ဆောက်လုပ်ရေး လုပ်ငန်းသုံး ဓာတုဗေဒ ကုန်ပစ္စည်းထုတ် စက်ရုံ ဆောက်မည်

ဆောက်လုပ်ရေး လုပ်ငန်းသုံး ဓာတုဗေဒ ကုန်ပစ္စည်းထုတ် စက်ရုံ ဆောက်မည်

ဂျာမနီအခြေစိုက် BASF လုပ်ငန်းစုက ဆောက်လုပ်ရေးလုပ်ငန်းသုံး အရည်အသွေး မြင့်
ဓာတုဗေဒကုန်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံကို ရန်ကုန်မြို့တွင် လာမည့်နှစ်၌
တည်ဆောက်မည်ဖြစ်ကြောင်း ထိုကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် စက်ရုံတည်ဆောက် ရန် အစိုးရခွင့်ပြုချက်ရရှိရန် ဆောင်ရွက်နေဆဲသာဖြစ်ပြီး
စက်ရုံဖွင့်မည့် အချိန်ကာလ၊ နေရာနှင့် ရင်းနှီးမြှုပ်နှံမှုများကို အသေးစိတ် ထုတ်ဖော်ပြောကြားရန်
ခက်ခဲနေသေးကြောင်း အာရှပစိဖိတ် ဓာတုဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာဌာန ပြောရေးဆိုခွင့်
ရှိသူ Mr. Rita Tsang က ပြောသည်။

"အထပ်မြင့်အဆောက်အအုံတွေ၊ လမ်း တွေ၊ တံတားတွေကို ပိုပြီး ဆောက်လုပ်လာ တာနဲ့အတူ
မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး နယ်ပယ်က ပိုပြီး ခေတ်မီအဆင့်မြင့်လာပြီး အရည်အသွေးမြင့်မားတဲ့
နည်းပညာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတု ကုန် ပစ္စည်းတွေ လိုအပ်ချက်ကလည်း မြင့်မား
လာမှာဖြစ်ပါတယ်"ဟု BASF အာရှဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းဌာန
ဦးစီးဖြစ်သူ Mr. Christian Mombaur က ပြောသည်။

BASF ၀န်ဆောင်မှုရုံးခန်းကို ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး
ကွန်ကရစ်အထောက်အကူပြု ဓာတုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းစနစ်နှင့် သတ္တုတူးဖော်ရေး
လုပ်ငန်း သုံး ဓာတုပစ္စည်းများကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက
ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။ "BASF အနေနဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ ရဲရွာရေအား
လျှပ်စစ်ဆည်၊ မြင်းခြံသံမဏိ စက်ရုံ စတဲ့ အရေးပါတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေနဲ့
အခြေခံအဆောက်အအုံစီမံ ကိန်းတွေကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ကျွန်တော် တို့အနေနဲ့
ပြည်တွင်းကသာမက ကမ္ဘာအနှံ့က ရရှိခဲ့တဲ့ အတွေ့အကြံုတွေကို ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူပြုဖို့ ဆောင်ရွက် မှာပါ"ဟု ၎င်းက ပြောသည်။

BASF ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းဌာနသည် နိုင်ငံပေါင်း ၅၀ ကျော်တွင်
ထုတ်လုပ်မှုနှင့် အရောင်းဌာနများ ဖွင့်လှစ်ပြီးဖြစ်၍ ၂၀၁၅ ခုနှစ်တွင် စတာလင် ပေါင် ၂ ဒသမ
၃ ဘီလျံ ရောင်းအားရရှိခဲ့ကြောင်း ထိုကုမ္ပဏီက ထုတ်ပြန်ထားသည်။

BASF ကုမ္ပဏီသည် ဓာတုဗေဒပစ္စည်း များ၊ ပလတ်စတစ်အခြေပြု ထုတ်ကုန်များ၊ လူသုံးကုန်
ပစ္စည်းများတွင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများ၊ စိုက်ပျိုးရေးသီးနှံထွက် ကုန်သုံး ဓာတုပစ္စည်းများ၊
ရေနံနှင့် သဘာဝ ဓာတ်ငွေ့သုံး ဓာတုပစ္စည်းများ စသော ကဏ္ဍ ငါးခုကို အဓိကထား ထုတ်လုပ်လျက်
ရှိပြီး ၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီတစ်ခုလုံး၏ ထုတ်ကုန်ပစ္စည်းရောင်းအားမှာ ယူရို ရ၀ ဘီလျံကျော်ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်