ငွေကြေးမလုံလောက်၍ ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းသစ်များ ဆောက်လုပ်မှုရပ်ဆိုင်း

ငွေကြေးမလုံလောက်၍ ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းသစ်များ ဆောက်လုပ်မှုရပ်ဆိုင်း

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း နိုင်ငံပိုင် မြေနေရာပေါ်တွင် တည်ဆောက်လျက်ရှိ သည့်
ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှာ ငွေကြေးအင်အား မလုံလောက်သည့်
အတွက် အဆောက်အအုံ သစ်များ ထပ်မံဆောက်လုပ်မှုကို ရပ်ဆိုင်း ထားရကြောင်း
ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးမင်းထိန်က ဒီဇင်ဘာ ၆ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဧရာဝဏ် အိမ်ရာစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရမယ့်ပမာဏက ကျပ် ဘီလျံ ၆၀၀ ကျော်လောက်
ရှိတယ်။ ဘီလျံ ၆၀၀ ကျော်ဆိုတဲ့ ငွေပမာဏက အရမ်းကြီးတဲ့ အတွက် လတ်တလော
အပြည့်အစုံလိုက် လုပ်ဖို့ဆိုတာ ငွေကြေးအင်အားပမာဏကလည်း မလုံလောက်ဘူး။
ဌာနအနေနဲ့လည်း လောလောဆယ်မှာ တန်ဖိုးနည်းအိမ်ရာကိုပဲ ဦးစားပေးနေရလို့
တန်ဖိုးမျှတအိမ်ရာ ဘက်ကို ဦးစားမပေးနိုင်သေးဘူး။ ၁၈ ထပ် ချည်းပဲ ၄၉ လုံးတောင်ဆိုတော့
ငွေအင်အား နည်းတာကြောင့် ရပ်သွားတာဖြစ်တယ်။ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက
အရမ်းများ တယ်။ ငွေကြေးအင်အားကြောင့် ထပ် ဆောက်ရမယ့်လုပ်ငန်းတွေ
ရပ်ဆိုင်းသွားတာဖြစ်တယ်"ဟု ၎င်းက ပြောသည်။

ယင်းတန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းများ၊
စာသင်ကျောင်းများ၊ ရေဆိုးထုတ် စနစ်များ၊ ဈေးများနှင့် အများပြည်သူ သယ်ယူပို့ဆောင်နိုင်မည့်
ဘတ်စ်ကားလိုင်း များနှင့် အိမ်ရာ နေထိုင်သူများအတွက် အပန်းဖြေနိုင်မည့် ပန်းခြံများပါ
တစ်ပါ တည်း ထည့်သွင်းတည်ဆောက်နေသည်။ ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာ
စီမံကိန်းတစ်ခုလုံးအတွက် မြန်မာကျပ်ငွေ ၆၀၀ ဘီလျံခန့် ကုန်ကျနိုင်ကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

၁၈ ထပ်အမြင့် တိုက်အလုံးရေ ၄၉ လုံး ပါ၀င်ပြီး အခန်းပေါင်း ၁၉,၆၀၀ ထွက်ရှိမည့်
ယင်းတန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ယခင် အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၂ ခုနှစ်မှ
စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိက
ဆောက်လုပ်ရေးကုမ္ပဏီများ ပူးတွဲကာ ဆောက်လုပ်နေခြင်းဖြစ်သည်။

ယင်းစီမံ ကိန်းကို အပိုင်း ခုနစ်ပိုင်းခွဲကာ ဆောင်ရွက် နေခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ်
တိုက် အလုံးရေ ၁၁ လုံးမှ တိုက်ခန်းပေါင်း ၆,၀၀၀ ကျော်ကို ဒီဇင်ဘာလအတွင်း အပြီးသတ်
တည်ဆောက်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကာ ၂၀၁၇ ခုနှစ်၊ မတ်လတွင် လူနေထိုင်ခွင့်
ရရှိနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

