ဆောက်လုပ်ရေးကဏ္ဍအပေါ် အဆိုးရွားဆုံး ရိုက်ခတ်ခဲ့တဲ့ ၂ဝ၁၆

ဆောက်လုပ်ရေးကဏ္ဍအပေါ် အဆိုးရွားဆုံး ရိုက်ခတ်ခဲ့တဲ့ ၂ဝ၁၆

 

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် ၂ဝ၁ဝ ပြည့်နှစ်ကစတင်ပြီး ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသည့်
စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းကို
လုပ်ကိုင်လာကြသည့် လုပ်ငန်းရှင်များ ပိုမိုများလာကာ တိုက်ခန်း၊ ကွန်ဒိုနှင့် အထပ်မြင့်
အဆောက်အအုံများမှာလည်း ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ထွက်ပေါ်လာခဲ့သည်။

ကန်ထရိုက်စနစ်ဖြင့်ဆောက်သည့် လုပ်ငန်းများ၊ အခန်းပေးအခန်းယူ ကြိုပွိုင့်ဆောက်သည့် လုပ်ငန်းများ၊
အဆင့်မြင့်လူနေကွန်ဒိုအထပ်မြင့်ဆောက်သည့် လုပ်ငန်းများ၊ ရုံးခန်းအဆောက်အအုံ တည်ဆောက်မှုများ၊
အစိုးရ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် တင်ဒါစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများ၊ အခြားလူနေ
တိုက်ခန်းစျေး အဆင့်မြှင့်တင်သည့် လုပ်ငန်းများ စသည်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသည်
၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်ခန့်အထိ ခေတ်ကောင်း၊ အလုပ်အကိုင်ကောင်းသည့် ကာလတစ်လျှောက်
ဖြစ်ခဲ့သည်ဟု လုပ်ငန်းရှင်များက သတ်မှတ်ကြသည်။

ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို
ဖွင့်ပေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့ပြီး
အထပ်မြင့်အဆောက်အအုံ စီမံကိန်းများ ပေါ်ထွက်လာခဲ့သည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းသည် ယခုနှစ် ၂ဝ၁၆ ခုနှစ် တစ်နှစ်လုံးတွင် အိမ်ခြံမြေစျေးကွက်
ကျဆင်းမှုနှင့်အတူ အစိုးရသစ်၏ အထပ်မြင့်အဆောက်အအုံစီမံကိန်းအားလုံးကို ပြန်လည်စိစစ်ပြီး
လုပ်ငန်းစဉ်များကို ရပ်နားစေခဲ့သည့် ညွှန်ကြားချက်များကြောင့် နာလန်မထူနိုင်သည်အထိ
လဲပြိုခဲ့ရသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောကြသည်။

''၂ဝ၁၆ ကတော့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် အင်မတန်ဆိုးတဲ့နှစ်လို့ ပြောရမှာပါပဲ။

''ဒီအစိုးရမတက်ခင်ကတည်းက အိမ်ခြံမြေတွေက အေးစက်နေခဲ့တယ်။ ဒီအစိုးရတက်လာတော့
အထပ်မြင့်အဆောက်အအုံတွေကို ရပ်ဆိုင်းခဲ့တာ ခြောက်လ၊ ခုနစ်လလောက်ကြာသွားပြီး
မနေ့တစ်နေ့ကလောက်မှ လုပ်ငန်းအားလုံး ပြန်ပွင့်သွားတဲ့ အနေအထားဆိုတော့ တစ်နှစ်လုံးက
လုပ်ငန်း မလည်ပတ်ခဲ့ရပါဘူး''ဟု ြ.ု.ွှ ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးမျိုးမြင့်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

