တိုက်ခန်းရောင်းဝယ်မှုများအတွက် တိုက်ခန်းအိမ်ရာဥပဒေ ပြဋ္ဌာန်းပေးရန်လို

တိုက်ခန်းရောင်းဝယ်မှုများအတွက် တိုက်ခန်းအိမ်ရာဥပဒေ ပြဋ္ဌာန်းပေးရန်လို

တိုက်ခန်း အရောင်းအဝယ်ဈေးကွက်တွင် ပိုင်ဆိုင်မှု ပိုမိုခိုင်မာကြောင်း ပြသနိုင်ရန်အတွက်
တိုက်ခန်းအမျိုးအစားအားလုံးနှင့် ဆိုင်သော ဥပဒေတစ်ခု ပြဋ္ဌာန်းရန် လိုအပ်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာပြီး အထပ်မြင့်တိုက်များ ဆောက်လုပ်
လာကြသည်မှာ ဆယ်စုနှစ်နှစ်ခုကျော် ရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ တိုက်ခန်း
များအတွက် တိကျသော ဥပဒေမရှိ သေးကြောင်း အာရှဆောက်လုပ်ရေး လုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

ယခုနှစ် ဇန်နဝါရီလတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး ယခုလ
အတွင်း နည်းဥပဒေထွက်ရှိမည့် ကွန်ဒိုမီနီ ယံဥပဒေမှာ ကွန်ဒိုအဆောက်အအုံများ
အတွက်သာ သီးသန့်ဖြစ်သောကြောင့် တိုက် ခန်းများအားလုံးကို ကိုယ်စားပြုမည့်
တိုက်ခန်းအိမ်ရာဥပဒေတစ်ခု လိုအပ်ကြောင်း ၎င်းက ပြောသည်။

"ရန်ကုန်မှာ ကွန်ဒိုအဆောက်အအုံက လက်ချိုးရေလို့ရတဲ့ အနေအထားမှာ ရှိနေတယ်။
၁၉၉၀ နောက်ပိုင်းကတည်းက တိုက် တွေဆောက်လာကြပြီး ကန်ထရိုက်တိုက်တွေလည်း
ဆောက်လုပ်တာ များလာကြတယ်ဆို တော့ တဖြည်းဖြည်းနဲ့ တိုက်ခန်းတွေလည်း
များလာပြီ။ တိုက်ခန်းတွေအားလုံးနဲ့ အကျုံး ၀င်မယ့် အိမ်ရာဥပဒေတစ်ခု ပြဋ္ဌာန်းပေးဖို့
လိုအပ်နေပါပြီ"ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တိုက်ခန်းဝယ်ယူသူများ အနေဖြင့် တိုက်ခန်းဝယ်ယူရာတွင် မြေ ရှင်နှင့်
အရပ်စာချုပ်သာ ချုပ်ထားရပြီး တိုက်ခန်းကို ပြန်လည်ရောင်းဝယ် ပြုလုပ်ရာ တွင်လည်း
မြေရှင်က လက်မှတ်ထိုးပေးရန် လိုအပ်ကြောင်း ဦးရန်အောင်က ပြောသည်။

"တိုက်ခန်းအရောင်းအဝယ်လုပ်ရင် တောင် မြေရှင်မှာပဲ ဂရန်ရှိလို့ မြေရှင်ရဲ့လက်မှတ်
လိုအပ်ပြီး မြေရှင်ကို တိုက်ခန်းခရဲ့ တစ်ရာခိုင်နှုန်းပေးရတယ်။ တကယ်လို့သာ
တိုက်ခန်းတွေအားလုံးနဲ့ တိုက်ရိုက်သက်ဆိုင် မယ့် တိုက်ခန်းအိမ်ရာ ဥပဒေသာရှိလာခဲ့
မယ်ဆိုရင် တိုက်ခန်းရောင်းဝယ်လုပ်ဖို့ မြေရှင်နဲ့ မဆိုင်တော့ဘဲ တိုက်ခန်းပိုင်ရှင်
တစ်ယောက်အနေနဲ့ ရောင်းဝယ်လုပ်နိုင်မှာပါ"ဟု ၎င်းက ပြောသည်။