"ဆက်လက်အလုပ်လုပ်နိုင်ဖို့အတွက် နည်းလမ်းလေး ပြောင်းလိုက်တယ်။ ၄၉ လုံး ကို တစ်ပြိုင်တည်းဆောက်မယ်ဆိုရင် ငွေကြေးအရင်းအနှီးကလည်း အခက်အခဲရှိ တယ်။
အခုတော့ ဖြစ်နိုင်တဲ့အပိုင်းလေးတစ်ခုကိုပဲ အရင်အကောင်အထည်ဖော်နေ ရတယ်။
ဒီအပိုင်းမှာပါတဲ့ ၁၈ ထပ်က အခန်း တွေကိုတော့ လာမည့်ဒီဇင်ဘာ နောက်ဆုံး ပတ်ဆိုရင်
အကြမ်းထည်ပြီးအောင် လုပ်သွား မှာဖြစ်သလို မတ်လမှာ လူနေထိုင်ခွင့်ရတဲ့
အဆင့်ထိရောက်အောင် စီစဉ်ထားတယ်။ အရောင်းပြပွဲလုပ်ပြီးတာနဲ့ အများပြည်သူကို
ထုတ်ရောင်းလိုက်ရင် နိုင်ငံတော်က စိုက် ထုတ်ထားတဲ့ ငွေကြေးတွေလည်း အတိုင်း
အတာတစ်ခုအထိ ငွေပြန်ဝင်လာမယ်။ ဒါဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကျန်တာ
အလုပ်ဆက်လုပ်လို့ရပြီ။ ဒီနည်းလမ်းလေး တော့ ပြောင်းလုပ်သွားမယ်"ဟု ၎င်းက
ပြောသည်။

စတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် အခန်း များဖြစ်ကြပြီး အထပ်မြင့် နည်းပညာများသုံးကာ ဆောက်လုပ်ရသည့်အတွက် ဆောက်လုပ်ရေးကုန်ကျစရိတ်အဖြစ်
တစ်ပေပတ်လည်လျှင် ကျပ် တစ်သိန်းတစ်သောင်းမှ တစ်သိန်းနှစ်သောင်းခန့် ကုန်ကျမှုများ
ရှိနေသည်။

အခန်းတစ်ခန်းလျှင် ကျပ် သိန်း ၆၀၀ ကျော်မှ သိန်း ရ၀၀ အကြား ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။

ပထမအဆင့် ဆောက်လုပ်နေသည့် တိုက်ခန်းများကို ဆောက်လုပ်ရေးနှင့် အိမ် ရာဖွံ့ဖြိုးရေးဘဏ်နှင့်
ချိတ်ဆက်ကာ တိုက် ခန်းတန်ဖိုး၏ ပထမအရစ် ၃၀ ရာခိုင်နှုန်း ကို ကနဦးပေးသွင်းစေကာ ကျန်သည့်
ရ၀ ရာခိုင်နှုန်းကို ရှစ်နှစ်မှ ၁၅ နှစ်အတွင်း အရစ်ကျပေးချေနိုင်သည့်စနစ်ဖြင့် ရောင်းချသွားရန်
လုပ်ဆောင်သွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်
ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က
ပြောသည်။

အထပ်မြင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်း ဖြစ်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်း
ပတ်ဝန်းကျင်တွင် ကျပ်သိန်း ၁၀၀ ကျော်သာ တန်ကြေးရှိသည့် ယုဇနနှင့် ကနောင်
တန်ဖိုးနည်းအိမ်ရာစီမံကိန်များ တည်ရှိနေခြင်း၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်း နှင့်
တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကြား တွင် ဈေးနှုန်းကွာဟချက် ကြီးမားခြင်း၊ မြို့ပြင်
ဧရိယာများတွင် ယင်းအိမ်ရာစီမံကိန်းကို ဆောက်လုပ်ထားခြင်း၊ လစဉ်ပေးချေရမည့်
အိမ်ရာပြုပြင်ထိန်းသိမ်းစရိတ်များကြောင့် ယင်းစီမံကိန်းများကို ၀ယ်ယူသူများ စိတ်ပါ
၀င်စားမှု နည်းပါးနိုင်ကြောင်း ယုဇနဥယျဉ် မြို့တော်မှ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း
လုပ်ကိုင်သူ ဦးသန်းမြင့်က ပြောသည်။

"သိန်း ၆၀၀ ဆိုတဲ့ ငွေပမာဏက ရန်ကုန် မြို့ထဲမှာတောင် အလယ်အလတ်ကွန်ဒို
တချို့ကို ၀ယ်လို့ရနိုင်တယ်။ သူကနေ လှမ်းမြင် နေရတဲ့ ကျွန်တော်တို့ ယုဇနမှာဆိုရင်တောင်
သိန်း ၁၅၀ လောက်ဆိုရင် အခန်းက ၀ယ်လို့ ရနေပြီ။ ရောင်းဈေးကလည်းများတယ်" ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်