ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်
ပွဲလမ်းသဘင်တွေ ဖန်တီးပေးပြီး အများပြည်သူ အပန်းဖြေအနားယူနိုင်၊ အသုံးပြုနိုင်တဲ့
နေရာတွေကို ရေတိုစနစ်နဲ့ လုပ်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။
ရန်ကုန်တိုင်းအစိုးရအနေနဲ့ကလည်း ရန်ကုန် မြို့ကို မြို့ပြမဟာဗျူဟာ စီမံကိန်းတွေနဲ့
ဖွံ့ဖြိုးတိုးတက်မှုတွေ စီစဉ်နေတဲ့နေရာမှာ အများပြည်သူသုံးနေရာတွေ၊ အပန်းဖြေနေရာတွေကို
ဦးစားပေး ထည့်သွင်းမယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာ တွေနဲ့
တွေ့ဆုံမှုတွေမှာ ပြောပါတယ်။
ဒီလို အစိုးရက အခမဲ့ဖန်တီးပေးတဲ့ ပျော်ပွဲရွှင်ပွဲတွေအပေါ် ပြည်သူတွေကလည်း
တပျော်တပါး ပါ၀င်ဆင်နွှဲကြတာတွေကို ကြည့်ရင် ရန်ကုန်မြို့နေ ပြည်သူတွေဟာ
လွတ်လွတ်လပ်လပ် အနားယူ အပန်းဖြေနိုင်မယ့် အများပြည်သူ အပန်းဖြေနေရာတွေကို
အခုထက် ပိုမိုမက်မောလိုအပ်နေတာကို သက်သေပြနေသလိုပါပဲ။
ဒီဇင်ဘာလအစောပိုင်းမှာ ပြင်သစ်ယဉ် ကျေးမှုဦးစီးဌာနနဲ့ ပူးပေါင်းပြီးလုပ်ဆောင်တဲ့
'မင်္ဂလာပါ'ပွဲတော်နဲ့ ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနဲ့
ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ 'သက်ဝင်လှုပ်ရှား ရန်ကုန်မြို့မှ လမ်းမများ' ပွဲတော်တွေက
ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ ထောက်ခံမှု၊ အားပေးမှု၊ ပါ၀င်ဆင်နွှဲမှုတွေကို အထူး
ရရှိခဲ့တဲ့ နမူနာပွဲတော်တွေပဲဖြစ်ပါတယ်။

အဲဒီထဲက 'သက်ဝင်လှုပ်ရှားရန်ကုန်မြို့မှ လမ်းမများ' ပွဲတော်ဟာ မဟာရန်ကုန်မြို့ပြ
စီမံကိန်း ၂၀၄၀ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မြို့ပြထိန်းချုပ်မှုစနစ်နဲ့ မြို့ပြပုံရိပ်များ စီမံ
ခန့်ခွဲမှု အခန်းကဏ္ဍအတွက် နမူနာဆောင် ရွက်ခြင်းဖြစ်ပြီး အများပြည်သူလက်ခံမှု
ရရှိ ပါက ရေရှည်စီမံကိန်းအနေဖြင့် ရန်ကုန်မြို့ရဲ့ ကားအဝင်အထွက်နည်းပါးတဲ့
လမ်းတွေမှာ အများပြည်သူ အသုံးပြုနိုင်မယ့်နေရာတွေ ဖြစ်အောင် လုပ်ဆောင်
သွားမယ်လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့ ၀င် ဒေါ်သန်းမြင့်အောင်က
ပြောပါတယ်။
အများပြည်သူအပန်းဖြေနိုင်မယ့် နေရာတွေဆိုတာ အပန်းဖြေဖို့နဲ့ အားကစားလုပ် ဆောင်ဖို့
နေရာတွေ၊ ဖျော်ဖြေရေးဆိုင်ရာ၊ ပညာပေးဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသုံးပြုနိုင်မယ့်
အဆောက်အအုံနေရာတွေဟာ အများပြည်သူ ဘယ်သူမဆို အားလုံးဝင်ထွက်သွားလာနိုင်ခွင့်
ရှိရမှာဖြစ်ပြီး အဲဒီလိုနေရာတွေ ရန်ကုန်မြို့မှာ များများရှိနေဖို့ လိုအပ်တဲ့အကြောင်း