မြေကွက်ဝယ်ယူသူများအနေဖြင့် မြေ ဂရန်စာချုပ်ကို အာမခံထားခြင်း၊ ဘဏ်များတွင်
အပေါင်ထားခြင်းများ ပြုလုပ်နိုင်သော် လည်း တိုက်ခန်းဝယ်ယူသူများအနေဖြင့်
တိုက်ခန်းစာချုပ်ကို ထိုကဲ့သို့ အသုံးမပြုနိုင် သောကြောင့် ပိုင်ဆိုင်မှု ပိုမိုခိုင်မာစေရန်
ဥပဒေလိုအပ်ကြောင်း ၎င်းက ပြောသည်။

"တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ မြေပိုင်ဆိုင် သူတွေလိုပဲ တိုက်ခန်းစာချုပ်ကို ဘဏ်တွေမှာ
အပေါင်ထားတာတွေ၊ အာမခံထားတာတွေ လုပ်လို့ရဖို့ တိုက်ခန်းအိမ်ရာဥပဒေတစ်ခု
လိုအပ်ပါတယ်။ တိုက်ခန်းစာချုပ်တွေက လည်း မြေစာချုပ်တွေလိုပဲ ခိုင်မာမှုရှိမှ ရင်းနှီးမြှုပ်နှံ
သူတွေက တိုက်ခန်းတွေကို ပိုဝယ်ယူလာကြမှာဖြစ်ပြီး တိုက်ခန်းအရောင်း ဈေးကွက်
ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်" ဟု ဦးရန်အောင်က ပြောသည်။

တိုက်ခန်းများအားလုံးကို ကိုယ်စားပြုမည့် တိုက်ခန်းအိမ်ရာဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းရန်
လိုအပ်နေပြီး လက်ရှိအချိန်တွင် ကွန်ဒို မီနီယံဥပဒေ၏ နည်းဥပဒေတွင် တိုက်ခန်းများ
အားလုံးအတွက် ကိုယ်စားပြုသော နည်းဥပဒေများ ပါ၀င်မလားကို စောင့်ကြည့်ရန် လိုအပ်
ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက
ပြောသည်။

"ကွန်ဒိုဥပဒေနဲ့ တိုက်ခန်းဥပဒေက နည်းနည်းရောထွေးပြီး ရှုပ်နေတယ်။ တိုက်ခန်းတွေ
အားလုံးကို ကိုယ်စားပြုမယ့် ဥပဒေ တစ်ခုကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ လိုအပ် နေပါတယ်။
ကွန်ဒိုဥပဒေမှာ တိုက်ခန်းတွေအားလုံးကို ကိုယ်စားပြုတဲ့ နည်းဥပဒေတွေ ပါမလား၊
ဒါမှမဟုတ် ဥပဒေအသစ်တစ်ခု လိုမလားဆိုတာသိဖို့ ဒီလထဲမှာ ထွက်မယ့် ကွန်ဒိုဥပဒေကို
အရင်စောင့်ကြည့်ရပါမယ်"ဟု ၎င်းက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
ဆောက်လုပ်သော တိုက်ခန်းများအတွက် ပိုင်ရှင် စာအုပ်များ သီးသန့်ထုတ်ပေးသော်လည်း
ကျန်တိုက်ခန်းများအားလုံးမှာ မြေရှင်တစ်ဦး တွင်သာ စာချုပ်ရှိပြီး ကျန်တိုက်ခန်းဝယ်ယူသူ
များအတွက် အရပ်စာချုပ်ကိုသာ အသုံးပြုနေ ရဆဲဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

ယခုချိန်တွင်တိုက်ခန်းအိမ်ရာများအား လုံးကို ကိုယ်စားပြုသော ဥပဒေကို ရေးဆွဲနေ
ခြင်းမရှိသေးကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးဝင်းနိုင်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်