ဆောက်လုပ်ရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရန် ပိုမိုခက်ခဲလာ

ဆောက်လုပ်ရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရန် ပိုမိုခက်ခဲလာ

အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်များ အရောင်းအဝယ်ထိုင်းမှိုင်းမှု ကြာရှည်လာ ခြင်းနှင့်
အတူ ဆောက်လုပ်ရေးလုပ်ငန်းများ အပေါ် ဘဏ်များ၏ယုံကြည်မှု လျော့နည်းကျဆင်းလာသည့်
အတွက် လုပ်ငန်းရှင်များ လိုအပ်သည့် ဘဏ်ချေးငွေများ ရယူရာတွင် ယခင်ကထက်
ပိုမိုခက်ခဲလာကြောင်း ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှ
သတင်းရရှိသည်။

"ဆောက်လုပ်ရေးလုပ်ငန်းတွေက ခေတ်သိပ်မကောင်းလို့ ဘဏ်တွေဘက်က ဆောက်လုပ်ရေး
ဘက်ကို သိပ်ငွေမချေးချင်တော့ဘူး။ လောလောဆယ် ဈေးကွက်အနေအထား အရလည်း
သူတို့အတွက် သိပ်မသေချာဘူး။ ဘဏ်ဘက်ကလည်း သူချေးလိုက်တဲ့ ပိုက်ဆံ ပြန်မရရင်ဘဏ် Crises  ဖြစ်မှာလည်းစိုးကြတယ်။ ချေးလက်စ ချေးငွေဆိုရင်တော့
ချေးကြပါတယ်၊ အသစ်ဆိုရင်တော့ သိပ်မချေး ချင်ကြဘူး"ဟု ပြည်တွင်းဆောက်လုပ်ရေး
လုပ်ငန်းရှင် MKT ဦးမျိုးမြင့်က ပြောသည်။ ရပ်နားထားခဲ့သည့် အထပ်မြင့် အဆောက်
အအုံစီမံကိန်းများနှင့် အထပ်နိမ့် စီမံကိန်း များကို နိုင်ငံတော်က ပြန်လည်ခွင့်ပြုလိုက်ပြီ
ဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ လုပ်ငန်းပြန်လည်အရှိန်ယူ စတင်နိုင်ရန်
ဘဏ်ချေးငွေများ လိုအပ်လျက်ရှိသည်။ သို့သော် အမေရိကန်ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ
လဲလှယ်မှုနှုန်းထားများ မြင့်တက် လာနေခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ
ဈေးကွက်အေးနေခြင်း၊ ပြည်တွင်းစီးပွားရေး ကျဆင်းနေခြင်းနှင့် ဆောက်လုပ်ရေး
လုပ်ငန်း များ ပြန်လည်ရှင်သန်နိုင်ရန် အားယူနေရ သည့် အချိန်ကာလတစ်ခု
ဖြစ်သည့်အတွက် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပုံမှန်ဈေးကွက်
အခြေအနေတစ်ခုအဖြစ် ရောက်ရှိရန် အနည်းဆုံးနှစ်နှစ်ခန့် ကြာမြင့် နိုင်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင် များက ခန့်မှန်းထားသည်။

"ဈေးကွက်က ပျက်နေသလို ငွေဈေးက လည်း တက်နေတယ်။ ဆောက်လုပ်ရေး
လောကက အခြေအနေမကောင်းဘူး။ ပုဂ္ဂလိကဘဏ်တွေက ငွေမချေးဘူးဆိုရင် တောင်
အစိုးရဘဏ်တွေဘက်က ချေးပေးသင့်တယ်။ ဒါမှ လုပ်ငန်းတွေ ပြန်လည်တည့်မတ်နိုင်လိမ့်မယ်။
ပုံမှန်ဈေးကွက်အနေ အထားရောက်ဖို့ နှစ်နှစ်လောက် အချိန်ယူ ရမယ်။ Project loan
ပေးတာ အင်မတန် ရှားတယ်။ အပေါင်ပစ္စည်းယူပြီးမှ ငွေချေးကြ တာက အများဆုံးပဲ"ဟု
၎င်းက ပြောသည်။

မြေကို အပေါင်ပစ္စည်းအဖြစ် ရယူသည့် ဘဏ်များရှိသလို အချို့သောဘဏ်များ အနေဖြင့်
မြေသာမက ဆောက်လုပ်ထားပြီး သည့် အဆောက်အအုံများကိုပါ တန်ဖိုးဖြတ်ပြီး
သတ်မှတ်ရာခိုင်နှုန်းအလိုက် ချေးငွေများ ကို ထုတ်ချေးသည့် ဘဏ်များလည်းရှိနေသည်။

သို့သော် ဘဏ်တစ်ဘဏ်နှင့် တစ်ဘဏ် အကြားတွင် ကွဲပြားခြားနားသည့် စည်းမျဉ်း
စည်းကမ်းများ၊ မူဝါဒများကြောင့် ချေးငွေ ရရှိနိုင်သည့်ပမာဏများအပေါ်တွင် အနည်းငယ်
ကွဲလွဲမှုများ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း
တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