မြို့ပြပညာရှင်တွေက အမြဲပြောလေ့ရှိပါတယ်။
အများပိုင်နေရာတွေ ဘာကြောင့်လိုအပ်တာလဲ
ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားနေတဲ့ မြို့ပြတစ်ခုအနေနဲ့ အဲဒီမြို့မှာ နေထိုင်မယ့်
ပြည်သူတွေဟာ ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်မှုကို ရရှိဖို့လည်း လိုအပ်
ပါတယ်။
အထူးသဖြင့် ရန်ကုန်မြို့မှာ နေ့စဉ်ရင်ဆိုင်နေရတဲ့ မြို့ပြအခက်အခဲတွေဖြစ်တဲ့
ကားပိတ်ဆို့မှု၊ မသန့်ရှင်းမှု၊ အခြေခံအဆောက်အအုံ အားနည်းမှု စတဲ့အရာတွေကြောင့်
မွန်းကျပ် ပိတ်လှောင်မှုတွေက မသိမသာ နေ့စဉ်အမြဲကြံုတွေ့နေရပါတယ်။
ဒါကြောင့် အများပိုင်နေရာတွေ ရန်ကုန် မြို့အနှံ့မှာ အမြောက်အမြားရှိမယ်ဆိုရင်
မြို့နေပြည်သူတွေအတွက် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နိုင်တာတွေ၊ လွတ်လွတ်
လပ်လပ် အပန်းဖြေအနားယူနိုင်တာတွေ၊ အနုပညာပွဲနဲ့ ဖျော်ဖြေပွဲတွေမှာ ပျော်ပျော်
ရွှင်ရွင် ၀င်ရောက်ပါ၀င်ဆင်နွှဲနိုင်တာတွေ ရှိလာမှာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့
စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေလည်း တစ်ဖက်က
တိုးတက်လာနိုင်တယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့ရဲ့ ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာ မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အများပိုင်ပန်းခြံ၊ အပန်းဖြေဥယျာဉ်နဲ့ အားကစား ကွင်းတွေ ဘယ်လို
အဆင့်မြှင့်တင်မလဲ
ရန်ကုန်မြို့မှာ အများပြည်သူ အသုံးပြုနိုင် တဲ့ ပန်းဥယျာဉ် ဧက ၁,၅၀၀ ခန့်ရှိတယ်လို့
ဌာနဆိုင်ရာ သတင်းအချက်အလက်တွေအရ သိရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ စစ်အစိုးရ
အုပ်ချုပ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် အဆက်ဆက်မှာ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီအောက်က ပန်းဥယျာဉ် တွေဟာ လူတိုင်း
အသုံးပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ပန်းခြံတွေကို အပန်းဖြေချင်စဖွယ်ဖြစ်အောင်
ပြုပြင်ထိန်းသိမ်းမှု နည်းပါးတာတွေ အပြင် ပန်းခြံတွေထဲကို ၀င်ရောက်နိုင်ဖို့ဟာ
အခမဲ့မဟုတ်ဘဲ ၀င်ကြေးတွေနဲ့ ကောက်ခံ ခဲ့ခြင်းတွေ ရှိခဲ့တာမို့ အဲဒီပန်းခြံတွေကို
ပြည်သူတွေက အများပိုင်နေရာတွေအဖြစ် အသုံးပြုခွင့် နည်းပါးခဲ့ရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ရန်ကုန်မြို့ရဲ့ ပန်းခြံတွေ၊ ကစားကွင်းတွေနဲ့
အပန်းဖြေဥယျာဉ်တချို့ဟာ ပုံစံပြောင်းလဲခဲ့ပြီး ပြည်သူတွေကို လွတ်လပ်စွာ
