တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတော်ထံမှ ၀ယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊
အိမ်ရာစည်းကမ်းချက်များကို ဖောက်ဖျက် ကြောင်း စိစစ်တွေ့ရှိရပါက Black list (အမည်ပျက်)
စာရင်းသွင်းကာ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။
အမှန်တကယ် အိမ်ရာလိုအပ်သူများ အတွက်သာ ရောင်းချရန် ရည်ရွယ်ထား သည့်အတွက်
ယခုကဲ့သို့ စည်းကမ်းထား ရှိရခြင်းဖြစ်ပြီး အမှန်တကယ် နေထိုင်ခြင်း ရှိမရှိကိုလည်း မကြာခဏ
ကွင်းဆင်းစစ် ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်မြင့်မြင့်မူက "ပြန်ရောင်းစားဖို့ ယူထားတာဆိုရင် သူ့ကို Black list ကြေညာမှာဖြစ်ပါတယ်။
အဲဒီစာရင်းဝင် သွားရင်တော့ နောက်ပိုင်းမှာ တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့်လျှောက်လို့ မရတော့
ပါဘူး။ ပုဂ္ဂလိကတွေ ဆောက်တဲ့အပြင် အခန်းပဲ ၀ယ်ရတော့မယ်။ ဘဏ်ချေးငွေနဲ့ ၀ယ်ထားတဲ့
အခန်းတွေဆိုရင် အခန်းတွေ မှာ အမှတ်အသားတွေ သွားကပ်ထားမှာ ဖြစ်သလို မကြာခဏလည်း
ဘဏ်က အိုးအိမ် နဲ့ပေါင်းပြီး မြေပြင်မှာ သွားရောက်စစ်ဆေး မှာ ဖြစ်ပါတယ်။ မနေဘဲနဲ့ ငှားတာ
ပြန်ရောင်းတာ လုပ်ထားလို့မရဘူး။ တကယ်အိမ်ရာ လိုအပ်တဲ့သူတွေကိုပဲ ဦးတည်တာဖြစ်တဲ့
အတွက် မနေနိုင်သေးဘူး၊ လောလောဆယ် အဆင်မပြေနိုင်သေးဘူးဆိုရင်တောင် ပိတ်ထားရမှာ
ဖြစ်ပါတယ်။ ငှားတာတောင် ငှားခွင့် ပေးမထားပါဘူး"ဟု ၎င်းက ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် အိမ်ရာစည်းကမ်းချက် များအရ
တိုက်ခန်းလျှောက်ထားသူများ အနေဖြင့် အိမ်ပိုင်မရှိကြောင်း ကတိခံဝန် ချက်ပါ တစ်ပါတည်း
တင်ပြရမည်ဖြစ်သည်။ အိမ်ပိုင်ရှိသူများ၊ နိုင်ငံတော်ထံမှ တိုက်ခန်း ရရှိထားပြီးသူများဖြစ်ကြောင်း
စိစစ်တွေ့ရှိ ရပါက တိုက်ခန်းဝယ်ယူခွင့်ကို ပယ်ဖျက် မည့်အပြင် ပေးသွင်းထားသည့် တိုက်ခန်း
တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ခုနှိမ်ကာ တိုက်ခန်းကို ပြန်လည်သိမ်းယူ မည်ဖြစ်သည်။
ထို့ပြင် တိုက်ခန်း လျှောက်ထားသူများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုက်ခန်းတစ်ခန်းကိုသာ
ရွေးချယ်လျှောက် ထားရန် ကန့်သတ်ထားသည်။
တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်း ၀ယ်ယူခွင့် ရရှိထားသူများသည် ငါးနှစ် အတွင်း
လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထားသလို ငါးနှစ်ပြည့်မြောက်သည့် အချိန်တွင်
ပြန်လည်ရောင်းချလိုပါကလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့်
ဈေးနှုန်းများဖြင့်သာ ရောင်းချရန် စည်းကမ်းချက်များတွင် ဖော်ပြထားသည်။
"တကယ် နေစရာအခက်အခဲရှိတဲ့သူ တွေ ရစေချင်တဲ့အတွက် အိမ်ရာစည်ကမ်း စည်းမျဉ်းတွေနဲ့အညီ
မကြာခဏ စိစစ် မှာပါ။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါ
တယ်"ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က နိုဝင်ဘာ ၂၄ ရက်တွင်
ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးနေပြီဖြစ် သည့် ယုဇန၊
ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုး နည်းအိမ်ရာစီမံကိန်များရှိ တိုက်ခန်းများကို ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ် ထားသူများအနက် ပထမအရစ်
တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီအောင် ငွေပေးသွင်းထားပြီးသူများကို ဦးစားပေး
ရောင်းချမည်ဖြစ်သည်။
ဩဂုတ်လကုန်မှ အောက်တိုဘာလ ၃၁ ရက်အထိ ပထမ အရစ် ၃၀ ရာခိုင်နှုန်း ပေးသွင်းထားသူပေါင်း
၁,၃၁၁ ယောက်စာရင်းကို နိုဝင်ဘာ ၂၂ ရက်တွင် အများပြည်သူတို့ကို ကြေညာခဲ့ပြီး ဖြစ်သည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့နယ်များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း
တိုက်ခန်းပေါင်း ၈,၀၀၀ ကို ဆောက်လုပ် မည်ဖြစ်သည်။
















