ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့ ပတ်ပတ်လည်တွင် တန်ဖိုးသင့်၊ တန်ဖိုးနည်း
တိုက်ခန်းများ အကောင်အထည်ဖော်ရန် စီစဉ်နေရာ အဆိုပါစီမံကိန်းများအတွက်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း ပါ၀င်နိုင်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြီးခဲ့သည့်အပတ်တွင် ပြောခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လည်း အဆိုပါတိုင်းဒေသကြီးအစိုးရ၏ ဖိတ်ခေါ်မှုကို
လက်ခံမည်ဖြစ်ပြီး လုပ်ငန်းရှင် များအနေဖြင့် ရန်ကုန်မြို့နေ ၀င်ငွေနည်း ပြည်သူများအတွက်
တန်ဖိုးနည်း တိုက်ခန်း များ တည်ဆောက်မှုတွင် ပူးပေါင်းပါ၀င် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေး က မြန်မာတိုင်း(မ်)ကို ပြောသည်။
"၀န်ကြီးချုပ်က ပူးပေါင်းပါ၀င်ဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေဘက်
ကလည်း တန်ဖိုးနည်း၊ တန်ဖိုးသင့်တွေ ပူးပေါင်းလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ၀င်ငွေနည်း
ပြည်သူတွေအတွက် တန်ဖိုးနည်း တိုက်ခန်း တွေ ထွက်လာဖို့ အစိုးရနဲ့ ၀ိုင်းဆောင်ရွက်တဲ့
သဘောပါပဲ။ အလကား လုပ်မပေးနိုင်တော့ အမြတ်အစွန်းမပါဘဲ လုပ်ပေးရမယ့် သဘောပါ"ဟု
၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယင်းကဲ့သို့ တိုင်ဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်မြို့ အရှေ့၊ အနောက်၊ တောင်၊မြောက်
ပတ်ပတ်လည်တွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းတိုက်ခန်းများ အကောင်အထည်ဖော်ပါက
အစိုးရက မြေစိုက်ထုတ်ပြီး လုပ်ငန်း ရှင်များအနေဖြင့် ပြည်သူများ ၀ယ်ယူနိုင်မည့်
တန်ဖိုးအထိ ရှိနိုင်မည့် တိုက်ခန်းများကို အကျိုးအမြတ် အဓိကမထားဘဲ ဆောက်လုပ်
ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အစိုးရကတော့ မြေရှိတာဆိုတော့ မြေကို အစိုးရက စိုက်ရမယ်။ လုပ်ငန်းရှင်တွေကတော့
တန်ဖိုးနည်းအိမ်ရာကို အကျိုးအမြတ် ကို အဓိကမထားဘဲ ဆောက်ပေးရမှာပေါ့။ ၀င်ငွေနည်း
ပြည်သူတွေအတွက် တန်ဖိုး သက်သာဖို့အတွက် အလုပ်သမားခတော့ ကိုယ့်ဘက်က
အကျိုးအမြတ်တွေ အများကြီး ယူပြီးတော့ ဆောက်လို့မရတော့ဘူးပေ့ါနော်။ အစိုးရကလည်း
မြေပေးဆပ်ရမယ်။ လုပ်ငန်း ရှင်တွေဘက်ကလည်း လုပ်ငန်းပိုင်းဆိုင်ရာ တွေကို အကျိုးအမြတ်
အဓိကမထားဘဲ လုပ်ပေးရမှာ။ ဒါကတော့ နိုင်ငံ့အတွက် ၀ိုင်းလုပ်တာပါ"ဟု ဦးသာဌေးက ပြောသည်။
လက်ရှိအနေအထားတွင် ဆောက်လုပ်ရေး လုပ်ငန်းများမှာလည်း နှေးကွေးနေသည့် အတွက်
ယခုကဲ့သို့ အစိုးရက ၎င်းတို့၏ ဆောက်လုပ်ရေးစီမံကိန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန်
ကမ်းလှမ်းခြင်းသည် လုပ်ငန်းရှင်များအတွက် အခြေအနေကောင်း တစ်ခုဖြစ်ကြောင်း
ထွန်းဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးလားဇယ်က ပြောသည်။
"အစိုးရက သူတို့စီမံကိန်းတွေမှာ ဒီလို ၀င်ရောက်ပူးပေါင်းလုပ်ကိုင်ဖို့ ဖိတ်ခေါ်တယ် ဆိုတာ
လုပ်ငန်းရှင်တွေအတွက် သတင်း ကောင်းပါပဲ။ ဒါကတော့ အစိုးရအနေနဲ့ ကျွန်တော်တို့