ပြီးခဲ့သည့် မေ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိ
အထပ်မြင့်စီမံကိန်းအားလုံးကို ပြန်လည်စိစစ်မည်ဟု ညွှန်ကြားခဲ့ပြီး စီမံကိန်းများကို ရပ်တန့်စေခဲ့ခြင်းသည်
ဆောက်လုပ်ရေးကဏ္ဍအတွက် အကြီးမားဆုံးထိခိုက်မှုဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ဆောက်လုပ်ရေးကဏ္ဍအပြင် အိမ်ခြံမြေကဏ္ဍမှာလည်း နှစ်နှစ်ဆက်တိုက် အရောင်းအဝယ်လုပ်ငန်းများ
နည်းပါးခဲ့ခြင်းသည် လည်း ဆောက်လုပ်ရေးကဏ္ဍက ထွက်ပေါ်လာမည့် လူနေကွန်ဒိုတိုက်ခန်းများ
ရောင်းအားကို ကျဆင်းစေခြင်းဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းကို ထိခိုက်ခဲ့ကြောင်း ဦးမျိုးမြင့်က
ပြောသည်။

''အိမ်ခြံမြေစျေးကွက်ကလည်း အခုအစိုးရမတက်ခင်ကတည်းက အစိုးရသစ်တက်လာတော့မယ်၊
ဘယ်လိုများအပြောင်းအလဲ ဖြစ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ အေးစက်တာလည်းပါတယ်။ နောက်ပြီး
အိမ်ခြံမြေစျေးနှုန်းတွေကလည်း တစ်ချိန်တုန်းက တကယ့်ကို မြင့်တက်ခဲ့တာလည်း ပါတယ်။
တိုက်ခန်းတွေ၊ ကွန်ဒိုအခန်တွေကလည်း မရောင်းရဘူး''ဟု ၄င်းက ပြောသည်။

ထို့ပြင် ယခုတိုင်းဒေသကြီးအစိုးရက ဆောက်လုပ်ခွင့်ပါမစ်ဆိုင်ရာ မူဝါဒများကို ကိုင်တွယ်မှုတွင်လည်း
ပြန်လည်ပြင်ဆင်မည်ဟု ထုတ်ပြန်မှုများ ထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တွင်
ယခင်မူဝါဒများဖြင့်သာ ဆက်လက်အသုံးပြုသည့်အတွက် မူဝါဒမတည်ငြိမ်သည့် သက်ရောက်မှုကိုလည်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ခံခဲ့ရသည်။

''အဲဒီလိုပဲ အစိုးရက မူဝါဒတွေပြန်ပြင်မယ်ဆိုပြီး သုံးထပ်ခွဲကနေစပြီး အထပ်မြင့်ကို ဆောက်လုပ်ခွင့်
လျှောက်ထားမှုကို ရပ်ဆိုင်းခံရတာ ပြီးခဲ့တဲ့လကမှ ပြန်ပွင့်သွားတယ်။ အဲဒီတော့ ထိပ်ဆုံးပါမစ်တင်တဲ့
နေရာကစပြီးရပ်သွားတော့၊ ကျန်တဲ့အပိုင်းတွေအားလုံး ရပ်သွားတော့ ဘယ်လုပ်ငန်းမဆို လည်ပတ်နေမှ
အဆင်ပြေတာကိုး။ ပြန်ဖွင့်ပေးတဲ့အချိန်မှ နောက်ထပ် ပါမစ်တင်ရင်လည်း နှစ်လကနေ ခြောက်လ
အထိကြာဦးမယ်။ ဒီနှစ်က ဆောက်လုပ်ရေးလုပ်ငန်းအတွက် တော်တော်လေးကို ဆိုးဝါးပါတယ်'' ဟု
ဦးမျိုးမြင့်က ပြောသည်။

၂ဝ၁၆ နှစ်ကုန်ခါနီးတွင်လည်း မြန်မာငွေဖောင်းပွပြီး အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်မှု
များကြောင့်လည်း လအတန်ကြာရပ်နားထားရာမှ ပြန်လည်ထူထောင်ရန် ပြင်ဆင်နေသည့် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအတွက် အခက်အခဲတစ်ခုအဖြစ် ထပ်မံရင်ဆိုင်ရကြောင်း ၄င်းက ပြောသည်။