အသုံးချ ခွင့်ပေးလာတာကို စတင်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကစလို့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီ၊ ပန်း ဥယျာဉ်နှင့် အားကစားကွင်း ထိန်းသိမ်းရေး
ဌာနက ပန်းခြံပေါင်း ၂၃ ခုကို ပြင်ဆင် မွမ်းမံခဲ့ပါတယ်။ ယခင်အစိုရရဲ့ ပြန်လည်ပြင်ဆင်
မှုတွေထဲမှာ ရန်ကုန်မြို့လယ်ကောင်က မဟာဗန္ဓုလ ပန်းခြံကို ပြန်ပြင်ဆင်ခဲ့ပြီး အခမဲ့
၀င်ခွင့်ပေးခဲ့တာဟာ ရန်ကုန်မြို့နေပြည်သူတွေရဲ့ ကျေနပ်မှုနဲ့ ပြည်သူတွေရဲ့ အပြည့်အဝ
အသုံးချမှုကို ရရှိခဲ့ပါတယ်။ ဒီနှစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာလည်း စည်ပင်သာယာရေးကော်မတီက
ငွေကျပ် နှစ်ဘီလျံကျော်သုံးစွဲပြီး ပန်းခြံသုံးခုနဲ့ ဘောလုံးကွင်း ကိုးခုတို့ကို အဆင့်မြှင့်တင်
သွားမယ်လို့ ပန်းဥယျာဉ်နှင့် အားကစားကွင်း ထိန်းသိမ်းရေးဌာနက ပြီးခဲ့တဲ့ မေလမှာ
သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်း
စည်ပင်သာယာက ကိုင်တွယ်နေတဲ့ ပန်းခြံပေါင်း ၆၃ ခုရှိပြီး အားကစားကွင်း ၁၀၀ ခန့်ရှိပါတယ်။
ဒါပေမဲ့ ပန်းခြံတိုင်း၊ ဥယျာဉ်တိုင်းနဲ့ အားကစားကွင်း တိုင်းကတော့ ပြည်သူတိုင်း အပြည့်အဝ
အကျိုးခံစားခွင့်တွေ မရရှိသေးပါဘူး။ အထူးသဖြင့် တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်၊
ကန်တော်ကြီးဥယျာဉ်နဲ့ မြကျွန်းသာ စတဲ့ ပုဂ္ဂလိက အကျိုးစီးပွားလုပ်ငန်းတွေရှိတဲ့
နေရာတွေကြောင့် အများပိုင်နေရာတွေက ရရှိသင့်တာထက် လျော့နည်းခဲ့ရတယ်လို
YHT က ထောက်ပြထားပါတယ်။
အဲဒါကြောင့် ရန်ကုန်မြို့က လက်ရှိအများပိုင်ပန်းခြံအားလုံးကို ဆက်လက် ကာကွယ်ပြီး
နောက်ထပ် ပန်းခြံ၊ ပန်းဥယျာဉ်အသစ်တွေကိုလည်း အစိုးရပိုင် လစ်လပ်တဲ့ နေရာတွေမှာ
ဦးစားပေး လုပ်ဆောင်သွား ဖို့နဲ့ ပန်းခြံတွေမှာ စီးပွားဖြစ်လုပ်ငန်းတွေ၊ စီးပွားဖြစ်အဆောက်
အအုံတွေ တည်ဆောက် မှုတွေ နည်းပါးလာအောင် ဆောင်ရွက်ခြင်း တွေနဲ့ လိုအပ်နေသေးတဲ့
အများပိုင်နေရာ တွေကို ဖန်တီးရယူဖို့ လုပ်ဆောင်နိုင်တယ်လို့ YHT က ပြောပါတယ်။
အစိမ်းရောင်မြို့တော်ဖြစ်ဖို့၊ စိမ်းလန်းတဲ့ အများပိုင်လမ်းမတွေ ရှိလာဖို့
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် က ရန်ကုန်မြို့ကို စနစ်ကျပြီး မြို့အင်္ဂါရပ်နဲ့ ညီတဲ့
မြို့တော်တစ်ခုဖြစ်အောင် ဆောင်ရွက် သွားမယ်လို့ သတင်းမီဒီယာနဲ့ တွေ့ဆုံမှုတွေ မှာ
ပြောဆိုမှုရှိသလို အစိမ်းရောင်မြို့တော် ဖြစ်အောင်လည်း လုပ်ဆောင်သွားမယ်လို့ လည်း
ပြောဆိုမှုတွေကို မကြာခဏကြားရ ပါတယ်။
