တိုက်ခန်းအရောင်း အဝယ်ဈေးကွက် ဘဏ်နှင့်ချိတ်ဆက် ရောင်းဝယ်သော တိုက်ခန်းများ အရောင်းအဝယ်ဖြစ်

တိုက်ခန်းအရောင်း အဝယ်ဈေးကွက် ဘဏ်နှင့်ချိတ်ဆက် ရောင်းဝယ်သော တိုက်ခန်းများ အရောင်းအဝယ်ဖြစ်

တိုက်ခန်းအရောင်းဈေးကွက် ကျဆင်းနေသော်လည်း ဘဏ်များနှင့် ချိတ်ဆက်ကာ ငါးနှစ်အထက်
အရစ်ကျစနစ်ဖြင့် ရောင်းဝယ်သော တိုက်ခန်းများ ယခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း
ဆောက်လုပ် ရေးလုပ်ငန်းရှင်များက ပြောသည်။

တိုက်ခန်းဝယ်ယူသူများသည် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်သော တိုက်ခန်းများ ကိုသာ ၀ယ်ယူရန်
ပိုမိုစိတ်ဝင်စားလာသည့် အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ဘဏ်များနှင့်
ချိတ်ဆက်ပြီး အရစ် ကျစနစ်ဖြင့် ရောင်းချပေးရန် လိုအပ်ကြောင်း အာရှဆောက်လုပ်ရေး
လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ဒီနှစ်ထဲမှာ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးတဲ့ တိုက်ခန်း တွေပဲ
ပိုရောင်းရပါတယ်။ ကျွန်တော်တို့ အာရှဆောက်လုပ်ရေးလုပ်ငန်းအနေနဲ့ ဧရာဝတီဘဏ်နဲ့
စီဘီဘဏ်များနဲ့ ချိတ်ဆက်ပြီး တိုက်ခန်းတွေကို အရစ်ကျ ရောင်းချ ပေးနေပါတယ်။
လက်ရှိအချိန်မှာ ဘဏ်တွေ က အရစ်ကျ ၀ယ်ယူသူတွေကို ဆယ်နှစ်အထိ ငွေချေးပေးနေပါတယ်။
၀ယ်သူတွေက ငါးနှစ် ကျော်လောက် အရစ်ကျမျိုးဆိုရင်ကို ၀ယ်ယူဖို့ အဆင်ပြေကြပါပြီ"ဟု
၎င်းက ပြောသည်။

အစိုးရကလည်း တန်ဖိုးနည်းအိမ်ရာများ နှင့် တန်ဖိုးသင့်အိမ်ရာများကို ဆယ်နှစ်
အရစ်ကျပေးစနစ်ဖြင့် ဆောက်လုပ်ရောင်းချ ပေးနေသည်ဖြစ်ရာ ပုဂ္ဂလိကဆောက်လုပ်ရေး
လုပ်ငန်းရှင်များကလည်း ၎င်းတို့တိုက်ခန်း များကို ဘဏ်များနှင့်ချိတ်ဆက်ပြီး အရစ်ကျ
ရောင်းချပေးရန် လိုအပ်ကြောင်း ဦးရန်အောင် က ပြောသည်။ "တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက
သုံးနှစ်၊ ငါးနှစ်အပြင် ရှစ်ဆယ်လောက် ထိ အရစ်ကျစနစ်နဲ့ ကိုယ်တိုင် ရောင်းချပေး နိုင်ကြပေမဲ့
ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုကတော့ ကိုယ်တိုင် နှစ်ရှည်စောင့် ပေးဖို့ ငွေကြေး
မတောင့်တင်းကြပါဘူး။ ကိုယ်တိုင်အရစ်ကျ မရောင်းပေးနိုင်ရင် ဘဏ် တွေနဲ့ချိတ်ဆက်ပြီး
အရစ်ကျစနစ်နဲ့ တိုက်ခန်း ရောင်းပေးတာမျိုးကိုတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အများစု
ဒီနှစ်အတွင်းမှာ ပြုလုပ် လာကြပါတယ်"ဟု ပြောသည်။

တိုက်ခန်းအရောင်းဈေးကွက် ပိုမိုကောင်း မွန်စေရန် တိုက်ခန်းဈေးများ ကျဆင်းရေးထက်
နှစ်ရှည်ငွေချေးစနစ်ကိုပဲ တိုက်ခန်း ၀ယ်ယူသူများက ပိုမိုလိုအပ်လျက်ရှိကြောင်း မြတ်မင်း
ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးအောင် မင်းက ပြောသည်။ "တိုက်ခန်းဈေးတွေက မနှစ်ကထက်
ဒီနှစ်မှာ ဈေးနှုန်းကျဆင်းလာပေမဲ့ ရောင်းအား လည်း တက်မလာပါဘူး။ တိုက်ခန်းအရောင်း
အဝယ်ဈေးကွက် ပိုမိုကောင်းမွန်စေဖို့က တိုက်ခန်းဈေးကျဖို့ထက် နှစ်ရှည်အရစ်ကျ စနစ်တွေ
ပိုပေးနိုင်ဖို့ပဲ လိုပါတယ်။ လက်ရှိ အချိန်မှာ အများဆုံးက ၁၀ နှစ်အရစ်ကျစနစ် ပဲ ပေးနိုင်ပေမဲ့
နောက်နှစ်တွေမှာ ဒီထက်နှစ်ပိုပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးနိုင်ဖို့ လိုပါတယ်"ဟု ၎င်းက
ပြောသည်။

အိမ်ရာဝယ်ယူလိုသူများကို နှစ်ရှည်ငွေချေး စနစ်ဖြင့် ချေးငွေပေးနိုင်ရန် ငွေရေး ကြေးရေးဆိုင်ရာ
ဥပဒေများနှင့် နှစ်ရှည်ငွေချေးခြင်းဆိုင်ရာ ဥပဒေများကို အစိုးရက အတည်ပြုပြဋ္ဌာန်းပေးရန်
လိုအပ်ပြီး လက်ရှိ အချိန်တွင် မည်သည့်ဥပဒေမှ အတည်ပြု ပြဋ္ဌာန်းထားခြင်း မရှိကြောင်း
ဘဏ်လုပ်ငန်း ရှင်များက ပြောသည်။ ထို့ပြင် ဘဏ်များက အိမ်ရာဝယ်ယူသူများကို နှစ်
၃၀ နှစ်ရှည်အရစ်ကျစနစ် ဖြင့် ချေးပေးနိုင်စေရန် အစိုးရ၏ ငွေကြေး ဆိုင်ရာ အကူအညီများလည်း
လိုအပ်ကြောင်း သမဝါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်