''ဒီနှစ်ကုန်ခါနီးမှာ ငွေစျေး မတရားဖောင်းပွပြီး ဒေါ်လာစျေးတက်လာကြတော့ တင်ဒါလုပ်တဲ့
လုပ်ငန်းရှင်တွေက အင်မတန်အန္တရာယ်များပါတယ်။ တင်ဒါနဲ့လုပ်တဲ့ လုပ်ငန်းရှင်တွေအတွက်က
ပစ္စည်းစျေးတက်ရင် ငွေထပ်တောင်းလို့ မရဘူး။ အဲဒါကြောင့် ငွေစျေးမြင့်တက်တာကလည်း ရိုးရိုး
ဆောက်လုပ်ရေးလုပ်ငန်းရှင်ရော၊ ကန်ထရိုက်တွေရော နှစ်ပိုင်းစလုံး ထိခိုက်တဲ့အတွက် ဆောက်လုပ်ရေး
လုပ်ငန်းတစ်ခုလုံးအတွက် အထိခိုက်ဆုံး နှစ်တစ်နှစ်ပေါ့''ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ၂ဝ၁၆ ခုနှစ်၏ ဆောက်လုပ်ရေးလုပ်ငန်းသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက စျေးကွက်အတွင်း
လုပ်ငန်းလည်ပတ်နိုင်မှုမှာ ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်ရှိ အထပ်မြင့် အဆောက်အအုံများကို ယခုနှစ်ဆန်းက တွေ့မြင်ရစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)

ထို့ပြင် ဆောက်လုပ်ရေးလောကတွင် ၂ဝ၁ဝ ခုနှစ်ခန့်က စတင်သည့် ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်း
ဆောက်လုပ်သည့် လုပ်ငန်းများ အလွန်ကောင်းမွန်ခဲ့သည်။ သို့သော် ယင်းကြိုပွိုင့်စနစ်မှာလည်း
ယခု ၂ဝ၁၆ ခုနှစ်တွင် လုပ်ငန်းမကောင်းတော့ဘဲ စျေးကွက်ပျက်ခဲ့ကြောင်း အာရှဆောက်လုပ်ရေး
ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''၂ဝ၁ဝ ပြည့်နှစ်လောက်ကစပြီး ဆောက်လုပ်ရေးလုပ်ငန်းလောကမှာ ကြိုပွိုင့်တွေက အားကောင်းခဲ့တယ်။
ကန်ထရိုက်လုပ်ငန်းရှင်တွေနဲ့ မြေရှင်တွေပေါင်းပြီး ကြိုပွိုင့်တွေ တော်တော်များများ ဆောက်ကြတယ်။
ဒါပေမဲ့ အဲဒီလို ကြိုပွိုင့်ဆောက်တဲ့ စျေးကွက်က အိမ်ခြံမြေစျေးကွက် မကောင်းတာနဲ့ စည်ပင်ရဲ့
မူဝါဒတင်းကျပ်မှုတွေကြောင့် စျေးကွက်ပျက်သွားပြီး ဆောက်မယ့်သူကမရှိသလောက်ကို
ရှားသွားတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသည် ယခင်က အရောင်းအဝယ်များနှင့်
လုပ်ငန်းလည်ပတ်မှု ကောင်းမွန်ခဲ့သည့် တစ်လျှောက်တွင် လုပ်ငန်းအတွင်း ငွေစီးဆင်းမှုမှာ
ငွေမည်းစီးဆင်းမှုက ပိုများခဲ့ကြောင်း၊ ယခု အစိုးရအပြောင်းအလဲတွင် ယင်းငွေမည်းစီးဆင်းမှုသည်
ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍသို့ ဝင်မရောက်လာသည့် အချက်မှာလည်း လုပ်ငန်းကျဆင်းခြင်း
အချက်တစ်ချက်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''အရင်တုန်းက ငွေမည်းကိုင်ဆောင်တဲ့သူတွေ ဆောက်လုပ်ရေးတို့၊ အိမ်ခြံမြေတို့မှာ ရင်းနှီးမြှုပ်နှံပြီး
ငွေဖြူဖော်ကြတယ်။ သူတို့ရင်းနှီးမြှုပ်နှံမှု အားကောင်းတာကြောင့်လည်း လုပ်ငန်းတွေက လည်ပတ်မှု
ကောင်းခဲ့တယ်။ ဒါပေမဲ့ ဒီဘက်အစိုးရ အပြောင်းအလဲမှာ အပြောင်းအလဲတွေရှိလာတော့ သူတို့ရဲ့
ရင်းနှီးမြှုပ်နှံမှုက တခြား ငွေအမြန်ပေါ်မယ့်ဆီကို ပြောင်းကြတော့ ဆောက်လုပ်ရေးနဲ့အိမ်ခြံမြေ
လုပ်ငန်းက ဒီ ၂ဝ၁၆ တစ်နှစ်လုံးလုပ်ငန်းတွေ တော်တော်ကို နှေးကွေးကုန်တယ်''ဟု ၄င်းက
ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လုပ်ငန်းများကို အထပ်မြင့်စိစစ်မှုဖြင့် ဆောက်လက်စနှင့်
မူအားဖြင့် ပါမစ်ရရှိထားသည့် လုပ်ငန်းအားလုံးမှာ ရပ်နားထားရသည့်အတွက် လုပ်ငန်းရှင်များ
အနေဖြင့် ငွေကြေးဆုံးရှုံးနစ်နာမှုများရှိသောကြောင့် လုပ်ငန်း ပြန်လည်ဦးမော့ရန် ငွေအရင်းအနှီး
စိုက်ထုတ်မည့် ဘဏ်ချေးငွေများ လိုအပ်ကြောင်း ဦးရန်အောင်က ပြောသည်။

''ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်ဦးမော့ဖို့ အတိုးနှုန်းနည်းနဲ့ ချေးငွေတွေ အခုထက်ပိုပြီးပေးနိုင်မယ့်
ဘဏ်စနစ်တွေ ကောင်းဖို့လိုပါတယ်။ လုပ်ငန်းရှင်တွေအတွက်တင်မကဘဲ ဒီဆောက်လုပ်ရေး
လုပ်ငန်းတွေက ထွက်လာမယ့်အခန်းတွေကို ဝယ်မယ့်ပြည်သူတွေအတွက်လည်း ဝယ်နိုင်အောင်
ဘဏ်တွေက အရစ်ကျနှစ်ရှည်ချေးငွေပေးနိုင်ရင် ပုံမှန်လည်ပတ်ဖို့ ပြန်မျှော်လင့်မိပါတယ်''ဟု ၄င်းက
ပြောသည်။

သို့သော် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများမှာလည်း ကြိုးနီစနစ်များလွန်းသည့်အတွက် ချေးငွေဖြင့်
ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်ရန်မှာ ခက်ခဲဦးမည်ဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၇ တွင်လည်း
ဆောက်လုပ်ရေးလုပ်ငန်းသည် ဆက်လက်အားနည်းနေဦးမည့် အခြေအနေရှိကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။

''၂ဝ၁၇ ကိုလည်း အားနည်းတဲ့အပိုင်းပဲ မြင်တယ်။ ၂ဝ၁၇ က ဘယ်သူမှ နောက်ထပ်အသစ်လုပ်ဖို့အတွက်
ချင့်ချိန်ကြတာပေါ့။ မလုပ်သလောက်ဖြစ်နေတယ်။ သင့်တင်ရုံလောက်တော့ ရှိမှပေါ့။ နောက်ထပ်အသစ်က
လုပ်ရဲဖို့ တွန့်ဆုတ်နေတဲ့ အနေအထားတွေ ရှိတယ်။ ၂ဝ၁၇ လည်း အခြေအနေမကောင်းနိုင်ဘူး''ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် ထောက်ပံ့မှုဖြစ်စေမည့် ဆောက်လုပ်ရေးဆိုင်ရာ
ဥပဒေများဖြစ်သည့် စုပေါင်းအဆောက်အအုံဆိုင်ရာ နည်းဥပဒေ (ကွန်ဒိုဥပဒေ)၊ ရန်ကုန်မြို့ရှိ
အထပ်မြင့်အဆောက်အအုံများအတွက် စည်းမျဉ်းသတ်မှတ်သည့် မြို့မြေအသုံးချမှုဇုန် စသည့်
ဥပဒေများလည်း အမြန်ဆုံးထွက်ပေါ်သင့်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