အမှန်တကယ်လည်း ရန်ကုန်မြို့မှာ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး
အစိမ်းရောင်သစ်ပင်တွေက သိသိသာသာ လျော့နည်းလာခဲ့ပြီး အများပြည်သူသုံးတဲ့
လမ်းမတွေဟာလည်း စိမ်းလန်းစိုပြည်မှု တွေ မရရှိတာကို လက်တွေ့ တွေ့မြင်ခံစား
နေရပါတယ်။ ရန်ကုန်မြို့ရဲ့ သာယာတဲ့မြင်ကွင်းကို မြင်နိုင်တဲ့ စိမ်းစိုနေတဲ့သစ်ပင်
အစုအဝေးတွေကို ကန်တော်ကြီး ပန်းဥယျာဉ်တစ်ဝိုက်နားမှာပဲ သိသိသာသာ
မြင်တွေ့ရပါတယ်။ စည်ပင်သာယာရေးကော်မတီက ရန်ကုန် မြို့အတွက် နှစ်စဉ်
မိုးရာသီတိုင်းမှာ သစ်ပင် ပေါင်း ခြောက်သိန်းကျော်ကို စိုက်ပျိုးပေး နေတယ်လို့
ဆိုပေမဲ့ နွေရာသီတွေမှာတော့ သစ်ပင်တွေကို ရှင်သန်အောင်ပြုစုဖို့အတွက်
၀န်ထမ်းအင်အားအခက်အခဲ၊ နည်းပညာ အခက်အခဲတွေတွေကြောင့် ရာနှုန်းပြည့်
ရှင်သန်အောင် မလုပ်ဆောင်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့ပြင် ရန်ကုန်မြို့က လမ်းမတွေ၊ လမ်း သွယ်တွေနဲ့ လူနေရပ်ကွက်တွေမှာ စိမ်းလန်း
စိုပြည်တဲ့ သစ်ပင်၊ ပန်းပင်များရှိခြင်းအားဖြင့် မြို့နေပြည်သူတွေကို စိတ်ကြည်နူးပေးနိုင်
သလို မြို့အင်္ဂါရပ်လည်း စိမ်းစိုလှပပြီး နေချင်စဖွယ် ဖြစ်လာနိုင်တယ်လို့ YHTရဲ့ မြို့ပြ
အမွေအနှစ်မဟာဗျူဟာထဲမှာ ထည့် သွင်း ရေးဆွဲထားပါတယ်။
လမ်းဘေးဈေးသည်နဲ့ မြို့အင်္ဂါရပ်
ရန်ကုန်မြို့မှာ နေ့စဉ်ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေက မြို့ရဲ့လမ်းဘေး
၀ဲယာအနှံ့အပြားမှာရှိတာမို့ လမ်းလျှောက်သွားလာဖို့ ခက်ခဲတဲ့အထိ များပြားပါတယ်။
ဈေးသည်တွေ လမ်းဘေးမှာ ဈေးရောင်းချ နေတာဟာ ပြည်သူတွေ သွားလာရမယ့်
လမ်းနဲ့ အများပိုင်နေရာတွေကို လျော့နည်းစေပါတယ်။ လမ်းဘေးဈေးသည်တွေ၊
လမ်း ဘေးဈေးတွေရှိနေခြင်းက ရန်ကုန်မြို့ရဲ့ မြို့ပြအင်္ဂါရပ် အစိတ်အပိုင်းတစ်ခုအဖြစ်
နဲ့လည်း အရေးပါနေတာကို တွေ့ရပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ လမ်းဘေးဈေး သည်တွေ လျော့နည်းလာအောင် ကိုင်တွယ်
ဖြေရှင်းတဲ့နေရာမှာ ဈေးသည်တွေရဲ့ စီးပွားရေး၊ လူမှုရေးတွေကို မထိခိုက်ဘဲ မြို့ပြ
အင်္ဂါရပ်တစ်ခုကို မပွန်းပဲ့ဘဲ သေချာစနစ်တကျဖြေရှင်းဖို့ လိုအပ်တယ်လို့ မြို့ပြပညာရှင်တွေက
ဆိုပါတယ်။
ဦးဖြိုးမင်းသိန်းလက်ထက်မှာတော့ လမ်းဘေးဈေးသည်တွေအတွက် မြို့လယ်က
ကမ်းနားလမ်းတစ်လျှောက်မှာ ညဈေးကို ဖန်းတီးပေးခဲ့လို့ ဒီစီစဉ်ဖြေရှင်းမှုဟာ လမ်း ဘေးဈေးသည်တွေအတွက်သာမကအများ ပြည်သူအတွက်လည်း အများပိုင်နေရာ
တစ်ခု တိုးလာခဲ့ရပါတယ်။ နောက်ပြီး နိုင်ငံတကာမှာ အသုံးပြုလေ့ရှိတဲ့ လမ်းဘေးဈေးသည်တွေ
