ဩဘာကုမ္ပဏီက IFC ချေးငွေဖြင့် စိုက်ပျိုးရေးသုံး ဆေးဝါးထုတ်လုပ်သည့်စက်ရုံ စတင်တည်ဆောက်

ဩဘာကုမ္ပဏီက IFC ချေးငွေဖြင့် စိုက်ပျိုးရေးသုံး ဆေးဝါးထုတ်လုပ်သည့်စက်ရုံ စတင်တည်ဆောက်

မြန်မာ့ဩဘာလုပ်ငန်းစုသည် ကမ္ဘာ့ဘဏ်၏လုပ်ငန်းခွဲတစ်ခုဖြစ်သော International
Finance Corporation (IFC) ထံမှ ရရှိသည့် ချေးငွေဖြင့် စိုက်ပျိုးရေးဆေးများ ဖျော်စပ်
ထုတ်လုပ်မည့် စက်ရုံကို စတင်တည်ဆောက်နေပြီး ၂၀၁၇ ဧပြီတွင် စီမံကိန်း ပထမပိုင်း
ပြီးစီးမည်ဖြစ်ကြောင်း ကုမ္ပဏီက သတင်း ထုတ်ပြန်သည်။

အဆိုပါစက်ရုံကို မှော်ဘီမြို့ ၀ါးနက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ အစိုးရက သတ်မှတ်
ထားသော ပိုးသတ်ဆေးစက်ရုံများ တည်ဆောက်သည့် မြေဧရိယာအတွင်းရှိ မြေဧက
၇၅ ဧကပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာ့ဩဘာလုပ်ငန်းစု၊ ပီတိ ပြည့်စုံ
ကုမ္ပဏီ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးဉာဏ် လင်းဖြိုးက ပြောသည်။

"မြန်မာနိုင်ငံက စိုက်ပျိုးရေးသုံး ဆေးဝါး လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးနိုင်ဖို့
လျာထားတယ်။ ဒီစက်ရုံကနေ စိုက်ပျိုးရေးဆေးအမျိုးအစား နှစ်မျိုးဖြစ်တဲ့ အရည်နဲ့ အမှုန့်ပဲ
ထုတ်ပါမယ်။ လက်ရှိမှာ တော့ စက်ရုံကို မြေသားတူးဖော်တဲ့ လုပ်ငန်း တွေ စတင်လုပ်ဆောင်နေပါပြီ။
လာမယ့် ၂၀၁၇ ဧပြီမှာ ပထမပိုင်းကို ဆောက်လုပ် ပြီးစီးပါမယ်"ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးဆေး ဖျော်စပ်ထုတ်လုပ်မည့် စက်ရုံပထမပိုင်းကို မြေဧက သုံးဧကပေါ်တွင်
ဆောက်လုပ်မည်ဖြစ်ပြီး ယင်းပထမပိုင်းပြီးစီးပါက လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဖြစ်ပြီး
လုပ်ငန်း၏ ၄၅ ရာခိုင်နှုန်းခန့် ပြီးစီးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့ လျာထားတဲ့အတိုင်း ၂၀၁၇ ခုနှစ် ဧပြီမှာ စက်ရုံရဲ့ ပထမပိုင်းပြီးတာနဲ့ လုပ်ငန်း
စတင်လည်ပတ်မှာ ဖြစ်ပါတယ်။ စတင်လည်ပတ်တဲ့အခါမှာ စိုက်ပျိုးရေးဆေးရည် လီတာ
သုံးသန်းနဲ့ စိုက်ပျိုးရေးဆေးမှုန့် ကီလို နှစ်သန်းအထက် ထုတ်ဖို့ လျာထားပါတယ်။
စက်ရုံတစ်ခုလုံး ပြီးစီးမှာကတော့ လာမယ့် ၂၀၂၀ မှာပြီးမှာပါ" ဟု ဦးဉာဏ်လင်းဖြိုးက
ပြောသည်။

စက်ရုံတစ်ခုလုံး၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှုမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး
IFC ထံမှရရှိသည့် ချေးငွေ မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြစ်သည့် အတွက် ကုမ္ပဏီက
ကိုယ်ပိုင်စိုက်ထုတ်ငွေ ငါးသန်း အသုံးပြုရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ မှော်ဘီမြို့နယ် ၀ါးနက်ချောင်းကျေးရွာအုပ်စု အတွင်းရှိ သည့် ပိုးသတ်ဆေး
ထုတ်လုပ်နိုင်သည့် မြေဧရိယာအတွင်းတွင် ဘီအိုတီစနစ်ဖြင့် အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီနှစ်ခု
ပူးပေါင်းကာ မြန်မာ့ပိုးသတ်ဆေးထုတ်စက်ရုံကို လည်ပတ် လျက်ရှိသည်။ မြန်မာ့ဩဘာက
တည်ဆောက်လည်ပတ် မည့် စက်ရုံမှာ ယင်းစက်ရုံဘေးတွင်ရှိပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း
ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်မည်ဟု ဦးဉာဏ်လင်းဖြိုးက ပြောသည်။

"လူတွေရဲ့ထင်မြင်ချက်က ဆိုးကျိုးတွေ အရမ်းထွက်တယ်လို့ ထင်ကြပါတယ်။ စိုက်ပျိုး ရေးဆေးစက်ရုံက
နိုင်ငံတိုင်းမှာ ရှိနေတာ ပါ။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ပတ်ဝန်းကျင်ဆိုးကျိုး မရှိစေဖို့အတွက်
ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးရေးသုံးဆေးတွေ ထုတ်လုပ်တဲ့စနစ်ကို အသုံးပြုပြီး ဆိုးကျိုး
အနည်းဆုံးဖြစ်အောင် တည်ဆောက်မှာဖြစ် ပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာ့ဩဘာ၏ စိုက်ပျိုးရေးသုံးဆေး ထုတ်လုပ်သည့် စက်ရုံတည်ဆောက်မှုကို ဒေသခံအချို့က
ကန့်ကွက်မှုများ ရှိသော် လည်း ကုမ္ပဏီအနေဖြင့် လုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း
ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

"ဝေဖန်ခံရမှုတွေ ရှိတယ်။ လုပ်ငန်းကိုတော့ ဆက်လက်ဆောင်ရွက်မယ်။ ကျွန်တော် တို့က
ပွင့်ပွင့်လင်းလင်းပြောရင် မဟုတ်တာ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စုပေါင်းကော်မတီဖွဲ့မယ်။
ဒေသခံတွေ စိုးရိမ် မှုနဲ့ ပြောတာကို နားထောင်မယ်။ ဒီကော် မတီမှာ ဩဘာပါမယ်။ စက်ရုံနဲ့
နှစ်မိုင်အကွာ က လူတွေနဲ့တွေ့မယ်။ တာဝန်ရှိသူတွေ ပါမယ်။ သူတို့ပြောဆိုမှုတွေ ရှိလာတဲ့အခါ
ဖြေရှင်းပေးပါမယ်"ဟု ၎င်းက ပြောသည်။

အဆိုပါစက်ရုံ ပထမပိုင်းပြီးစီးပါက အလုပ်သမား ၁၅၀ က ၂၀၀ အထိ အသုံးပြုမည်ဖြစ်ပြီး
နောက်ဆုံးအဆင့် ပြီးစီးပါက အလုပ်သမား ၄၀၀ က ၅၀၀ ထိ လိုအပ်လာမည်ဖြစ်သည့်အတွက်
ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးလာမည်ဖြစ်ကြောင်း ကုမ္ပဏီက
သတင်း ထုတ်ပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်