''ကွန်ဒိုဥပဒေကလည်း နည်းဥပဒေထွက်ဖို့ ကျန်နေသေးတယ်။ နည်းဥပဒေထွက်မှ အသက်ဝင်မှာကို။
အဲဒါမှ နိုင်ငံခြားသားတွေ ဝင်လာတဲ့အခါ ဒီကွန်ဒိုဥပဒေ ထိုက်သင့်သလောက် လုပ်ငန်းကို အထောက်အပံ့
ပေးနိုင်မယ်။ မြို့မြေအသုံးချမှုဇုန်ကလည်း တကယ်ထွက်လာရင်တော့ တကယ်အလုပ်လုပ်နေတဲ့သူနဲ့
ပညာရှင်နဲ့ပေါင်းလုပ်ရင် ရေရှည်တည်တံမယ့် ဥပဒေဖြစ်တဲ့အတွက် အမြန်ထွက်သင့်ပါတယ်''ဟု
ဦးမျိုးမြင့်က ပြောသည်။

ထို့ပြင် ယခုဒီဇင်ဘာလ အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၄င်းတို့အနေဖြင့် အစိုးရ
ဆောက်လုပ်ရေးစီမံကိန်းများဖြစ်သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများတည်ဆောက်ခြင်း၊
မြို့သစ်စီမံကိန်းများနှင့် အခြားဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောက်လုပ်ရေးလုပ်ငန်းများကို တင်ဒါများ
ခေါ်ကာ ပူးပေါင်းလုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့မှုများအပေါ်
လုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိကြပြီး ပူးပေါင်းလုပ်ကိုင်ချင်ကြောင်း သိရသည်။

''အစိုးရက သူ့လုပ်ငန်းတွေကို ပူးပေါင်းလုပ်ကိုင်ဖို့ ဖိတ်ခေါ်ရင်တော့ ကျွန်တော်တို့အတွက်
သတင်းကောင်းပါပဲ။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အလုပ်ရတာပေါ့။ အခုလို လုပ်ငန်းတွေ
နှေးကွေးနေတဲ့အချိန်မှာ အစိုးရနဲ့ပူးပေါင်းပြီး လုပ်ကိုင်ခွင့်ရမယ်ဆိုလည်း ကောင်းပါတယ်'' ဟု
ထွန်းဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးလားဇယ်က ပြီးခဲ့သည့် ရက်သတ္တပတ်များက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းအပြင် အိမ်ခြံမြေလုပ်ငန်းမှာလည်း ၂ဝ၁၆ ခုနှစ်၏ နှစ်လယ်ပိုင်းထိ
အရောင်းအဝယ် အလွန်နည်းပါးခဲ့ရာ ယခုနှစ်ကုန်ခါနီးတွင် အရောင်းအဝယ် ပြန်သွက်လာကြောင်း
စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်က ဦးစိုင်းခွန်နောင်က ပြောသည်။

''၂ဝ၁၆ က အိမ်ခြံမြေလုပ်ငန်းတွေအတွက် လုပ်ငန်းပါးတဲ့နှစ်၊ ဘာကြောင့်လဲဆိုတော့ ရောင်းအားနဲ့
ဝယ်အားမမျှလို့ပါ။ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေကြောင့် ဒီနှစ်မှာ ဝယ်လက်နည်းသွားခဲ့တယ်။
ဒါပေမဲ့ အခုနှစ်ကုန်ပိုင်းမှာတော့ အရောင်းအဝယ်လေးတွေ ပြန်ဖြစ်လာပါတယ်''ဟု ၄င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်