"ဘဏ်တွေကတော့ အပေါင်ပစ္စည်းခိုင်မာ မှုကိုလည်းကြည့်သလို လုပ်ငန်းကိုလည်းကြည့်
တယ်၊ နှစ်မျိုးကြည့်တယ်။ အပေါင်ပစ္စည်း ခိုင်မာရင် ခိုင်မာပေမဲ့ လုပ်ငန်းပိုင်းကျတော့
အခုချိန်က မခိုင်မာသလိုလေး ဖြစ်နေတယ်လို့ ထင်စရာရှိနေတယ်။ ဒါကြောင့် ဘဏ်တွေ
ဘက်က နည်းနည်းစကားပြောတာပဲ ဖြစ်လိမ့် မယ်"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ များအနေဖြင့် ဘဏ်ချေးငွေရယူရန် ပိုင်ဆိုင်မှုဆိုင်ရာ
အထောက်အထားများအပြင် အာမခံအဖြစ်ထားရှိနိုင်မည့် အပေါင်ပစ္စည်း များ၏ ခိုင်မာမှုနှင့်
ပတ်သက်ပြီး ဘဏ်သို့ တင်ပြရာတွင် အားနည်းချက်များ ရှိနေခြင်း၊ ခိုင်မာသည့် အပေါင်ပစ္စည်း
တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းရှင်များလည်း အများ အပြားတွေ့မြင်လာရခြင်းတို့ကြောင့်
ဘဏ် ဘက်ကလည်း လုပ်ငန်းရှင်များ လိုအပ်သည့် ချေးငွေများကို ထုတ်ချေးပေးနိုင်ခြင်းမရှိဘဲ
အဆင့်ဆင့် စိစစ်မှုများ ပြုလုပ်နေရခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်
ဒါရိုက်တာ ဦးတင်အောင်မြင့် က ပြောသည်။

"အခုက အပေါင်ပစ္စည်းကို မပေးနိုင်တဲ့ လူတွေများတယ်။ အပေါင်ပစ္စည်းအဖြစ်
မြေကြီးကိုလည်း ယူသလို ဘဏ်ဘက်ကနေ မလုံလောက်ဘူးယူဆရင် တခြား
ထပ်တောင်း တာတွေလည်း ရှိနိုင်တယ်။ ဘဏ်ရာဖြတ်က မြေတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို
ချေးပေးတာ ဖြစ်တယ်။ ဘဏ်အနေနဲ့ တွက်ရတာ ဈေးကွက် ဆိုတာထက် သေချာတာက
ကိုယ်ချေးငွေ မဆုံးရှူံးဖို့ကိုပဲ ပြန်ကြည့်ရတယ်"ဟု ၎င်းက ပြောသည်။

ဘဏ်များအနေဖြင့် လာရောက် ငွေချေး ငှားသူ၏ စိတ်ချရသည့် လုပ်ငန်းပမာဏ အပေါ်
မူတည်ကာ မြေတန်ဖိုး၏ ၃၀ ရာခိုင် နှုန်း သို့မဟုတ် ၃၅ ရာခိုင်နှုန်းကို ပုံမှန်
ထုတ်ချေးပေးလျက်ရှိကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်
အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောသည်။

"ဘဏ်တွေမှာ ပေါ်လစီအမျိုးမျိုးရှိပါ တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ငွေမချေးချင်ဘူး
ဆိုတဲ့ ပြဿနာက အရင်တုန်းက ကန်ထရိုက်လုပ်ငန်းတွေ မြတ်တယ်ဆိုပြီး အကုန်လုံး
၀င်လုပ်ကြခဲ့ကြလို့ ဆောက်လုပ် ရေးလုပ်ငန်းကြီးပျက်သွားတယ်။ ကြိုပွိုင့်တွေ
တစ်ယောက်နဲ့ တစ်ယောက် ၀ယ်ကြတယ်။ တိုက်ခန်းတွေကို တကယ်အရောင်း
အဝယ် ဖြစ်တဲ့ဈေးတွေ မဟုတ်တော့ဘဲ ပါးစပ်ပြော ဈေးနဲ့ ဈေးကွက်ကြီး
ပျက်သွားတယ်။ ကျွန်တော်တို့ဘဏ်ကတော့ ငွေချေးရင် စိတ်ချရတဲ့လူ၊ စိတ်ချရတဲ့
လုပ်ငန်းပမာဏ ကို ကြည့်ပြီးချေးတယ်၊ ဘဏ်ဆိုတာ ကိုယ် ချေးလိုက်တဲ့ပိုက်ဆံ
ပြန်ရဖို့လိုတဲ့အတွက် အသေးစိတ် စိစစ်ရတာဖြစ်တယ်"ဟု ၎င်းက ပြောသည်။

ဘဏ်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင် များသို့ ချေးငွေများ ထုတ်ချေးရာတွင်
စံသတ်မှတ်ချက် ခြောက်မျိုးဖြစ်သည့် (၁) ငွေချေး ယူမည့်သူ၏မတည်ရင်းနှီးငွေ
တောင့်တင်း ခိုင်မာမှုရှိမရှိ၊ (၂) ငွေချေးယူမည့်သူ၏ ရိုးသား မှု၊ (၃) ငွေချေးယူမည့်
သူ၏ ဂုဏ်သတင်း ကောင်းမကောင်း၊ (၄) ငွေချေးယူမည့် ပုဂ္ဂိုလ် ၏လုပ်ငန်း
အခြေအနေ ကောင်းမွန်မှုရှိမရှိ၊ (၅) ချေးယူသည့်ငွေများကို ပြန်လည်ပေးဆပ်
နိုင်သည့် စွမ်းအားရှိမရှိနှင့် အာမခံပစ္စည်း ခိုင်မာမှု ရှိမရှိ၊ (၆) ဘဏ်က
ချမှတ်ထားသည့် ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း
ရှိမရှိ အချက်များဖြင့်ချေးငွေများ ထုတ်ချေးနေခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်