယ်တွင် သစ်သီးရောင်းချသူ
ဦးသန်းဦးက ပြောသည်။
ညဈေးတန်းနေရာချထားပေးမှုနှင့် ပတ် သက်ပြီး လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊
ကျောက်တံတားမြို့နယ်များမှ လမ်းဘေး ဈေးသည်အချို့က နိုဝင်ဘာ ၂၈ ရက်တွင်
မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ်၍ အထက်ပါအတိုင်း
ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကောက်ခံထားသည့် လမ်းဘေး
ဈေးသည်စာရင်းအရ အထင်ကရလမ်းမကြီး ၁၁ လမ်းပေါ်တွင် ဈေးရောင်းချနေသည့်
လမ်းဘေးဈေးသည် စုစုပေါင်း ၆,၀၄၁ ဦး ရှိသည်။ ယခုအသစ် ဖွင့်လှစ်လိုက်သည့်
ကမ်းနားလမ်း ညဈေးတန်းသို့ ပြောင်းရွှေ့ ပေးနိုင်သည့် ဈေးသည်မှာ ၁,၆၀၀ ကျော်သာ
ရှိသည်။
သစ်သီးဝလံရောင်းချသူများနှင့် အစားအသောက်ရောင်းချသူများကို ဦးစားပေးကာ
ညဈေးတန်းတွင် နေရာချထားပေး ခဲ့ခြင်း ဖြစ်သည်။ "အတွင်းလမ်းတွေထဲမှာလည်း
အိမ်ရှင်တွေက သူတို့အိမ်ရှေ့က ပလက်ဖောင်းမှာ သုံးပေစာ ဈေးတစ်ဗန်းစာအတွက်
တစ်လ တစ်သိန်းလောက်အထိ တောင်းတယ်။ ပစ္စည်း သိမ်းရင် နေ့စဉ် ၅၀၀၊ ၁,၀၀၀
ပေးရတဲ့အပြင် ရေတစ်ပုံးကိုလည်း ငွေ ၁၀၀ အထိတောင်း ကြတယ်။ စုံစမ်းကြည့်လို့
ရသလို မှားရင်လည်း ပြောတဲ့ ကျွန်တော့်ကို အရေးယူလို့ရပါတယ်။ အဆင်မပြေကြပါဘူး။
ညဈေးတန်းမှာလည်း နေရာမရသလို အတွင်းလမ်းတွေထဲမှာလည်း သွားရောင်းဖို့
အဆင်မပြေပါဘူး"ဟု ၎င်းက ပြောသည်။
ညဈေးတန်းတွင် ရောင်းချခွင့်မရရှိ သည့် လမ်းဘေးဈေးသည်များကို အတွင်းလမ်းများသို့
၀င်ရောက်ရောင်းချရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားသည်။
သို့သော် အချို့လမ်း များမှာ လမ်းဘေးဈေးသည် ၀င်ရောက် ရောင်းချခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း သတိပေးကြေညာစာတန်းများဖြင့် ကြေညာထားသလို အချို့သောလမ်းများတွင်မူ အိမ်ရှင်
များက မိမိအိမ်ရှေ့ ပလက်ဖောင်းများ ပေါ်တွင် ဈေးရောင်းချမည်ဆိုပါက တစ်လ လျှင်တစ်သိန်း
သို့မဟုတ် နေ့စဉ် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ ခန့်အထိ တောင်းဆိုမှုများ ရှိလာနေသည့်အတွက်
အဆင်ပြေမှုမရှိ ကြောင်း လမ်းဘေးဈေးသည်များက ပြောသည်။
"နှစ်ရှည်လများ ဈေးရောင်းခဲ့တဲ့လူတွေ နေရာ မရခဲ့တာကတော့ မဖြစ်သင့်ဘူးလို့
