ရန်ကုန်မြို့တွင် စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ရောင်းချလျက်
ရှိသည့် ဈေးစုစုပေါင်း ၁၇၆ ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ၎င်းတို့ ငါးနှစ်သက်တမ်း
အတွင်း အဆင့်မြှင့်တင်မည်ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ဒီအစိုးရသက်တမ်း အတွင်းမှာ ဈေးအားလုံးကို ပြန်ပြီး အဆင့်မြှင့်တင်မှာပါ။
ဈေးပေါင်း ၁၇၆ ဈေးရှိပါတယ်။ အားလုံးကို အဆင့်မြှင့်တင်ပေးပြီးတော့ ကားပါကင်တွေ
ဟော်ကာစင်တာလို ဈေးရုံ ကြီးတွေကိုလည်း ထည့်ဆောက်သွားပါမယ်။
လမ်းဘေးဈေးသည်တွေလည်း အဲဒီဟော်ကာ စင်တာတွေထဲမှာ ရောင်းချခွင့်တွေ
ပေးသွား ပါမယ်"ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် ဈေးများ ကို ပြန်လည်အဆင့်မြှင့်တင်မှု ပြုလုပ်ရာတွင်
တစ်ကြိမ်ပြင်ဆင်ပါက ဈေးအရေအတွက် ၂၀ ကို ပြင်ဆင်မည်ဖြစ်ပြီး ဟော်ကာစင်တာများ
ကိုလည်း ဈေးများအဆင့်မြှင့်တင်ခြင်းနှင့် အတူ ထည့်သွင်း တည်ဆောက်ပေးမည်ဟု
၎င်းက ပြောသည်။
"၀န်ကြီးချုပ် ပြောသလို ဟော်ကာစင်တာတွေကို ဖော်ထုတ်ပေးဖို့ရှိပါတယ်။ အဲဒီဟော်ကာ
စင်တာတွေမှာလည်း ဒီဈေးသည်တွေကို စနစ်တကျရောင်းဖို့ စီစဉ်ပေးဖို့ရှိပါတယ်။
သိမ်ကြီးဈေးပတ်ဝန်းကျင်မှာ ကျွန်မတို့ အဲဒီပတ်ဝန်းကျင်မှာ ကျွန်မတို့ ဖန်တီးပေးဖို့
အစီအစဉ်ရှိပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး
ဒေါ်လှိုင်မော်ဦးက ပြောသည်။
ထို့ပြင် မင်္ဂလာဈေးနေရာကို မကြာခင်တွင် ပြန်လည်အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ပြီး
အဆိုပါ အဆင့်မြှင့်တင်မှုနှင့်အတူ ဟော်ကာစင်တာ၊ ကားပါကင်နေရာများနှင့် စီးပွားဖြစ်
အဆောက်အအုံများကိုပါ ထည့်သွင်း တည်ဆောက်ပေးမည်ဟု ၎င်းက ပြောသည်။
"မကြာမီမှာလည်း ကျွန်မတို့ ပြန်ပြီးတော့ အဆင့်မြှင့်တင် ပေးသွားမှာပါ။ ဟော်ကာ
စင်တာတွေ၊ ကားပါကင် နေရာတွေ၊ စီးပွားဖြစ် အဆောက်အအုံတွေပါ၀င်တဲ့ ဒီဇိုင်း
competition ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံဗိသုကာအသင်းနဲ့ စီစဉ်ထားပြီးပါပြီ။
ဒီနှစ်မကုန်ခင်မှာ အဲဒီအစီအစဉ်ကို လုပ်မှာဖြစ်ပါတယ်" ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။
လက်ရှိတွင်လည်း ရန်ကုန်မြို့လယ် လမ်းမများနှင့် လမ်းသွယ်များရှိ လမ်းဘေးဈေးသည် ၁,၆၀၀ ကျော်ကို
တရားဝင် ဈေးရောင်းချခွင့် လက်မှတ်များ ထုတ်ပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က
လုပ်ဆောင်ပေးထားသည့် ကမ်းနားလမ်း ညဈေးတန်းတွင် တရားဝင် ရောင်းချခွင့်ပေးခြင်းဖြင့်
ဈေးသည်များကို စနစ်တကျဖြစ်စေရန် စီစဉ်ခဲ့သည်။
ကျန်ရှိနေသေးသည့် လမ်းဘေးဈေးသည်များကိုလည်း တရားဝင်ဈေးရောင်းချနိုင်ရန်အတွက်
အစိုးရက ဖော်ဆောင်သွားမည့် အဆိုပါ ဟော်ကာစင်တာ (ဈေးသည်များ စုဝေးရောင်းချနိုင်မည့်
အဆောက်အအုံ)များ တွင် နေရာပေးမည်ဖြစ်သလို ကားအဝင် အထွက်၊ လူအသွားအလာနည်း
သည့် ရန်ကုန် မြို့လယ်က လမ်းသွယ်များတွင်လည်း ဈေး တန်းများ ပြုလုပ်ပေးကာ ရောင်းချခွင့်ပေးရန်
စီစဉ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။