လုပ်ငန်းရှင်တွေကို အလုပ်ပေး တာပေါ့နော်။ ဒီလို အလုပ်ပေးတော့ ဆောက် လုပ်ရေး
လုပ်ငန်းရှင်တွေအတွက် ကောင်းပါ တယ်။ ဘယ်မှာပဲပေးပေး လုပ်မှာပါ။ အများနဲ့
တရားမျှတတဲ့ ပုံစံယှဉ်ပြိုင်ပြီးတော့ ဒီလုပ်ငန်း တွေ လုပ်ကိုင်ရမှာပေါ့"ဟု ၎င်းက
ပြောသည်။
အဆိုပါ အစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုး သင့်တိုက်ခန်းစီမံကိန်းများ များစွာ အကောင်အထည်
ဖော်နိုင်ပါက ဆောက်လုပ်ရေးဈေးကွက် လည်ပတ်လာ ခြင်းထက် ယခုအလုပ်လက်မဲ့
ဖြစ်လျက်ရှိ သည့် ဆောက်လုပ်ရေးအလုပ်သမားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းဈေး ကွက်များမှာ ပြန်လည်ကောင်းမွန်လာမည် ဖြစ်ကြောင်း ဦးသာဌေးက ပြောသည်။
"အခု ဆောက်လုပ်ရေးလုပ်ငန်းနှေးကွေး နေတော့ အစိုးရရဲ့လုပ်ငန်းတွေ ပေါ်လာရင်
သေချာတာကတော့ အခုအလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေကတော့ အလုပ်ရ
ကြမယ်။ နောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ထဲမှာ ပါ၀င်ပတ်သက်နေတဲ့ အထူးသဖြင့်
ကျောက်တို့၊ သဲတို့၊ ဘိလပ်မြေတို့ အရောင်း အဝယ်တွေလည်း အထိုက်အလျောက်
ပြန်တက်လာမှာပါ"ဟု ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါ အစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများ တည်ဆောက်မည့်
စီမံကိန်း အစီအစဉ်များ အမှန်တကယ်ရှိပြီး လုပ်ငန်းရှင်များကို ပူးပေါင်းပါ၀င်ရန် ဖိတ်ခေါ်မည်
ဆိုပါက စီမံကိန်း အသေးစိတ်ကို ချပြပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်သင့်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲထွဋ်က ပြောသည်။ "အစိုးရက ဒီလိုအစီအစဉ်
ရှိတယ်ဆိုရင် ပါးစပ်ကနေ ဖိတ်ခေါ်နေတာထက် စီမံ ကိန်းအသေး စိတ်ကို ပွင့်လင်းမြင်သာစွာ
ချပြမယ်ဆို လုပ်ငန်းရှင်တွေကလည်း အဲဒီအပေါ်မှာ စဉ်းစားသုံးသပ်ပြီး ပါ၀င်ပူးပေါင်းနိုင်မယ်" ဟု
၎င်းက ပြောသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းက လက်ရှိတွင် ဆောက်လုပ်
ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ သန်လျင်မြို့နယ်တွင်
တန်ဖိုးနည်းအိမ်ရာများ တည်ဆောက် ရန် သဘောတူညီမှုများ ရယူပြီးဖြစ်ကြောင်း
သိရသည်။
"ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့တော့ ညှိနှိုင်းပြီးပါပြီ။ သူတို့ရထားတဲ့ ရန်ကုန်တိုင်း
သန်လျင်ဘက်က မြေတွေပေါ်မှာ ၀န်ကြီး ဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆောက်ဖို့ တော့
သေသေချာချာကမ်းလှမ်း ညှိနှိုင်းပြီး ပါပြီ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံပြီး
တိုက်ခန်းတွေဆောက်ဖို့ ညှိနှိုင်း သွားမှာပါ"ဟု ဦးသာဌေးက ပြောသည်။
၎င်းတို့သည် အဆိုပါ သန်လျင်မြို့နယ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မြေပေါ်တွင်
အကျယ် စတုရန်းပေ ၄၀၀ ခန့် ရှိပြီး ကျပ်သိန်း ၁၀၀ တန်ဖိုးခန့်ရှိမည့် တန်ဖိုးနည်းတိုက်ခန်း
များကို ဆောက်လုပ်ရန် မျှော်မှန်းထားပြီး လာမည့်နှစ် အစောပိုင်း တွင် စတင်ဆောက်လုပ်နိုင်ရန်
စီစဉ်ထား ကြောင်း သိရသည်။
