ပြောချင်တယ်။ စည်ပင်ရုံးကို သွားပြောတော့လည်းခဏစောင့်ဦး လုပ်ပေးမယ်လို့ပဲပြော
တယ်။ ကျွန်တော်တို့ကို ဖမ်းတော့မယ်ဆိုရင် ကျွန်တော်တို့ ဘယ်မှာသွားဈေးရောင်းရမလဲ၊
မမျှတမှုတွေ အများကြီးတွေ့နေရတယ်။ ဆိုင်ပေါင်း ၆,၀၀၀ ကျော်မှာ၁,၆၀၀ ပဲ နေရာချထားပေးပါတယ်။
မဲနှိုက်ပြီး လုပ်သင့် တယ်လို့ ထင်ပါတယ်။ လက်သင့်တာ စားတော်ခေါ်ပြီး ပေးလိုက်တယ်လို့ ယူဆ
ပါတယ်"ဟု လသာမြို့နယ်မှ အစားအသောက်ရောင်းချသူ ဈေးသည် ဦးအောင်ကိုက ပြောတယ်။
ရန်ကုန်မြို့၏ တောင်ဪမြောက်သွယ်တန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊
မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းနှင့် အရှေ့ဪ အနောက်သွယ်တန်းထားသည့် လမ်းများ၊ တောင်ဪမြောက်သွယ်တန်းလျက်ရှိသည့် လမ်း ခြောက်လမ်းဖြစ်သည့် ပန်းဆိုးတန်း၊
ဆူးလေ၊ ရွှေတိဂုံဘုရားလမ်း၊ လသာ၊ လမ်းမတော်၊ ဘုန်းကြီးလမ်းအပါအဝင် စုစုပေါင်း လမ်းမကြီး
၁၁ လမ်းပေါ်တွင် လမ်းဘေးဈေးသည် များ ဈေးရောင်းချခြင်းကို ယာဉ်နှင့် လူသွား လူလာ
ရှုပ်ထွေးများပြားသည့် လမ်းများဖြစ် သည့်အတွက် နိုဝင်ဘာလကုန်မှ စတင်ကာ ခွင့်ပြုတော့
မည်မဟုတ်သည့်အပြင် စည်းကမ်း ဖောက်ဖျက်ပါကလည်း ထိရောက်စွာ အရေး ယူ
သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်း
ထုတ်ပြန်ထားပြီးဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ သည့် ကမ်းနားလမ်း ညဈေးတန်းတွင်
ဈေးရောင်းချမည်ဆိုပါက ညနေ ၃ နာရီမှ ည ၁၁ နာရီအထိသာ ရောင်းချခွင့်ပြုထား
သည်။
ညဈေးတန်းရှိ ဈေးသည်များကိုလည်း ကတ်ပြားကြေး တစ်နှစ်လျှင် ကျပ် ၅၀၀၊ နေ့စဉ်သုံးစွဲမည့် ရေနှင့် သန့်ရှင်းရေးခများကို ပေးဆောင်ရမည်ဖြစ်သည်၊ လျှပ်စစ်မီးရရှိ စေရန် သွယ်တန်းထားသည့်
မီတာခကို တစ်လလျှင် တစ်ကြိမ် ပေးဆောင်ရမည် ဖြစ်သည်။ "ဓာတ်ပုံအရိုက်မခံတဲ့သူ၊
စာရင်းမပေးတဲ့ သူဆို နေရာမပေးဘူးလို့ တစ်ခါတည်း သူတို့ကို လိုက်ပြောထားပြီးသားပါ။
နေရာမရဘူးဆို ရင် နေရာမရတဲ့အကြောင်း လာတင်ပြပါ။ သူတို့ကိုလည်း နေရာချထားမှုနဲ့
ပတ်သက် ပြီး ရှင်းပြထားပြီးသားပါ။ သူတို့အဆင်မပြေ ဘူးဆိုရင် လာတင်ပြကြပေါ့"ဟု
ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန ဒုတိယဌာနမှူး ဦးညီညီဦးက ပြောသည်။
