စုဝေးရောင်းချ နိုင်တဲ့ ဟော်ကာစင်တာ ပုံစံမျိုးတွေကိုလည်း ဦးဖြိုးမင်းသိန်းက
သူ့ရဲ့အစိုးရသက်တမ်းမှာ တည်ဆောက်ပေးပြီး ဈေးသည်တွေကို ရောင်းချခွင့်ပေးသွားမှာမို့
ရန်ကုန်မြို့မှာ အခုထက်ပိုများတဲ့ အများပြည်သူအပန်း ဖြေနေရာတွေ ပိုတိုးလာမယ်လို့
မျှော်လင့်မိ ပါတယ်။
ရန်ကုန်မြစ်ကမ်းနားမှာ အနားယူနိုင်မလား
ရန်ကုန်မြို့မှာ အများပြည်သူအတွက် အသုံးဝင်ဆုံးဖြစ်နေပေမဲ့ အသုံးမပြုဘဲ
လစ်လပ်ထားခြင်းခံရတဲ့ နေရာတစ်ခုကတော့ ရန်ကုန်မြစ်ကမ်းနားဘေးတွေပါပဲ။
နိုင်ငံတကာက မြစ်နဘေးမှာ တည်ထားတဲ့ မြို့အများစုဟာ သူတို့ရဲ့ မြစ်ကမ်းဘေးကို
စီးပွားရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာတွေနဲ့ အများပြည်သူ အပန်းဖြေနိုင်တဲ့ နေရာတွေ
အဖြစ်နဲ့ပဲ အကျိုးရှိရှိ အသုံးချတာကို လေ့လာ တွေ့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ရဲ့
မြစ်ကမ်းဟာ မီတာ ၁,၄၀၀ ကျော်ရှည်ပေမဲ့ ယခင်က ဆိပ်ကမ်းမြို့ ကို အခြေခံပြီး
နိုင်ငံခြားကုန်တင်ဆိပ်ကမ်း များက တစ်စိတ်တစ်ပိုင်းခန့်သာ ရှိပါတယ်။ အသုံးမပြုဘဲ
ပစ်ထားတဲ့ မြစ်ကမ်း အစိတ်အပိုင်းတွေကို အများပြည်သူအတွက် နေရာ ဖြစ်လာဖို့
မြို့ပြပညာရှင်တွေက အမြဲ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီတောင်းဆိုမှုက မကြာခင်မှာ
ခပ်ရေးရေး အကောင်အထည်ပေါ်လာနိုင်ခြေကို တွေ့မြင်နေရပါတယ်။
အဲဒါကတော့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြစ် ကမ်းတစ်လျှောက်
ပိတ်ထားတဲ့ အုတ်တံတား ကို ဖွင့်ပေးပြီး အများပြည်သူ လွတ်လပ်စွာ မြစ်ကမ်းကို
မြင်တွေ့နိုင်မယ့်နေရာ ဖြစ်အောင် လုပ်ဆောင်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း
ဦးဖြိုးမင်းသိန်းက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ဒါ့ပြင် ရန်ကုန်မြို့ကမ်းနားလမ်းမှာ ဖွင့်ထားတဲ့ ညဈေးလမ်းကြီးရဲ့ ကွန်ကရစ်လမ်းရဲ့
ဟိုဘက်မှာရှိတဲ့ ဆိပ်ကမ်းအုတ် တံတိုင်းကို မကြာခင်မှာ ဖွင့်လိုက်တော့မှာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ အုတ်တံတိုင်း မဟုတ်ပေမဲ့ အကာအရံ ခြံစည်းရိုးတွေတော့ ထားပါမယ်။
ဒါပေမဲ့ လူတွေအားလုံးဟာ မြစ်ကို လှမ်းမြင်ရမယ့်အခြေအနေကို ရမှာပါ။ အဲဒီထဲမှာရှိတဲ့
ဂိုဒေါင်တွေကို ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းဖို့ ပုံသဏ္ဌာန်နဲ့ ဈေးဝယ်စင်တာတွေ၊
ဟော်ကာစင်တာတွေ မီတာ ၁,၄၀၀ ကျော် အရှည်ရှိပါတယ်။ အဲဒီတစ်ခုလုံးပြင်ဖို့
စတင်လုပ်နေပြီဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။
















