ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင်
ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့သည့် ၎င်းတို့၏ မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ ၏ အကျဉ်းချုပ်
အစီရင်ခံစာအသစ်ကို ပြီးခဲ့သည့်လက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လွှဲပြောင်း
ပေးအပ်ခဲ့သည့်အတွက် လက်ခံရယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ လမ်းပန်း
ဆက်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
"ဂျိုက်ကာက သူတို့ ၂၀၁၂ ခုနှစ်လောက်က ရေးခဲ့တဲ့ မြို့ပြစီမံကိန်း ၂၀၄၀ ကို ပြန်ပြင်ဆင်တာ
အခု အဲဒါရဲ့ အစီအရင်ခံစာအသစ် ထုတ်ထားပါတယ်။ သူတို့လိုပဲ တခြားနိုင်ငံတွေကလည်း
မြို့ပြစီမံကိန်းကို ရေးဆွဲပေးနေပါတယ်။ အဲဒါတွေ အားလုံးထွက်လာပြီးမှ တိုင်းဒေသကြီးအစိုးရက
ဆုံးဖြတ်မှာပါ"ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးအစိုးရအနေဖြင့် ဂျိုက်ကာ မှတင်ပြသည့် ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့်
မြို့ပြစီမံကိန်း၏ အကျဉ်းချုပ် အစီရင်ခံစာအသစ်ကို လက်ခံထားရှိပြီး ဖြစ်သော်လည်း
တိုင်းဒေသကြီးအစိုးရမှ အဆိုပါ အစီရင်ခံစာတွင်ပါရှိသည့် စီမံကိန်းများအတိုင်း လုပ်ဆောင်သွားမည်
မဟုတ်သေးကြောင်း ၎င်းက ပြောသည်။
"ကျွန်မတို့ ဒီအစီရင်ခံစာကို လက်ခံထားပါတယ်။ ဒါပေမဲ့ လက်ခံထားတယ်ဆိုတာ သူတို့ ရေးဆွဲထား၊
တင်ပြထားတဲ့အတိုင်း လုပ်မယ့်သဘော မဟုတ်ပါဘူး။ အစိုးရအဖွဲ့က ဒါကို ကြည့်ဦးမှာပါ၊ ပြီးရင်
တခြားနိုင်ငံအဖွဲ့့အစည်းတွေက တင်ပြတာတွေကိုလည်း ကြည့်ပြီး အဲဒီထဲက မြို့ပြစီမံကိန်းတွေကို
တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်သွားမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဂျိုက်ကာအဖွဲ့အစည်း၏ အကျဉ်းချုပ် အစီရင်ခံစာတွင် ဆွဲဆောင်မှုရှိပြီး နိုင်ငံတကာဆိပ်ကမ်း အပါအဝင်
ကုန်ပစ္စည်းသယ်ယူပို့ဆောင်ဖြန့်ဖြူးမှု ဗဟိုဌာနအဖြစ် လည်းကောင်း၊ ငြိမ်းချမ်းသော အပြာရောင်၊
စိမ်းလန်းသော အစိမ်းရောင်နှင့် ရွှေရောင် မြို့တော်အဖြစ်လည်းကောင်း ရန်ကုန်မြို့ အား
တည်ဆောက်နိုင်ရေးအတွက် ၂၀၄၀ ရန်ကုန်မြို့ ဖွံ့ဖြိုးရေး အနာဂတ်ရည်မှန်းချက်အား
အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ဂျိုက်ကာ က ဒီဇင်ဘာလနောက်ဆုံးပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အနာဂတ်ရည်မှန်းချက်ကို ပြည့်မီစေရေးအတွက် မဟာဗျူဟာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအရ
၂၀၂၀ ပြည့်နှစ် မတိုင်မီတွင် ဦးစားပေးစီမံကိန်း ၄၁ ခုကို စတင်ရန်လည်း အဆိုပြုခဲ့သည်။
ရန်ကုန်မြို့တော် ဘက်စုံမြို့ပြ သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှုစီမံကိန်းတွင် ၂၀၄၀ ခုနှစ်အရောက်၌
အများပြည်သူအတွက် အရေးတကြီးလိုအပ်နေသော သွားလာရေးနှင့် ပို့ဆောင်ရေးလိုအပ်ချက်များ
ဖြည့်ဆည်းနိုင်ရေးအပြင် နိုင်ငံတကာနှင့် ပြည်တွင်း တိုးတက်ဖွံ့ဖြိုးမှု အချက်အခြာ ဗဟိုဌာနအဖြစ်
ရပ်တည်နိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး
တိုးတက်ရေးကို အဓိကရည်မှန်းချက်အဖြစ် ချမှတ်ထားကြောင်း သိရသည်။
JICA ၏ ထုတ်ပြန်မှုတွင် မဟာဗျူဟာ လုပ်ငန်းစဉ်အရ စုစုပေါင်း စီမံကိန်း ၉၆ ခုကို အဆိုပြုခဲ့ပြီး
၎င်းတို့တွင် ခရီးသည် ဘတ်စ်ကားများ ခေတ်မီရေး၊ လမ်းပိတ်ဆို့မှုနှင့် လမ်းအသုံးပြုရာ၌ ဘေးကင်း
လုံခြံုမှု စီမံခန့်ခွဲရေး၊ ရုံး၊ အိမ်၊ ဈေး စသည်တို့အနီး အရည်အသွေးမြင့် အများပြည်သူ
သယ်ယူပို့ဆောင်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေး
အာဏာပိုင်အဖွဲ့အစည်း ခိုင်မာအားကောင်းရေး စသည့် စီမံကိန်းများ ပါ၀င်ပါသည်ဟု
ဖော်ပြထားသည်။
အပြီးသတ်အစီရင်ခံစာတွင် ကာလတိုစီမံကိန်း(၂၀၂၀ အထိ)၊ ကာလလတ်စီမံကိန်း(၂၀၂၅ အထိ)နှင့်
ကာလရှည်စီမံကိန်း(၂၀၃၅ အထိ) တို့ ပါ၀င်ကာ ဦးစားပေးစီမံကိန်းများကိုလည်း အဆိုပြုထည့်သွင်း
ဖော်ပြထားပါသည်။
မြန်မာနိုင်ငံအစိုးရက မာစတာစီမံကိန်းများကို အတည်ပြုပြီးပါက မြန်မာနိုင်ငံနှင့်
ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများအတွက် အကျိုးကျေးဇူး အများစုဖြစ်ထွန်းစေမည့်
ဦးစားပေး စီမံကိန်းများကို JICA စီမံချက် အများအပြားဖြင့် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း
ဂျိုက်ကာက သတင်းထုတ်ပြန်ခဲ့သည်။















